Sunday, November 13, 2022

အဘိုးနှင့်ငွေရောင်အဇ္ဈတ္တ


အဘိုးသည် နွားစားကျက်ကွင်းပြင်တလျှောက်မျှော်ရီငေးနေသည်။အဘိုးငေးနေသည်မှာမည်မျှကြာပြီမသိ။ အဘိုး၏မြင်ကွင်းရှေ့ရှိ အဘိုးပိုင်နွားများပင်တစ်ကောင်စ နှစ်ကောင်စနှင့် စားကျက်ကွင်းနှင့်ဝေးရာသို့ ထွက်သွားနေသည်။ခါတိုင်းလိုအဘိုးသည်သူ့နွားများနောက်တစ်ကောက်ကောက်လိုက်ပြီးငေါက်ငမ်းမနေတော့ပေ။ အရိပ်ကောင်းသော မန်ကျန်းပင်ကြီးအောက်တွင်ထိုင်ရင်း ပအိုဝ့်လွယ်အိတ်လေးထဲက ပတ္တမြားဆေးပေါလိပ်ကိုသာ သွင်သွင် ကြီးဖွာသည်။ အနားတွင်မူနဂိုကဖြူဆွတ်နေလိမ့်မည်ဟု ထင်ရသောရေသန့်ဘူး ညိုညစ်ညစ်ထဲက အရည်တွေကိုလည်း တစ်ငုံပြီးတစ်ငုံသာ သောက်နေသည်။မကြာမီထိုရေသန့်ဗူးထဲကအရည်တွေကုန်တော့မည်။အဘိုးသည်ခုမှသက်ရှိ လူတစ်ယောက်နယ်လူးလွန့်လာသည်။ အနောက်ဘက်မိုးကုတ်စက်ဝိုင်းအတွင်းနေလုံးသည် တိုးဝင်ပျောက်ကွယ်တော့မည် ဆိုသည့်အသိကြောင့်ခုမှ နွားများကို ပြန်ကောက်ရန် အဘိုးစဉ်းစားသလား။ လေးဖင့်နေသော လှုပ်ရှားမှုများနှင့် အဘိုးသည်စားကျက်ကွင်းကိုကျော်ဖြတ်လျှက်သူ့နွားများကိုရှာသည်။သို့နှင့် ရွာအဝင်မြေနီနီလမ်းသို့အဘိုးပြန်လည်ခြေဦးတည်သည့်အခါနေသည်ပျောက်ကွယ်သွားလေသည်။
(၁)
ငွေဒင်္ဂ ါးပြားများကိုရေတွက်နေစဉ်အိမ်အောက်ထပ်ကခြေသံကြားသဖြင့်ကတ္တီပါအိတ်ချုံ့လေးကိုလစ်ခနဲပြန်ချည်ကာ ကျွန်းသေတ္တာထဲသို့ မြန်မြန်လေးပြန်ထည့်လိုက်သည်။ဖယောင်းတိုင်မီးရောင်သည်အမှောင်ထု အားကြီးသော လမိုက်ညတွင်ထင်တိုင်းမပေါက်။အဘိုးကဒူးနှစ်ဖက်ကိုကိုင်ပြီးကုန်းထတော့ခြေသံသည်အိမ်တံခါးမကြီး ရှေ့တွင်ရပ်သည်။
“ဘယ်သူလဲ“
ခြေသံရှင်သည်အသံမပေး။ ထိတ်ခနဲဖြစ်သွားသောအဘိုး၏ စိတ်သည်ဓါးရှည်ကိုလမ်းဆွဲကိုင်လိုက်သည်။ဖယောင်းတိုင်မီးကို ဟုတ်ခနဲမှုတ်ငြိမ်းလိုက်ပြီးခြေသံဖွဖွဖြင့်တံခါးမကြီးနားတိုးကပ်သွားသည်။ယခုအချိန် အထိခြေသံရှင်သည်အသံမပေးသေး။ မှောင်မည်းတိတ်ဆိတ်နေသောအဘိုး၏ အိမ်တွင်သူစိမ်းလူတစ်ယောက်ရောက်နေသည်။ထို့အတူအဘိုးလည်း မည်သူမည်ဝါနည်းဆိုခြင်းထက် အန္တရယ်လော၊ သူခိုးဓါးပြလေလောနှင့် တံခါးဆီသို့ ဖြည်းဖြည်းချင်းရွေ့လျားလျက်ရှိသည်။အဘိုးတံခါးရှေ့သို့ရောက်ပြီ။ သည်တွင်အနံ့တစ်မျိုးသည်အဘိုးနှာခေါင်းဝသို့ ရောက်ရှိလာသည်။ချွေးနံ့။ဟုတ်သည်ထိုချွေးနံ့ကိုအဘိုးမှတ်မိသည်။သို့ဆိုလျှင်တံခါးရှေ့တွင်အသံမပေးဘဲ ရပ်နေသူသည်။လျှင်မြန် စွာဖြင့်တံခါးချက်ကိုဆွဲချလိုက်တော့အမှောင်ထဲတွင်ထီးထီးကြီး ရပ်နေသောလူတစ်ယောက်။အရပ်အမောင်း ကောင်းကောင်းနှင့် အဘိုးကပင်မော့ကြည့်လိုက်ရပြီ။
“ဘဦး…ဘဦးလား“
အဘိုး၏ အသံများလှိုက်တုန်နေသည်။ ပြန်လာပြီပေါ့။အဘိုးကတံခါးဖွင့်ပြီးသည်နှင့်အိတ်ကပ်ထဲက ဂတ်စ်မီးခြစ်လေးကို ထုတ်ခြစ်လိုက်ပြီး စောစောကဖယောင်းတိုင်ရှိရာကို ပြန်လာသည်။ ပြီးမီးညှိလိုက်သည်။ အလင်းသည်ခဏချင်းပင်ထိန်လာသည်။အဘိုးကနောက်ဘက်သို့လှည့်မကြည်။
တစ်လှမ်းချင်း ဝင်လာသော ခြေလှမ်းများသည်တစ်ချိန်တုန်းကလိုအသံလုံနေပြန်သည်။ထို့အတူအဘိုးနှင့် ထိုလူသည် လည်းမည်သည့်စကားမှမပြောပါဘဲအသံတွေတိတ်ဆိတ်နေခဲ့သည်။အဘိုး လက်တွေက မလှမ်းမကမ်းမှာ ရှိနေသော ရေသန့်ဗူးဟောင်းတစ်လုံးကိုလှမ်းဆွဲပြီး
“ရော့ခေါင်။အမြည်းတော့မရှိဘူး။“
သံပြတ်ဖြင့်လိုရင်းတိုရှင်းစကားကိုအဘိုးပြောတော့ထိုလူမော့ကြည့်သည်။မည်သည့်စကားမျှမပြော။ ခေါင်ဗူးကို မော့သည်။ ပြီးတော့ပါးစပ်ကိုလက်ဖမိုးနှင့် ဘယ်ပြန်ညာပြန်သုတ်သည်။ ပြီးသက်ပြင်းရှည်ကိုချသည်။
အဘိုးက ဆေးပေါလိပ် တစ်လိပ်ကမ်းပေးသဖြင့်ထိုလူလှမ်းယူကဖယောင်းတိုင်မီးနှင့် မီးညှိသည်။တစ်ချက်ရှိုက်ပြီး မီးခိုးငွေ့တွေက မှုတ်ထုတ်လိုက်တော့ခေါင်မိုးကိုလွန်ပြီး ကြယ်များကိုမြင်လိုက်ရ၏။ နောက်ဟိုကြည့်သည့်ကြည့်ပြန်တော့အဘိုး၏ အိမ်ခေါင်မိုးသည် ကြယ်များနှင့် လှနေသည်လားထိုလူ ဝေခွဲရခက်နေပါလိမ့်မည်။သို့သော်မှောင်မြဲ မှောင်နေသော လမိုက်ညကတော့တိတ်ဆိတ်မြဲ။
(၂)
နံနက်ခင်းစောစောတွင်ပင် နွားများတဘူဘူတဘော်ဘော်နှင့်အော်ဟစ်နေချေပြီ။ ကြက်တွန်သံဖြင့် မလင်းသော နံနက်ခင်းများတွင် နွားအော်သံဖြင့်အဘိုးနိုးတတ်နေခဲ့ပြီ။ အိပ်ယာထ မျက်နာသစ်ပြီး မီးမွေးရေနွေအိုးတည်လိုက်သည်။မီးခိုးတလူလူသည်ထရံပေါက်များမှတဆင့်အူထသွားသည်။ခုတော့အဘိုးကိုယ်တိုင်ရေနွေးအိုးတည်နေရချေပြီ။ သည်လိုဆိုတော့အဘွားကြီးကိုသတိရသည်။အဘွားကြီးကအဘိုးမထခင်ရေနွေးအိုးတည်ထမင်းချက်ပြီးမှအဘိုးကိုနိုးတတ်သည်။ ပြီးတော့ငရုပ်သီးထောင်းလေးဗူးရွက်ကြော်လေးနှင့် ထမင်းပွဲပြင်ဆင်ပေးသည်။ ပြီးသည်နှင့်အဘိုးကခေါင်ဗူးလေးဆွဲပြီး နွားတသိုက်နှင့်စားကျက်ရှိရာထွက်ခွာနေကျ။ခုအဘွားကြီးမရှိ။
“အဖေ“
အဖေတဲ့။အဘိုးရင်ထဲတစ်မျိုးကြီးဖြစ်သွားသည်။ထိုကဲ့သို့သောခေါ်သံသည် ဝေးသွားခဲ့ပြီမဟုတ်လား။ ရာသီကို လက်ချိုး ရေတွက်မလား၊နာရီကိုရေတွက်မလားအဘိုးမမှတ်မိတော့။
“ဘာပြောစရာရှိလို့လဲဘဦး“
အဘိုးနောက်သို့လှည့်မကြည့်ပေ။ စကားသံများယခင်အတိုင်းပဲမာဆတ်ဆတ်ဖြစ်နေပါလိမ့်မည်။မာလက်စနှင့် ဆက်၍မာနိုင်အောင်အဘိုးကြိုးစားသည်။
“အဖေတစ်ယောက်တည်းနေတာလား“
အဘိုးခုမှနောက်လှည့်ပြုံးသည်။ဘယ်နှစ်ယောက်မြင်နေလို့လဲ ဘဦး ဟုမမေး။ အဘိုးအိမ်လေးထဲက အခင်းအကျင်း အပြင်အဆင်က ခုမနက်မှာ လင်းရှင်းစွာမြင်နေခဲ့ပြီး မဟုတ်လားဟုလည်းမမေး။ ဖြေစရာမလိုလောက်အောင်အဘိုး၏ အဖြစ်ကို အဘိုးအိမ်ကပြောပြနေခဲ့ပြီးသား။ သို့သော်လည်းဘဦးမေးလာတော့ဖြေရမည်ပေါ့။
“မွေးကတည်းက တစ်ယောက်တည်းဆိုတာမေ့မေ့နေတတ်ကြတာ ငါအပါအဝင်ပဲကွ ။ ခုတော့ငါသိသွားပြီ“
ပြတ်သည်။
အဘိုးယူ စရာရှိသည်များကို လွယ်အိတ်ထဲ ကောက်ထည့်လိုက်သည်။အဓိကခေါင်ဗူးနှင့် ဆေးပေါလိပ်ပါဖို့လိုသည်။အိမ်ပေါ်ကဆင်းပြီး နွားခြံကိုဖွင့်ပေးလိုက်တော့ နွားများကသူတို့တွေဘယ်ကိုသွားရမည်ဆိုသည်ကိုသိ၍လားဘူဘော်နှင့် တိုးဝှေ့ ထွက်ကုန်ကြသည်။အိမ်ကလေးပေါ်မှာကျန်ရစ်ခဲ့သောဘဦးဆိုသူကိုမူအဘိုးသည်နုတ်ပင်ဆက်မလာခဲ့။နံနက်စာ ဆိုတာကိုလည်း ပြင်ဆင်မပေးခဲ့။ လက်ခြေပါနေသော လူတစ်ယောက်ဖြစ်သည်မို့ တစ်ဝမ်းတစ်ခါးအတွက်တော့ ခြံထဲဆင်း ဟိုအရွက်သည်အညွှန့်ခူးရုံနှင့် ဗိုက်ဖြည့်တတ်ပါလိမ့်မည်။သည်သို့မှမလုပ်လျှင်ငတ်ရုံသည် သာရှိသည်ကိုလည်း သိမည်ထင်၏။
ရွာထိပ်အရောက်အကြော်ဆိုင်မှာကောက်ညှင်းပေါင်းနှင့် အကြော်ဝယ်လိုက်သည်။ ပြီးတော့လွယ်အိတ်ထဲအထည့်ကတ္တီပါအိတ်ချုံလေးကို စမ်းရသေးသည်။မနေ့ညကအပြီးအထ ငွေဒင်္ဂါးတွေကိုမရေတွက်ခဲ့ရ။ ဘဦးအိမ်သို့ ပြန်ရောက်လာသည့်အကြောင်းကမည်သည့်အကြောင်းလဲ မသိရသော်လည်းအဘွားကြီးရင်မတုန်အောင်အဘိုးထုပ်ပိုး လာခဲ့ရပြီမဟုတ်လား။
(၃)
မိုးသည်းသည်း မည်းမည်းရွာသောတစ်ရက်တွင်အဘိုး ရွာအဝင်နောက်ကျသည်။ နွားများပျောက်နေသဖြင့် ရှာရင်းဖွေရင်းပင်မိုးမိခဲ့ရသည်။သည်ကနေ့မိုးသည်မိုးရေပိုပါသဖြင့်အဘိုးတစ်ကိုယ်လုံးလည်းရွှဲရွဲစိုလျှက်ရှိသည်။အဘိုးအိမ်ကို ပြန်ရောက်ချိန်တွင် လုံးဝမှောင်သွားချိန်ဖြစ်သွားသည်။မိုးသည်မတိတ်သေး။
အိမ်အပေါ်ထပ်သို့တက်လာ ချိန်တွင်စိတ်ပျက်ဖွယ်မြင်ကွင်းက အဘိုးကိုဆီးကြိုသည်။ဖယောင်းတိုင်ရှာပြီး မီးအရင်ထွန်းသည်။မိုးရွာလျှင် ထိုသို့ ဖြစ်မည်ကိုသိသည်။မိုးယိုသဖြင့်ရွှဲရွှဲစိုနေသော ကြမ်းပြင်သည် ခုမိုးကြောင့်တစ်ပြေးညီစိုစွတ်ကုန်ပြီ။ အဘိုးစိတ်ထဲ မသင်္ကာသဖြင့်ဖျတ်ခနဲစောစောကမိုးစိုသည့်ကြမ်းပြင်ကိုပြန်ကြည့်သည်။
ပစ္စည်းများ ရှင်းလင်းနေသည်။မိုးယိုသည့်အခန်းထောင့်တစ်နေရာတွင်တိုလီမိုလီပစ္စည်းများစုပုံထားသည်ကိုတွေ့ရသည်။ထိုပစ္စည်းပုံနားသို့ တိုးကပ်ပြီးအဘိုး ကြည့်သည်။ထိတ်ခနဲဖြစ်သွားသောစိတ်သည် ကျွန်းသေတ္တာကိုရှာသည်။ပစ္စည်းတွေကို တစ်ခုပြီး တစ်ခုလှန်လောရှာဖွေသည့်တိုင် ကျွန်းသေတ္တာကိုမတွေ့ရ။
“ဘဦးဘဦးများ“
အဘိုးအိမ်ပေါ်ကနေက တုန်ကယင်နှင့်ဆင်းသည်။ဘဦးပြန်လာကတည်းက တစ်စုံတစ်ခုအတွက်ဆိုတာ အဘိုးသိနေသည်။ဘဦးအိမ်က ထွက်သွားချိန်အဘိုးနှင့်အဘွားကိုတစ်ချက်မှလှည့်မကြည့်ခဲ့။ဘဦး၏ မွေးစားမိဘများလက်ထဲတွင် ပြည့်စုံစွာ နေရသည့်တိုင်တစ်ခါတစ်ခါလူကြုံဖြင့်ငွေအစပစ္စည်းအဆုံးမှာတတ်သည်။ရင်မှဖြစ်တည်သော သားတစ်ယောက် အတွက်ပညာသင်စရိတ်မတတ်နိုင်သည့်တိုင်ဘဦးမှာသည့်အမှာပစ္စည်းတွေကိုတော့အဘွားကမရရအောင် ရှာဖွေပေးရှာသည်။မွေးစားမိဘကိုလည်း အကျိုးမပေးရှာသော ဘဦးက မိဘရင်းဖြစ်သော အဘိုးနှင့်အဘွားကိုလည်း ဒုက္ခတွေပေး၍အားရမှအဆက်အသွယ်ဖြတ်ချသွားသည်။ဘယ်သောင်ဘယ်ကမ်းဆိုက် မှန်းမွေးစား မိဘများမသိရှာ။
မျိုးစေ့မမှန်ပင်မသန်ဟုတွေ့တိုင်းပြောပြသောမွေးစားမိဘများကိုအားနာ၍ ဘဦးဘယ်ရောက်သွားသလဲအဘိုးမမေး။ ပညာ ကောင်းကောင်း သင်ရစေ၊ ဘဝကောင်းကောင်းနေရစေဆိုသည့်ရည်ရွယ်ချက်တွေပျောက်ကုန်သည်။အဘွားသည် ထိုစိတ်နှင့်၊အဘိုးသည်ထိုစိတ်နှင့်။အမေ၊ အဖေရယ်ဟု တိတိပပခေါ်ပြောခြင်းမခံခဲ့ရ၊ မကြားလိုက်ရ။ ခုဘဦး အိမ်ကိုပြန်လာသည့် အချိန်တွင်အဘွားသည်ဘဦး၏ ချွေးနံ့ကိုပင်မရှုရတော့။အဘိုးသည်ပင်ထိုချွေးနံ့ကို ရှူမိပြီးသံယောဇဉ် လက်ကျန်နှင့်လက်ခံထားခဲ့သည်။ခုတော့ပူလောင်ရချေပြီ။
အဘိုးခြေလှမ်းတွေမိုးရွာထဲတွင်လေးတိလေးကန်။ရွာလည်ကခေါင်ဆိုင်မှာဘဦးရှိမည်အထင်နှင့်လာခဲ့သည်။ခေါင်ဆိုင်သည်စကားလုံးများနှင့် အရှိန်ရနေပြီ။
“အဘိုးကြီး တန်ဖိုးထားတာနှစ်ခုပဲရှိမှာကွသန်းအောင်ရ။ သူ့ နွားတွေတစ်ကောင်မှမလျော့တာကိုကြည့်။အိမ်ခေါင်မိုးက ဟောင်းလောင်း၊ ထရံကအပေါက်အပြဲနဲ့။
နွားတစ်ကောင်လောက်ရောင်းလိုက်ဒါမှမဟုတ် နှစ်ကောင်လောက်ရောင်းလိုက်ကွာဘာဖြစ်မှာတုန်းကဲ။ နောက်တစ်ခုရှိ သေးတယ်။အဘိုးကြီးညညထုတ်ထုတ်ရေတွက်နေတဲ့ငွေဒင်္ဂ ါပြားတွေ။ “
“ဘဦး“
အဘိုး၏ အသံသည်တိုးပါသည်။တစ်ဆိုင်လုံးအဘိုးကိုကြည့်ပြီးဘဦးရှိရာခုံသို့ကြောင်တောင်တောင်နှင့်ကြည့်ကြသည်။သို့သော်ဘဦးကြားသည်။ခပ်တည်တည်လှည့်ကြည့်လာပြီး
“ဘာလဲအဖေ“
“ငါ့ကျွန်းသေတ္တာဘယ်မလဲ“
ဘဦးကပခုံးတွန့်လျှက်မျက်စပစ်ပြသည်။
“ဟိုမှာလေရောင်းပစ်လိုက်ပြီ။ အရက်သောက်ချင်လို့“
“ဘာကွအဲဒီအထဲမှာဘာပါသလဲမင်းသိတယ်မလား။ ခုပေး ငါ့ပစ္စည်း။ ဟေ့ကောင်ပြောနေတာကြားလား။ကြားလားလို့ငါမေးနေတယ်“
ဘဦးက အဘိုးကိုကြောင်ပြီးကြည့်သည်။အဘိုးအသားတွေတဆတ်ဆတ်တုန်နေသည်။မိုးရေကြောင့်လား၊ ဒေါသကြောင့်လား ဆိုသည်ကို အဘိုးကိုယ်တိုင်မဝေခွဲတတ်။
“ဘာမှမရှိပါဘူးအဖေသေတ္တာကအခွံကြီးဟာ။အရေးထဲအဖေကတစ်မျိုး“
“မင်းမင်းငါ့ငွေဒင်္ဂါးပြားတွေငါ့ငွေဒင်္ဂါးပြားတွေ……“
“ဟာအဘိုးဘာတွေပြောနေတာလဲ“
“ဟုတ်ပါ့အဘိုးဘာဖြစ်လာတာလဲဘယ်ကဘဦးလဲ“
“ဘဦးသေသွားတာကြာပြီပဲကွ“
“အေးလေအဘိုးကဒီလိုပဲမိုးရွာတဲ့နေတွေဆိုစိတ်ကဖောက်တတ်တယ်။သနားပါတယ်။အဘိုးမိန်းမလည်းဆုံးသွားတာဆိုတော့ တစ်ယောက်တည်းနေရင်းအထီးကျန်နေတာကြာလာတော့ထင်မိထင်ရာတွေတွေးမိတယ်ထင်ပါရဲ့ကွာ။ “
ထိုအသံကိုပဲအဘိုးကြားလိုက်ရသည်။အရိပ်တွေပြေးလွှားနေသည်ကို မြင်သည်။ အသံများ ကြားတစ်ချက် မကြား တစ်ချက်။ ဝိုးတဝါးနှင့် အဘိုးမကြားရတော့။မိုးသည်လည်းတိတ်သွားသည်။ထိုည အဘိုး၏ နွားများ တဘူဘူ အော်လွန်းသည်ဟု ရွာကတော့ပြောသည်။
(၄)
အဘိုးကိုခါတိုင်း နွားစားကျက်ကွင်းမှာပဲ အမြဲလိုလိုတွေ့နေရတတ်ပါသည်။ခါတိုင်းနှင့်ထူးခြားလာသည်ကတော့အဘိုးထပ်ခါတလဲလဲပြောလာတတ်သောစကားတွေပဲဖြစ်သည်။နေလုံးသည်အနောက်ဘက် မိုးကုတ်စက်ဝိုင်းအတွင်း ဝင်ရောက် ပျောက်ကွယ်တော့မည်။အဘိုးကသူ့နွားများကိုတဟဲ့ဟဲ့နှင့်အော်ငေါက်မောင်းလာရင်း ရွာဘက်ကို တဖြည်းဖြည်း ရောက်လာပြီ။ အဘိုးကသူ့နွားများကိုပြောဆိုလာသောစကားများကို ရွာအဝင်အထိတိုင်ပြောဆဲ။
ထိုစကားသည်
“ဒီလိုရှိတယ်အဲဒီတုန်းက ကျုပ် မိန်းမတင်တောင်းခဲ့တဲ့ငွေဒင်္ဂ ါးအချပ် (၇၀)ကို နှမြောတာ။ ခုတော့အဘွားကြီးက အဲဒီတုန်းကလို မဟုတ်တော့ဘူး။ အဲလိုမှန်းသိရင် နွားမတွေချည်း ဝယ်ခဲ့မယ်ဆိုရင် ခုချိန်မှာသားဆိုး သမီးဆိုးဒဏ်လည်း ကျုပ်ဘယ်ခံရမလဲ၊ ဟုတ်ဘူးလား“
 
သော်ဇင်(လွိုင်ကော်)

(ရွှေအမြုတေမဂ္ဂဇင်း၊ဇူလိုင်၊၂၀၁၄)

No comments:

Post a Comment

ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ

စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...