Friday, November 25, 2011

``အရွယ်လွန် ဖီလင်``



(၁)
            မနက် ၆ နာရီတိတိဆိုရင်တော့ သည်ဈေးကြီးစဖွင့်ပြီ။ နာရီကိုကြည့်မိတော့ ၆ နာရီထိုးဖို့ ၁၅ မိနစ်လောက်လိုနေသေးတယ်။ ဈေးတံခါးပေါက်နားမှာတော့ ဈေးဖွင့်ရင် သူ့ထက်ငါ အလုအယက်ဝင်နိုင်အောင် ပြည့်ညှပ်ကပ်တပ် နေရာလုလို့ပေါ့။ စက်ဘီးအပ်ရန်ဌာနမှာ စက်ဘီးလေးကိုအပ်ပြီး သူလည်းခဏတော့ရပ်စောင့်ရဦးမပေါ့။ ရပ်စောင့်သူက စောင့်၊ ထိုင်စောင့်သူက စောင့်နဲ့ လူတန်းစားစုံလှတဲ့ ဈေးသယ်တွေကိုကြည့်ရင်း သူ့လုပ်တဲ့ဆိုင်က ဟိုအပျိုကြီးများ ရောက်နှင့်နေမလားလို့ မျက်လုံးကစားကြည့်လိုက်သေးတယ်။ မနက်စောစောဆိုရင် မထချင် ထချင်နဲ့ သည်ဈေးကို သူရောက်လာရတာနေ့တိုင်းရယ်။ မထလို့လည်းမရဘူးလေ။ မနက်မနက် အချိန်မှန် အမေ့ရဲ့တရားတော်တွေကို နာရတာဟာ နားထဲကို စက်သေနတ်ပဲ ပစ်ထည့်နေသလိုလို၊ သံရည်ပူပဲလောင်းနေသလိုလို။ အမေကပြောတယ်။
``ဟဲ့ ၅နာရီခွဲတော့မယ် ထတော``့
အမေလုပ်သူက သူအလုပ်သွားဖို့ စောစောစီးစီး ဟင်းချိုင့်ထည့်ပြီးတာတောင် သူက နှပ်ကောင်းတုန်း။ ``ငါငယ်ငယ်တုန်းကနဲ့တော့ ကွာပါ့ တို့များ သူများယာခင်းလိုက်ခဲ့တုန်းက မိုးမလင်းခင်ဆိုရင် ယာတဲရောက်ပြီ သူများအလုပ်လုပ်တယ်ဆိုတာ``….စပြီး ပေါက်ပေါက်ဖောက်လိုက်တာ မျက်နှာအမြန်သစ်၊ အဆာပြေ ထမင်းကြမ်းသုံးလုပ်လောက်အမြန်သွတ်ပြီး စက်ဘီးဆွဲထွက်လာမှ နားအေးတော့တယ်။
            ဟော ဈေးဖွင့်ပြီး။ ထိုင်စောင့်နေသူတွေရော၊ ရပ်စောင့်နေသူတွေပါ လှုပ်လှုပ်ရွရွ။အဲဒီဈေးသယ်တွေ  နည်းနည်းရှင်းမှ ၀င့်မှ။ နို့မို့ဆိုရင် တိုးလိုက်တိုက်လိုက်နဲ့။နုတ်ကြမ်း၊ အာကြမ်းတဲ့ဈေးသယ်တွေက လူတောရော၊ ဘာတောရှောင်တာမဟုတ်။ အကုန်တိုက်ချသွားတာ။ သူ အလုပ်လုပ်တဲ့ဆိုင်က ဈေးလည်ခေါင်တည့်တည့် ဈေးခေါင်းရုံးရဲ့ အောက်တည့်တည့်မှာပေါ့။ ဈေးသယ်အချင်းချင်း နေရာလုစကားများရင်၊ အလေးခိုးရင်၊ ရန်ဖြစ်ရင် စတဲ့ပြဿနာတွေနဲ့ ဈေးခေါင်းရုံးပေါ် တတ်တတ်သွားတာတွေဟာ နေ့တိုင်း။ ဆိုင်ကိုတော့ သူအရင်ရောက်နှင့်ပေမယ့် ခါတိုင်း အချိန်ဆို တိကျမှ ငါကကြိုက်တာလို့ ပြောနေကြ အပျိုကြီးကတော့ အရိပ်အရောင်တောင်မမြင်ရသေးဘူး။
သူ သည်ဆိုင်ကို ၀င်ခါစကဆိုရင် အားလုံးက ၀ိုင်းစပ်စုတဲ့အကြည့်တွေနဲ့ ကြည့်ကြတာ သူသိတာပေါ့။ မိန်းမသားတွေချည့် ပဲ အရောင်းစာရေးခန့်ထားတဲ့ ကြားက ယောကျာ်းလေး အရောင်းစာရေးခန့်လိုက်တာကို ၀ိုင်းအံ့သြကြတာပါ။ အဲဒါကလည်း တစ်ခြားမဟုတ်။ ဆိုင်ပိုင်ရှင် ဦးဘနိုင်က အမေနဲ့ရင်းနှီးလေတော့ ကျောင်းမပြီးခင် အလုပ်လုပ်ဖို့ အမေစီမံခန့်ခွဲခဲ့လို့ သူ အလုပ်တစ်ခုကို အော်တိုမတ်တစ် ရသွားတာပါ။ ဆိုင်မှာတော့ အပျိုကြီးဒေါ်လေးက အခရာပါ။ ဒေါ်လေးရဲ့နာမည်အရင်းကိုတော့ ဘယ်လိုခေါ်မှန်း အရင်ရောက်နှင့်တဲ့ အရောင်းကောင်မလေးတွေတောင် မသိပါဘူး။ သူတို့လေးတွေ ဒေါ်လေးလို့ ခေါ်တာကို သူလည်းအလိုက်သင့် ဒေါ်လေးလို့သာ လွယ်လွယ်ခေါ်လိုက်တာပါ။ ဒေါ်လေးပြီးရင်တော့ ဦးဘနိုင် ဇနီး ဒေါ်နွယ်နွယ်ဘက်က သူမ တင်တင်နွယ်က ဒုတိယဆိုပါတော့။ ကျန်တဲ့ကောင်မလေး ၅ယောက်ကတော့ အရောင်းသက်သက်။ ဆိုင်မှာ ဒါတင်လာဆိုရင် ရှိပါသေးတယ်။ တိုလီမိုလီ ပစ္စည်းတွေ ထမ်းဖို့၊ အလေးအပင်တွေမဖို့၊ကားဂိတ်မှာ ကုန်တင်ကုန်ချလုပ်ဖို့၊ ဈေးထဲကနေ ဈေးပြင်ပကို ပစ္စည်းပို့ဖို့ စတဲ့ တောက်တိုမယ်ရတွေခိုင်းဖို့ အထမ်းသမား ၈ယောက်လောက်ကိုရှိပါသေးတယ်။ ဆိုင်ကလည်း လက်လီ လက်ကား ကုန်စုံဆိုင်ရောင်းဝယ်ရေးဆိုတော့ အတော်လေးလည်း ရောင်းရသလို၊ အတော်လေးလည်း ဖောက်သယ်များပါတယ်။ ရပ်ဝေးဖောက်သယ်တွေရှိသလို၊ အိမ်ဆိုင်သေးသေးကွေးကွေးတွေရော၊ အိမ်ဆိုင်ကြီးကြီးမားမားတွေပါ ပါပြန်သေးတာ။ ဆိုင်စဖွင့်ပါပြီဆိုကတည်းက ပါးစပ်ရော၊ နားရော၊ မျက်စိရော  အကုန်ဖွင့် စွင့်ထားရတာပေါ့။ ထိုင်ဖို့မပြောနဲ့ ဘယ်လောက်တောင် ရောင်းရသလဲဆိုရင် ထိုင်စရာထိုင်ခုံကို မထားတာလေ။
သည်ဆိုင်ကိုရောက်ကတည်းက တစ်ခြားသူတွေနဲ့ ပြဿနာမရှိ အဆင်ပြေပေမယ့် သည်အပျိုကြီးနဲ့ တစ်ဆိုင်လုံးက တကျပ်ကျပ်ဖြစ်နေတာ နေ့တိုင်း။ အပျိုကြီး ပီပီ စေ့စေ့စစပ်စပ်နိုင်လွန်းပုံကတော့ အောချလောက်ပါတယ်။ သူလည်း ဒေါ်လေးနဲ့ အစကတည့်မလိုလိုနဲ့ နောက်တော့ မတည့်အတူနေ တဇောင်းစေးနဲ့မျက်ချေးဖြစ်လိုရယ်။ မိန်းမသားတွေနဲ့ တစ်နေကုန်အတူနေ အတူစား အလုပ်အတူတူ အလုပ်လုပ်နေရတာ ကြာရင် ခြောက်သွားမလားလို့ ကိုယ့်ကိုကိုယ် စိုးရိမ်ရပြန်သေးတယ်။ ဆိုင်ကကောင်မလေးတွေကို သူတို့အကြိုက်လိုက် ဆက်ဆံတတ်ပေမယ့် အပျိုကြီးကတော့ ဘယ်လိုတည့်အောင်ပေါင်းပေါင်း ဘယ်လိုမှ အဆင်မပြေပါဘူး။ စားစရာလေးတွေနဲ့ ကပ်ပေါင်းတယ်မရ။
``အို ငါက တောက်တီးတောက်တဲ့ စားစရာတွေကို စားတာမဟုတ်ဘူး နင်ပဲ ၀အောင်စား သွားသွား အဝေးယူသွား အော့အော့ကြီး၊``။
ခေါက်ဆွဲသုပ်ကလေးယူလာပြန်ရင်။
``ဟယ် ရွံစရာကြီး ငါက ခေါက်ဆွဲဆို တီကောင်နဲ့တူလွန်းလို့ ကြောက်ကိုကြောက်တာ နင့်မို့ကြိုက်တယ် အွန့်အွန့်ကြီး။`` ဟိုဟာယူလာလည်း ခေါင်းခါ သည်ဟာယူလာလည်း ခေါင်းခါနဲ့ ကောင်မလေးတွေက ၀ိုင်းပြောကြတယ်။


(၂)
``အောင်ရဲရယ် နင်မို့ ဒေါ်လေးကိုစေတနာရှိ သူက ငါတို့မိန်းကလေးတွေ တစ်ခါတစ်ရံ သူစားမလားလို့ ၀ယ်လာပေးတာတောင် ခါးခါးသီးသီးငြင်းသေးတာ သူ့ဟာသူတောင် ကပ်စေးနှဲ ငါးပိလုပ်စားနေတာလေ နင်ကြည့်လေ တစ်နေကုန် သူဘာဝယ်စားတာမြင်ဖူးလို့လဲ ။``
``ဟုတ်ပါ့ အေးမိတောင် တစ်ခါက စားချင်လွန်းလို့ စတော်ဘယ်ရီသီးလေး အစိတ်သားလောက်သူရှေ့ ၀ယ်စားမိပါတယ် ဒေါ်လေးကပြောလို့ကိုမဆုံးဘူး။ စားတော့ ကြက်ဥနှစ်ခြမ်းတောင် အနိုင်နိုင် ၀ယ်စားတော့ သူဌေးစာတဲ့ မစားနိုင်ပါဘူး နင့်ချွေးနဲစာကိုလို့ ပိဿာလေး ဘေးပစ်ပြောပြောသေးတာ။``
ဒေါ်လေးက ဆိုင်က ကောင်မလေးတွေကို သူနဲ့ ရောရောထွေးထွေး ဆက်ဆံတာကိုလည်း မကြိုက်ဘူး။ ကွယ်ရာမှာပြောသေးတယ်တဲ့။ ယောကျာ်းလေးတွေကမလွယ်ဘူးတဲ့။ ယောကျာ်းဆိုတာ ကျားတဲ့။ နင်တို့ ဘာအောက်မေ့နေလဲလို့ပြောသေးတာဆိုပဲ။
သူကတော့ ဒေါ်လေးကို နားလည်ရ ခက်စွာနဲ့တစ်နေ့တစ်နေ့ဆက်ဆံနေရတော့တာပါ။ သည်ဆိုင်ကို အလုပ်ဝင်ပြီးတော့မှ သူလည်း အကျင့်ပေါင်းစုံကို မလုပ်ချင်ပဲလုပ်၊ မပြောရဲလည်းပြောနဲ့ ယောကျာ်းတစ်ပိုင်း၊ မိန်းမတစ်ပိုင်း ကြီးကိုဖြစ်လို့ရယ်။
ဒေါ်လေးနဲ့ သူနဲ့ တစ်နေ့တစ်နေ့ ကတောက်ကဆ ဖြစ်ရပုံများတော့ မပြောချင်လောက်အောင်ကိုများတယ်။ သူကလည်း ယောကျာ်းလေးဖြစ်ရဲ့သားနဲ့ ဒေါ်လေးကို အပြိုင်ပြောဖို့ဆိုရင် မိန်းကလေးတွေတောင် အရှုံးပေးလောက်အောင် ပြောနိုင်တဲ့သူ။ တွေ့ပြီပေါ့ ။ ဆိုင်မှာရှိတဲ့ အထမ်းသမားတွေကိုတော့ ဒေါ်လေးက ချီးနိုင်သေးနိုင် နိုင်တာရယ်။ အဲဒီ အထမ်းသမားတွေကလည်း သူတို့ပဲမှားမှား ဒေါ်လေးပဲမှားမှား ဘာဆိုဘာမှ ပြန်လည်ချေပပြောဆိုခြင်းမရှိတဲ့အတွက် ဒေါ်လေးက အမြဲတမ်း အနိုင်ရနေတာပါ။ ဒေါ်လေးရရှိထားတဲ့ ပထမဆိုတာကို သူချေပဖို့များ ဆိုင်ကိုရောက်လာသလားလို့ထင်ရလောက်အောင် သူကလည်း လိပ်ကို ကြမ်းပိုးဖြစ်အောင်ပြောတတ်သူတဲ့။ ဆိုင်က ကောင်မလေးတွေကတော့ ဒေါ်လေးနဲ့ စကားများတိုင်း သူ့ဘက်က လက်ခုပ်ခိုးတီးတဲ့သူတွေ။ လက်ခုပ်တောင် ကျယ်ကျယ်မတီးရဲ့ဘူးလေ။ ကျယ်သွားရင် ရွဲ့ပါတယ်ဆိုပြီး ပွစိပွစိ ရွတ်မှာကိုး။
ခုလည်းကြည့် သူနောက်ကျတာကိုပြောဖို့ သူ့ကိုမြင်လိုက်ရကတည်းက နုတ်ခမ်းက တစ်တောင်လောက်ထော်ပြီး ချွန်ထွက်နေပြီ။ အရောင်းစာရေးကောင်မလေးတွေထဲက ကြည်ကြည်က တိုးတိုးကပ်ပြောတယ်။
`` အောင်ရဲ ထော်နေပြီ ဒေါ်လေးတော့ ရေပက်မ၀င်အောင်ပြောဖို့ တာစူနေပြီ``
`` ဟ တခါတလေနောက်ကျတာ ဘာဖြစ်လဲ ပြောကြည့်ပါလား ပြန်ပြောလိုက်မှာပေါ့``
`` ကြည့် လုပ်တော့မယ် အဲဒီ သရဲစုတ် ဟာလေ ဒေါ်လေးအကြောင်းမသိတာလည်းမဟုတ် ဟောဟော နဂါးကြည့်ကြည့်နေပြီ ကိုယ့်အလုပ် ကိုယ်လုပ်တော့မယ် ဟဲ့ စိုးစိုးရီ လာ ဒီကို ခေါက်ဆွဲထုပ်တွေ စီရအောင်```
ဒေါ်လေးက သူ့ဘက်ကို မျက်စိစွေပြီးကြည့်တယ်။ ပြောချင်နေတာ ပါးစပ်ယားနေပုံရတယ်။ လုပ်လက်စအလုပ်တွေကလည်း မပြတ်သေးတော့ မနည်းအောက်အီး နေရတယ်ထင်ပါရဲ့။ မျက်နှာကြီးက ဆယ့်နှစ်ခေါက်ချိုးထားလို့။ တင်တင်နွယ်ကတော့ သူ့ကိုကြည့်ပြီး ပြုံးတယ်။ပြီးတော့ ဒေါ်လေးဘက်ကို မျက်စပြစ်ပြတယ်။ ကောက်နေပြီဆိုတဲ့ အထာကိုပြတယ်။သူလည်း လုပ်စရာရှိတာတွေကို စတင်ပြီးလုပ်ရတော့တယ်။ ဆိုင်ခင်းနေတာဆိုတော့ ခုလို မနက်စောစောအချိန်မှာ သူတို့တစ်ဆိုင်လုံး တစ်ယောက်မှ မအားကြ။ ဆိုင်ရှေ့ကို ခင်းကျင်းရမယ့် ပစ္စည်းတွေက မနည်းပဲကို။ ကုန်ခြောက် ကုန်ခြမ်း တွေကလည်းများလွန်းလှတယ်။
မနက် ရှစ်နာရီခွဲလောက်ကျတော့ဆိုင်ခင်းလို့ ပြီးပြီ။ ဒီမှာတင် ဒေါ်လေးက-
`` အောင်ရဲ ဘာလို့နောက်ကျနေတာလဲ ``
`` အိပ်ယာထနောက်ကျသွားလို့ ဒေါ်လေး``
``  ညက စောစော မအိပ်ဘူးလား မနက်ကျရင် အလုပ်ဆင်းရမယ်မှန်းသိရဲ့သားနဲ့  သူများတွေရောက်ချိန်မှာ ကိုယ်မရောက်ရင်မကောင်းဘူးနော် ``
`` ဇာတ်လမ်းကောင်းတာနဲ့ တီဗွီထိုင်ကြည့်နေလိုက်တာ မနေ့ည မြန်မာ့အသံမှာ ဟေမာန်ဆောင်းရဲ့ချစ်သံစဉ် အပိုင်း(၅) လာတာ ဒေါ်လေးရ``
`` ဟဲ့ ငါတို့လည်းကြည့်တာပဲ မနက်တော့ နောက်မကျပေါင် စောစောနိုးတာပဲ အကျင့်ပဲ အဲဒါအကျင့် ဒေါ်လေးတို့က ကိုယ့်အလုပ်ရှိရင် မပျင်းဘူး  ခုကြည့်နင်က နောက်ကျတယ် အရင်ရောက်တဲ့သူတွေက နောက်ဆို နင့်ကို ငြိုငြင်မှာပေါ့ လုပ်စားမှာလား တောင်းစားမှာလား တကယ်ပဲ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ဦးမှပေါ့``
သူ နည်းနည်းတင်းသွားတယ်။ ကြည့်လေ ။ လုပ်စားမှာလား။ တောင်းစားမှာလားတဲ့။သူလည်းပြန်ပြောလိုက်ပါတယ်။
``တောင်းစားမှာ ဒေါ်လေးရ ဘာလို့လဲသိလား တောင်းစားတာက ခုခေတ်မှာ သက်သာဆုံးပဲ နာမည်တာဆိုးတာနော် မယုံရင် ဒေါ်လေးတောင်းစားကြည့်လိုက်``
`` ဘာလို့ တောင်းစားရမှာလဲ နင်ပဲ တောင်းစား``
``အင်းလေ ဒေါ်လေးကတော့ တောင်းစားမှာမဟုတ်ပါဘူး ခံစားမှာလေ ဟုတ်တယ်မလား အရွယ်ကလည်း ညောင်းလာပြီဆိုတော့ သီလရှင်ဝတ်ပြီး ဆန်ခံစားမှမလား``
`` အောင်ရဲ နင့်ကြီးတော်ကို ခံစားခိုင်း နင့်ကြီးတော်ပဲ သီလရှင်ဝတ်ခိုင်းလိုက်``
(၃)
ဒေါ်လေးကို ဆွေ့ဆွေ့ခုန်စွာနဲ့ပြောတယ်။ ဒေါ်လေးပုံက ယောကျာ်းမရရင် သီလရှင်ဝတ်မယ့်ပုံမပေါ်သေးဘူး။ အဲဒီနေ့တစ်နေကုန် သူ့ကို ဒေါ်လေးက ဘာမှကိုလာမပြောတော့ဘူး။ ကြည့်ရတာ သီလရှင် ၀တ်ခိုင်းပြီး ဆန်ခံစားခိုင်းလို့နဲ့သူပါရဲ့။ သူကတော့ နားတွေကိုအေးလို့လေ။
သူကလည်း သူပါပဲ။ တခါသားဆို ဒေါ်လေးတို့ အော်လိုက်တာ ဈေးတကုန်းလုံးကြားလောက်တယ်။ ဖြစ်ပုံက ဒီလို။
သူက အဲဒီနေ့မှာမှ ဆန်ချိန်ပေးမိတာလေ။ ဘယ်သိမလဲ ဆန်ကိုပြည်တောင်းနဲ့ချိန်ရင် ဘယ်လိုလုပ်ပေးရမလဲဆိုတာ။ ဈေးဝယ်တစ်ယောက်က ဆန်၅ပြည်ဝယ်တယ်။ သူကဆန်ချိန်ပေးတယ်။ ဘာမှမထူးဆန်းဘူး။ ထူးဆန်းတာက သူဆန်ချိန်တာ။ ချိန်ပုံကိုကြည့်။ သူက ပြည်တောင်းလေးထဲကို ဆန်ချိန်တဲ့အခါ ဒီအတိုင်း ခပ်ထည့် မို့မောက်နေတဲ့ ဆန်တွေကို မသပ်ချပဲ အိတ်ထဲထည့်ပေးလိုက်တယ်။ တစ်ပြည်။ နှစ်ပြည်။ အဲဒီအချိန်မှာပဲ နောက်ကနေ ဘီလူးတစ်ကောင် နားနားကပ်အော်လိုက်သလို သူ့တစ်ကိုယ်လုံးတုန်ဟီးသွားတယ်။
`` အောင်မလေးလေး မွဲပါပြီ ကုန်ပါပြီ အောင်ရဲ နင်ဘယ်လို ဆန်ချိန်နေတာလဲ ကြည့်ဦး``
`` ဘာဖြစ်လို့လဲ ဒေါ်လေးရ ဒီအတိုင်းချိန်တာပဲ ဒီမှာလေး ပြည့်တောင်ပြည့်သေးတယ် ဒီမှာနော် အစ်မ ဆန်ပြည့်တယ်နော်``
ဈေးဝယ်သူက ခေါင်းငြိမ့်တယ်။
``သေလိုက်ချင်တော့တာပဲ ပြည့်တာကို ပြောတာမဟုတ်ဘူး နင့်ကို ပြောချင်တာက ဆန်ချိန်တာ မဟုတ်တာကိုပြောချင်တာ မသိရင်လည်းမေးပါတော့လား ကြည့် နင်ချိန်ပုံက မို့နေတဲ့ ဆန်တွေကို သပ်လည်းမချ ဒီအတိုင်းဆိုတော့ ဒီအစ်မတော်ဘုရားလေးက ကျေနပ်ပီတိ ဂွမ်းဆီထိတော့မပေါ့ ဒီမှာကြည့် ငါချိန်မယ်  အိတ်ထဲက ဆန်တွေပြန် သွန်``
ဒေါ်လေးကတော့ ပြောပြောဆိုဆို ပြည်ချိန်ခွက်ကို ကောက်ကိုင်ပြီး သင်ခန်းစာ စ..ပေးတော့တယ်။ဒေါ်လေးချိန်ပုံက ဆန်ပြည်ခွက်ထဲကို ဆန်ထည့်ပုံက လက်ကလေးနဲ့ခပ်ဖွဖွဆန်တွေကိုခပ်ထည့်တယ်။ ပြီးတော့ လက်ကလေးနဲ့ပြန်သပ်ချပြန်တယ်။ ကြည့်လိုက်တော့ ဆန်ပြည်တောင်းထဲက ဆန်ကအလယ်ကခွက်လို့။ ကြံဖန်ကို ကိုယ့်ဖက်ကို အသာစီးအောင် ဒေါ်လေးက လုပ်တယ်။
``တွေ့လား ငါချိန်တာ စိုးစိုးရီတို့လည်း ဘာလုပ်မှန်းကိုမသိဘူး ဘယ်သွားတာလဲ ဆန်ချိန်တာ ကြက်သွန်နီချိန်တာ  ဒီကုန်တွေဖက်ကို ထိုင်ပါလို့ပြောတာကိုမရဘူး လာပါစေဦး လာမှပြောဦးမယ်``သူ့ကိုလည်းပြော စိုးစိုရီတို့ဘက်ကိုလည်းပြောနေပုံက ဘီလူးမကြီး မာန်ဖီနေသလိုမျိုး။ ရုပ်ကဆိုး။ အပေါက်ကဆိုး။ကပ်စေးကလည်း နည်းတတ်သေးတာ။
သူတို့အရောင်းစာရေးတွေနေ့ခင်းနေ့ဘက် အလုပ်ပါးချိန်မှာ မိန်းကလေးတွေက အသုပ်ကလေး ဘာလေးစားချင်ကြတယ်။ မိန်းကလေးတွေက ငတ်ကိုငတ်တတ်တယ်လို့ သူထင်တယ်။ ပါးစပ်ကိုလည်း အအားဘယ်တော့မှမပေးတတ်ဘူး။ အသုပ်ကလေး၊ အချဉ်ကလေးလွတ်နေရင်တောင် ဒုတ်ထိုးချိုချဉ်က ထိုးလျှက်တာတွေ့ရတာ။ ဒါမှမဟုတ် ပီကေကို တစ်ဖောက်ဖောက်နှင့် ပေါက်ပေါက်ဖောက်နေသလိုဖောက်နေတတ်တယ်။ ဒါကြောင့်လည်း ဒေါ်လေးက-
`` ပီကေဖောက်နေတာ နားကိုညည်းတယ် စိုးစိုးရီတို့ အေးမိတို့နော် ဒေါ်လေးက မိန်းကလေးဖြစ်ပြီး ပါးစပ်သရမ်းလွန်းတာကို မကြိုက်ဘူး ဘာလဲ ဆိတ်ကျနေတာပဲ ဟိုဟာလည်း စပ်စပ်စပ်စပ် ဒီဟာလည်း မလပ်နဲ့ တို့လူကြီးတွေက ဘာပြောလဲ သိလား ပီကေစားတာကို နွားစားမြုံပြန်တာတဲ့ ညည်းတို့လည်း စားမြုံပြန်နေတာ အဲဒါ စားမြုံပြန်တာ``အဲဒီလိုပြောတော့ မိန်းကလေးတွေ ဒေါ်လေးရှေ့ဆို ပီကေမဖောက်တော့ဘူး။ ခုကြည့်
``ပျင်းလိုက်တာ အောင်ရဲရယ် အသုပ်သုပ်စားရအောင် ဒါမှမဟုတ် စတော်ဘယ်ရီ ငါးဆယ်သားလောက်ဝယ်ပြီး ဖျော်သောက်ရအောင် ``
အေးမိက စကားစတယ်။ ဒါကို နောက်တော်ပါး ကောင်မလေးတွေက သွားရည်ကျစွာနဲ့။
``လုပ်ပေါ့ ကောင်းတာပေါ့ စတော်ဘယ်ရီဟုတ်လား ကောင်းတယ် ကောင်းတယ် စိုးရီတို့တော့ ကြိုက်တယ် နေဦး တင်တင်နွယ်လည်းကြိုက်တယ်``သူက
``နေပါဦးဟ စတော်ဘယ်ရီကတော့ဟုတ်ပါပြီ ဘယ်မှာလဲ နို့ဆီနဲ့သကြား ဈေးကကြီးနဲ့ အသီးဖိုးနဲ့တင် နင်တို့မုန့်ဖိုးတွေကုန်နေပြီနော်``
``အောင်ရဲကလဲ တင်နွယ် တစ်ယောက်လုံးရှိတယ် ဒေါ်လေးနား နို့ဆီနဲ့သကြားတောင်းလိုက်မယ်လေ`` တင်တင်နွယ်ကပြောတယ်။အေးမိက ၀င်ပြောတယ်။
``ရပါလိမ့်မယ် အားကြီးကြီး``
တင်တင်နွယ်က အသာနေပါဆိုတဲ့ ဟန်နဲ့
``Please Wait``လို့ဆိုတယ်။သူနဲ့ အရောင်းကောင်မလေးတွေက ၀ိုင်းပြောတယ်။
``Wait Waitဒေါ်လေးက နင့်ကို နှိပ်လိမ့်မယ်``
``တင်တင်နွယ်ပါ ဒေါ်လေးလောက်တော့ ပိုင်ပါတယ် `` တင်တင်နွယ်ထွက်သွားတော့ သူတို့ဝိုင်းကြည့်နေလိုက်တယ်။
တင်တင်နွယ်နဲ့ဒေါ်လေး ဘာညာကွိကွပြောနေသံကို မကြားတကြား။ ခဏလေးကြာတော့ တင်တင်နွယ် ပြန်ရောက်လာတယ်။ မျက်နှာက မှိုရတဲ့မျက်နှာလိုလို။ လင်ရတဲ့မျက်နှာလိုလို။
``ဒီမှာကြည့် ပြောတယ်မလား တင်တင်နွယ်ပါလို့``
(၄)
လက်ထဲမှာ နို့ဆီဆစ်ဗူးနဲ့သကြားထုပ်ကလေး။ ဟုတ်ပြီပေါ့။ အေးမိက စတော်ဘယ်ရီသယ်ဆီကိုပြေးတယ်။ စိုးစိုးရီက ဖျော်ဖို့ စတီးဇလုံကိုကောက်ဆေးတယ်။ ကျန်တဲ့ကောင်မလေးတွေက ခွက်ဆေး ဘာဆေးနဲ့ ပွဲက နည်းနည်းစည်သွားတယ်။
သူကတော့ ယောကျာ်းလေးဆိုတော့ ဘာမှမလုပ်တတ်။ လက်ပိုက်ကြည့်နေတာတော့ တတ်တယ်လေ။ ဒါကြောင့်ပြောတာ ယောကျာ်းတွေက အသာစီးကပါလို့။
ဖျော်ပြီပေါ့။အေးမိက ဒီနေရာမှာ ဆရာကြီးတစ်ယောက်လို ဟန်နဲ့ စတီးဇလုံကိုကောက်ကိုင်တယ်။စတော်ဘယ်ရီသီးတွေကို အညှာချွေပြီးပြီဆိုတော့ အသင့်ထည့်။ပြောရဦးမယ်။ စတော်ဘယ်ရီဖျော်တာ နောက်ဆက်တွဲ တွေထည့်လိုက်တာ သူလည်း ပိုက်ဆံကလေး နှစ်ပဲခြောက်ပြားပြောင်သွားတယ်။ လုပ်ပုံပြောပါတယ်။ အဲဒီလိုထည့်ပြီးတော့ နို့ဆီထည့်၊သကြားထည့်။ နောက်ဆက်တွဲဝယ်ထားတဲ့ ကျောက်ကျောတို့၊သာကူစေ့တို့၊ရေခဲတို့ကလည်း တန်းစီဝင်ရောက်သွားတယ်။မကောင်းပဲခံနိုင်ရောလား။ သောက်လိုက်ကြတာ ရှလွတ် ရှလွတ်နဲ့။
စိုးစိုးရီက
``ဒေါ်လေးသောက်ဦးလေ သမီးခပ်လာပေးမယ် ``
``တော်ပါ ဟယ် အွန့်အွန့်ကြီး ငါမကြိုက်ပါဘူး မရှိပဲနဲ့ သူဌေးစာတွေဝယ်စားကြတယ် အံ့ပါရဲ့ စုမယ်  ဆောင်းမယ်တော့မရှိဘူး သောက်သောက် ၀..အောင်သောက်ကြ``
အဲဒီထိ ဘာပြဿနာမှမရှိပါဘူး။ ပြဿနာကနောက်နေ့မှာ စတာ။နောက်တစ်နေ့ ဈေးဖွင့်ချိန်မှာတော့ လူမစုံ တက်မစုံဖြစ်သွားတယ်။
``ဒေါ်လေး တင်တင်နွယ်မလာဘူးလား ``သူကမေးလိုက်တယ်။
``မလာနိုင်ဘူးလေး နင်းကန်မြိုစို့အော်ဝမ်းနာကျပြီး ရေပန်းခရားကိုင်ကျန်ခဲ့တယ်``ဘာလဲ သူနားမလည်။
`` ဘာလဲ ဒေါ်လေးရဲ့ ရေပန်းခရားကိုင်ပြီးကျန်ခဲ့တယ်ဆိုတာ``
``စောစောစီးစီးကိုပြောရဦးမယ် အီးပန်းနေတာ ဟဲ့ ရှင်းပလား နင်တို့ဖျော်တဲ့ စတော်ဘယ်ရီကိုသောက်ပြီး ပန်းနေတာ ရှင်းပါလား``သူစဉ်းစားတယ်။ စတော်ဘယ်ရီကလည်း လတ်လတ်ဆတ်ဆတ်။ ကျန်တာတွေကလည်း အတော်လေး လတ်ဆတ်သေးတယ်ပေါ့။စိုးစိုးရီလည်းပေါ်မလာ။ ကောင်မလေးနှစ်ယောက်ကတော့ရောက်လာတယ်။ အေးမိကလည်း မျက်ကွင်းတွေ ဟောက်ပက်နဲ့ ဆိုင်ကိုရောက်လာသေးတယ်။
``ဘာဖြစ်တာလဲ အေးမိ``
`` ၀မ်းတွေသွားတာ မနက်လေးနာရီမှ ရပ်တယ် စတော်ဘယ်ရီကြောင့်ထင်တယ်နော် မရတော့ဘူး ခဏနေပြန်တော့မယ် ဒေါ်လေးနားခွင့်တောင်းလိုက်ဦးမယ် ``
သူလည်း မသင်္ကာတာနဲ့ မပစ်ရသေးတဲ့ နို့ဆီဗူးခွံကိုကောက်ပြီး EXP Dateကိုကြည့်လိုက်တော့ Date လွန်ပြီး သုံးလ။ သွားပြီပေါ့။ ဒါကြောင့် ဒေါ်လေးက ချောချောရှူရှူပေးလိုက်တာကို။ တော်သေးတာပေါ့ သူတောင် နည်းနည်းလေးသောက်မိလိုက်လို့။ ဒါတောင် အိမ်သာကို ညတစ်ပိုင်းလောက် အပိုင်စီးလိုက်ရသေးတ.ယ်။ ဒီလို ကပ်စေးနည်းတာပေါ့။
တခါတလေကျရင်လည်း စိတ်လိုလက်ရရှိရင် ဒေါ်လေးက သူ့ဘ၀အကြောင်းကို အရောင်းစာရေးမလေးတွေကို အားလပ်ချိန်မှာ ပြောပြတတ်တယ်။ သူကလည်း တစ်ဖက်ကနေ မကြားတကြား နားစွင့်နေတတ်တယ်။
``အဲလိုဆို ကိုဝင်းဇော်က သတ္တိမရှိဘူးပေါ့နော် ဒေါ်လေး`` အေးမိရဲ့အသံ။
``ဒါပေါ့ ဒါကြောင့် ယောက်ျားတွေကို ကြည့်မရတာ မုန်းတာ ဒီလောက်  အခွင့်အရေး ပေးတာတောင် မခုတ်တတ်တဲ့ ကြောင်ကြီးလေ ကြောင်မိုက်``
``ဦးဘနိုင်ကြီးရော ဒေါ်လေးမုန်းတဲ့အထဲမှာပါလား``
``ဟဲ့ သူတော့ပါမလား သူက ချွင်းချက်``
``ဟီး ဒေါ်လေးကလည်း ကိုဝင်းဇော်ကိုများ  ကြောင်မိုက်တဲ့ ကိုဝင်းဇော်က ငါးစိမ်းမြင်လို့ ငါးကင်ပစ်တာရော မဖြစ်နိုင်ဘူးလား``တင်တင်နွယ်က အဲလိုပြောတော့ ဒေါ်လေးတို့ စွေ့စွေ့ခုန်တယ်။
``မိတင်နွယ် နင်ကများငါ့ကို သူပစ်လို့ကျန်ခဲ့တာလို့ပြောချင်တာပေါ့ ဒေါ်လေးက မယူချင်လို့ ရှင်းလား ခါချရတာ ဟောသလို ခါချခဲ့ရတာ``
`` သန်းတွေလား ဒေါ်လေး`` စိုးစိုးရီက ၀င်ဆော်တယ်။
``ကဲ..ဟယ် အကောင်းပြောနေတာကို ၀င်နောက်တဲ့ ဟာတွေသွားကြ နောက်ဘယ်တော့မှမပြောတော့ဘူး``စိုးစိုးရီကတော့ ခေါင်းကိုပွတ်ခါထွက်ပြေးတယ်။ ပြီးနောက် ရယ်ကြတယ်။ ၀ါးလုံးကွဲ။ အဲဒါမှ ၀ါးလုံးကွဲရယ်တယ်ခေါ်တယ်။
ကိုဝင်းဇော်ဆိုတာ ဒေါ်လေးရဲ့အဆက်ဟောင်း။ တော်တော်လေးလည်း ချစ်ခဲ့ကြိုက်ခဲ့ကြတယ်တဲ့။ ကိုဝင်းဇော်တို့မျိုးရိုးက အရောင်းအ၀ယ်သမား၊ကုန်သယ်၊ပွဲစား။။ ဒေါ်လေးတို့အမျိုးတွေက စိုက်ပျိုးရေးတွေလုပ်တယ်။ အဲဒီမှာ အရောင်းအ၀ယ်သမားနဲ့ အခင်းရှင်သမီး တွေ့ကြတယ်။ ကြိုက်ကြတယ်ပေါ့။ ကိုဝင်းဇော်က ချောလည်းချော ခန့်လည်းခန့်တယ်လို့ ဒေါ်လေးကပြောတတ်တယ်။

(၅)
ဟုတ်မဟုတ်တော့ မသိဘူးပေါ့။ ဘာကြောင့်ကွဲခဲ့ရတယ်ဆိုတော့ မိဘတွေကသဘောတူထားတာတောင် ဒေါ်လေးက ဇာတ်လမ်းတွေ ၀တ္ထုတွေထဲကလို ရင်တဖိုဖိုနဲ့ယောကျာ်းယူချင်ရာကနေစ..တာပဲ။
ဒေါ်လေးကလည်း အဆန်းထွင်။ကိုဝင်းဇော်ကြီးကလည်း မဆန်းတတ်နဲ့ သူတို့အချစ် နိဂုံးချုပ်လိုက်ရတယ်လို့ဆိုတယ်။ နိဂုံးချုပ်လိုက်ရပုံကိုကြည့်။ ဒေါ်လေးက ကိုဝင်းဇော်ကြီးကို လာခိုးခိုင်းတော့ ဒေါ်လေးတို့အိမ်နောက်က စိုက်ခင်းထဲမှာတဲ့။ ဒေါ်လေးက ကိုဝင်းဇော်ရဲ့ အားနည်းချက်ကိုမသိဘူး။ ကိုဝင်းဇော်ရဲက အားနည်းချက်က ကျားကိုးစီးစားမကုန်တဲ့ ခန္ဓာကိုယ်ကြီးနဲ့ သရဲကြောက်တတတ်သတဲ့။ အဲဒီမှာ ဇာတ်လမ်းက မသန်းဖြစ်သွားတာပေါ့။ လာခိုးခိုင်းတာက ည ၁၂နာရီတိတိတဲ့။
အဲဒီည ကိုဝင်းဇော်မလာဘူးတဲ့။မလာဆို သရဲကြောက်တာကိုး။အဲဒါကို ကောင်မလေးတွေကိုပြန်ပြောပြတိုင်း-
``သိလား စိုးစိုရီ ကိုဝင်းဇော်က သရဲဘောကြောင်တာလို့ခေါ်တယ် ယောကျာ်းပဲ သရဲကြောက်စရာလိုလား ငါတောင် တစ်ညလုံး လာမလားလို့ သွားစောင့်နေတာ ဘယ်သရဲကမှ လာမခြောက်ရဲဘူး``သူက၀င်ပြောတယ်။
``ဒေါ်လေးက သရဲထက်ကြောက်စရာကောင်းလို့နေမှာပေါ့``
``ဟဲ့ နင့်အရာလား ``
``အရာတော့မဟုတ်ဘူးပေါ့ ယောကျာ်းလေးမကောင်းကြောင်းချည်းပြောတာ အမြင်ကပ်လွန်းလို့``
``နင်တို့ယောကျာ်းတွေက ဘာကောင်းလို့လဲ မုန်းချင်စရာ နင့်ရှေ့မှာပြောတာ နင့်ကိုယောကျာ်းလို့ကိုမသတ်မှတ်လို့ဟေ့ ဘယ်နှယ့် သူတစ်ယောက်တည်း ကြားညှပ်နေတာကန့်လန့် ကန့်လန့်နဲ့ ပြောချင်ဆိုချင်တာ လွတ်လပ်တယ်ကိုမရှိဘူး`` စိုးစိုးရီကတော့ စကားနိုင်လုပွဲကို နားထောင်ရတော့မှာမို့ ဆက်လုပ်ရဲဘော်ဆိုတဲ့ မျက်လုံးမျိုး မှိတ်ပြတယ်။
``ဒေါ်လေးက မလွတ်မလပ်ဘူးဆိုတော့ ဘာကြောင်းပြောမှာမို့လဲ ကြည့်ရတာ ယောကျာ်းအကြောင်းပဲမလား မုန်းတယ်လည်းဆိုသေး ပြောလိုက်တော့လည်း ယောကျာ်းအကြောင်းကမပါမဖြစ် ကိုဝင်းဇော်ဆိုတဲ့နာမည်ကိုက မချဘူး``
``အောင်ရဲ နင်ဘယ်လိုဖြစ်နေတာလဲ ကိုဝင်းဇော်အကြောင်းပြောတာ နင်ပထွေးအကြောင်းပြောနေတာမို့လား ကြည့်စမ်း ပြန်ပြောနေလိုက်တာ မိန်းမကျနေတာပဲ``
``ကိုဝင်းဇော်က သရဲကိုကြောက်တာမဖြစ်နိုင်ဘူး ဒေါ်လေးကိုကြောက်တာဖြစ်မှာ ဒေါ်လေးနောက်ကမှန်ကိုပြန်ကြည့်လိုက်`` သူပြောတော့ ဒေါ်လေးက အယောင်ယောင်အမှားမှားနဲ့ ကြောင်ပြီးလိုက်ကြည့်တယ်။
``တွေ့လား ဘီလူးရုပ်``မှန်ထဲကိုကြည့်လိုက်တော့ ဒေါ်လေးရုပ် ဒေါ်လေးပြန်မြင်တယ်။
``ကောင်စုတ်လေး ကဲ..ဟာ ``ဒေါ်လေးက တွေ့ရာ ပစ္စည်းနဲ့ကောက်ပေါက်လိုက်တာ Spriteအချိုရည်ဗူးကြီးဖြစ်နေတယ်။ သူလည်း အမိအရဖမ်းပြီး။
``ဒေါ်လေး ပေါက်လို့နော် အနော်ကတော့ သောက်ပြီ ဟီးဟီး ပွတာပဲ ဟ စိုးရီ ခွက်ယူလာခဲ့ ဒါ ဘီလူးပေးတှဲ့Spriteရေစင်``
တင်တင်နွယ်ကတော့ သူနဲ့ဒေါ်လေးဖြစ်နေတာတွေကိုကြည့်ပြီး ရယ်နေတယ်။ပြီးတော့-
``အောင်ရဲ ဒီဘက်ကိုလာတော့ဟာ နင် ကြာရင် ဒေါ်လေးက ပိဿာလေးနဲ့ထုလိမ့်မယ်``
``ရမလား အလျှော်တောင်းမှာပေါ့ နော် ဒေါ်လေးက ယောကျာ်းတွေကိုမုန်းနေတာပဲ ထုပါစေ ရတယ် အလျှော်ရမှာမလား ၁၅၀၀ လေ ``
ဒေါ်လေး ဒေါသတွေ အစုလိုက်အပြုံလိုက်ထွက်ပြီး ကောက်ပေါက်ပါတော့တယ်။ ဒီတစ်ခါတော့ ကြက်သွန်နီတွေ။ သူကတော့ ``စိုးရီတို့ အေးမိတို့ လာကြဦး ငါမနက်ဖြန် မုန့်ဟင်းခါးရောင်းမလို့ ကြက်သွန်ဥတွေ လိုက်ကောက်ပေးပါဦးဟ တစ်ပွဲကိုတော့ ဒေါ်လေးကိုကျွေးဦးမယ် ဒေါ်လေးပစ်ပေါက်လို့ ငါရောင်းရမှာဟ ဒေါ်လေး တစ်ယောက် ယောကျာ်းမြန်မြန်ရပါစေ``
``သေနာလေး ကဲ ဟယ် ကဲဟယ်``
``အောင်ရဲ တင်နွယ့်ကိုကူဦး ဒေါ်လေးလည်းတော်တော့နော် လူတွေကြည့်ကုန်ပြီ`` အဲဒီလိုပြောမှရပ်တော့တယ်။သူကတော့ ပျော်နေတယ်။ စိုးစိုးရီတို့၊အေးမိတို့က-
``အောင်ရဲနော် သိပ်သတ္တိရှိနေတယ်ပေါ့ ဟိုက ဒေါသကြီးတယ်နော် ``
``ဘာလဲ ချေးပါရင်တောင် ပြန်ကောက်စားတာလား``
``ဟယ် ရွံစရာကြီး``
အဲဒီနေ့ကလည်း ဒေါ်လေးက သူ့ကို ဘာစကားမှကို မပြောတော့ပြန်ဘူး။ သူကတော့ နားတွေကို အေးလို့ ။ Air Con မလိုဘူးလေ။
ဒီနေ့တော့ အေးအေးလူလူ။ လူကလည်း သိပ်မကျတော့ သူတို့အရောင်းစာရေးတွေ သက်သာနေတယ် ။ သီချင်းလေး ညည်းလိုက်၊အလုပ်ကလေးပြေးလုပ်လိုက်၊ သန့်ရှင်းရေးလုပ်လိုက်၊ဈေးပြေးရောင်းလိုက်နဲ့ ဟန်ကိုကျနေတာ။ ဒေါ်လေးကတော့ တစ်ခုခုကိုခိုင်းနေတတ်ပေမယ့် ဒီနေ့တော့ ငြိမ်နေတယ်။စိုးစိုးရီက လစ်လပ်သွားတဲ့ ကုန်တွေနေရာမှာ အစားထိုးကုန်တွေဖြည့်နေတယ်။ အေးမိနဲ့ကောင်မလေးသုံးယောက်က အလှကုန်ကောင်တာမှာ သန့်ရှင်းရေးလုပ်လို့။သူနဲ့ တင်တင်နွယ်က လက်ကျန်စာရင်းတွေ စစ်ကြည့်နေတယ်။ စကားလေးပြောလိုက် အလုပ်ကလေးလုပ်လိုက်။ ငြိမ်းငြိမ်းချမ်းချမ်းလေးပါပဲ။ သိတယ်မလား။ လေငြိမ်လွန်းရင်လည်း ပျင်းစရာကောင်းတယ်လေ။ တင်တင်နွယ်ကို သူကမေးတယ်။
(၆)
``တင်နွယ် ဒေါ်လေး မငြိမ်စဖူး အငြိမ်ထူးပါလား ခါတိုင်း သူမဟုတ်သလိုပဲနော် ဘာဖြစ်နေတာလဲ``
``ရှူး တိုးတိုး ငါလည်းသေသေချာချာ ဂဃနဏတော့မသိဘူး ညက နားစွံနားဖျားကြားမိတာတော့ရှိတယ် ပြောချင်နေတာ လျှာကိုယားလို့ ဒီနေ့မှာ ဟိုကောင်မတွေကလည်း မမေးကြဘူး ကိုယ့်အတွေးနဲ့ကို Calsomeကွေကာသောက်နေကြလိုက်တာ ``
``ဘာဖြစ်နေတာလဲ ဒါဆို ငါ့ပြောဦး``
``နင်က ယောကျာ်းလေးဖြစ်ပြီး သိပ်စပ်စုတာပဲ ကိုဝင်းဇော်လေး ဒေါ်လေးအဆက်ဟောင်းကြီး ``
``အေး ဘာဖြစ်လို့လဲ``
``မိန်းမယူသွားပြီ``
``ဟေ ဟုတ်လား တကယ်လား``
``သြော် အောင်ရဲကလည်း မယုံဘူးလား ဒီမှာ ဖိတ်စာ ငါခိုးဝှက်ယူလာတာ ဒေါ်လေးမသိအောင်လို့ နင်တို့ကိုပြချင်လွန်းလို့``
တင်တင်နွယ်က ဖိတ်စာကလေးကိုပြတယ်။ လှလှပပ၊မွှေးမွှေးပျံ့ပျံ့ ဖိတ်စာ အပြာနုကလေး။ သူကလည်း မနှေးအမြန် စိုးရီတို့ အေးမိတို့ကိုလက်တို့ပြီးပြောပြလိုက်တယ်။
``စိုးရီနင်က အဆိုကောင်းတယ် ပေါက်တတ်ကရသီချင်းဆိုဟာ အေးမိ နင်ရောနော် ငါကတော့ပါးစပ်တွေ့တဲ့ သီချင်းဆိုမယ်``
တင်တင်နွယ်က အလန့်တကြား
``အောင်ရဲ နင်ဘာလုပ်မလို့လဲ သွားမစ..နဲ့နော် ဒေါ်လေးက အမှန်အကန် ကြေကွဲနေတာ ကြည့်ပါလား မျက်နှာက Feelအပြည့်နဲ့ သူ့ Feelကျသွားအောင်တော့မလုပ်ပါနဲ့ ``
```အေးပါဟာ ပါးပါးလေးပါ တကယ် ပါးပါးလေး``
သူက စ   ပြီး ဆိုလိုက်တယ်။ ဟို သီချင်း။ မေဆွိတို့၊ ဟေမာနေ၀င်းတို့ ဆိုခဲ့တဲ့ သီချင်း ဘာတဲ့..
``အချစ်အတွက်နဲ့ ××××အသက်ပင်××သေသေ×× မင်းဒဿရဲ့××× သစ္စာတစ်ရားကိုလေ×××× မောင်ကြားဖူးခဲ့ သိခဲ့မှာပါ××× ဇာတ်ပွဲတွေ×××× သြော်×××××× ဟော် ××××ခုချိန်မှာလေ×××× လက်ထပ်ဖိတ်စာ××××× အိတ်ပြာကလေးကိုစေ ×××××မောင် ရက်စက်တာ ××××သိပါပြီလေ ××××သူရဲကောင်းကြီးရေ``သီချင်းသံကြားတော့ ဒေါ်လေးက သူ့ကိုကြည့်တယ်။တင်တင်နွယ်က -
``ဟဲ့ နင်ဆိုတာက ဗြောင်ကြီးနော် စောင်းဆိုပေါ့ ဟဲ့ ``
သူကလည်း သီချင်းကို အသံနေ အသံထားမှန်မှန်နဲ့ကို ဆိုနေတာပါ Performance အပြည့်နဲ့ကို ဖြူဖြူကျော်သိန်းလိုဆိုနေတာ။ဘာတဲ့
``မယ်..သီတာကို×××××× ရွှေသမင်ဖမ်းလို့ပေးမယ် ××××××ချစ်သူရာမ××××× မင်းကိုစေ ×××အချစ်ကြီးသူ မင်းဒဿရဲ့ မေတ္တာကျော့ကွင်းမြေ×××××× ကြမ်းတမ်းတဲ့ ××ဒဿဘီလူးရဲ့×××× မျက်ရည်နဲ့အသည်း ××××နှင်းအပ်ကာပေးတဲ့ပွဲမှာ ××××မိုးစိမ့်က××× ``
``ဒေါက်``
``အောင်မလေးဗျ``ချပြီ။ ဒေါ်လေးတော့ ချပြီ။
``အောင်ရဲ နင်ဘာသဘောနဲ့ ဒီသီချင်းဆိုနေတာလဲ``
``ဒေါ်ဒဿ``
``ဘာ ဘာပြောတယ်``
တင်တင်နွယ်တို့ စိုးစိုးရီတို့ အေးမိတို့ ဘယ်ပျောက်သွားပါလိမ့်။ မြန်လိုက်သည်ဖြစ်ချင်း။ ပျောက်ချင်းမလှပျောက်သွားကြတယ်။ သေချာတာကတော့ တစ်နေရာရာကနေ ချောင်းကြည့်နေလိမ့်မယ်။
``ဒေါ်လေးလို့ ဟီး``
`` ဘာမှလာ သွားဖြဲပြမနေနဲ့ ငါ နွားပွဲစားမဟုတ်ဘူး ခုမှ မြင်းလို လာမဟီးပြနဲ့ နင်ဘာလို့ဆိုတာလဲလို့``
`` ဒီသီချင်းကိုကြိုက်လို့ ``
`` ဘာ..ကြိုက်စရာရှားလို့ ဒီသီချင်းမှကြိုက်ရလား မဆိုနဲ့ တစ်ခြားသီချင်းပြောင်းဆို```
``ဒေါ်လေးကလဲ မဆိုင်တာ ကျနော်ကြိုက်တာ ကျနော်ဆိုမှာပေါ့ သီချင်းထဲမှာဘာပါတာမှတ်လို့ ဆိုလို့ကောင်းလိုက်တာ ဖိတ်စာအိတ်ပြာကလေးကိုစေ ဆိုတဲ့ စာသား ကျနော်သိပ်ကြိုက်တာ``
``ဆိုဆို သေအောင်ဆို နင့်ပါးစပ်ကို အ၀တ်ဆို့ထားမယ်``
သူကတော့ အဲဒီသီချင်းကို ထပ်ခါထပ်ခါဆိုနေလိုက်တယ်။ ဆိုင်နောက်မှာလည်း စိုးရီက တစ်စခန်းထနေတယ်။ ``ရက်စက်သွားတဲ့×××အချစ်ရယ်××
လှည့်စားကာ××××အဝေးထွက်သွားပြီ××××ရက်ရက်စက်စက်××××နှလုံး×××သားကိုခွဲခါ``တဲ့။ အေးမိကလည်း
``ကြိုနေလင့်တော့ ×××××ငါ့ရင်ခွင်×××× မင်းလေးလှမ်းခဲ့ပါ ××××သတိရမှာလား×××တွေးတယ်အခါ××××× ရင်ထဲက စကားဖြေပါ``တဲ့။အတိုင်အဖောက်ညီစွာနဲ့ သူတို့ သီချင်းတွေကို ဟစ်ကြွေးတယ်။

(၇)
``သြော်×××× ဟော် ခုချိန်မှာလေ×××× လက်ထပ်ဖိတ်စာ×××× အိတ်ပြာကလေးကိုစေ ××××မောင်ရက်စက်တာ သိပါပြီလေ ××××သူရဲကောင်းကြီးရေ``
``ရက်ရက်စက်စက်××× နှလုံးသားကိုခွဲခါ``
``ကြိုနေလင့်တော့ ××××ငါ့ရင်ခွင် ××××မင်းလေးလှမ်းခဲ့ပါ``
ဒေါ်လေး လှုပ်လှုပ်ရှားရှားဖြစ်နေတယ်။ သူတို့လည်း လှုပ်လှုပ်ရွရွ ဆိုနေတယ်။
`` မောင်ရက်စက်တာ ×××××သိပါပြီလေ..×××သူရဲကောင်းကြီးရေ``
``လှည့်စားကာ×××× အဝေးထွက်သွားပြီး``
``ဟို×× အရင်လို ××××ငါ့ရဲ့အချစ်တွေပြန်ပေးပါ``
အဲဒီအခိုက်မှာပဲ..
``တော်ကြစမ်း``
သူတို့ကတော့ သီချင်းဆိုမပျက်ပါဘူး။
`` မောင်ရက်စက်တာ ××××သိပါပြီလေ..×××သူရဲကောင်းကြီးရေ``
``လှည့်စားကာ ×××အဝေးထွက်သွားပြီး``
``ဟို ×××အရင်လို ×××ငါ့ရဲ့အချစ်တွေပြန်ပေးပါ``
ဒေါ်လေး မတ်တပ်ရပ်လိုက်တာကိုတွေ့လိုက်ရတယ်ဆိုရင်ပဲ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဆိုပြီး သူ..စပြေးတော့တယ်။ စိုးစိုးရီနဲ့ အေးမိကတော့ ဆိုကောင်းတုန်း။
``တော်တော့လို့ပြောနေတာမရဘူးလား ကဲ..ဟယ် ငါ့Feel ငုတ်အောင်လုပ်တယ် ကဲဟယ်``
``ဒေါ်လေး မဆိုတော့ဘူးနော် အား စိုးရီရဲ့ပြေးပါဟ လာလာ ပြေးရအောင်``
``သွားကြ ပြန်မလာနဲ့ ``
သူက အဝေးကနေ ပြန်အော်လိုက်သေးတယ်။
``အချစ်ကြီးသူ ဒေါ်ဒဿ သွားပြီဗျို့``
သူတို့နောက်က ကြက်သွန်နီပျံတွေ၊ ဖယောင်းတိုင်ထုပ်ပျံတွေ လိုက်လာတယ်။ မရပ်နဲ့။ ရပ်လို့မဖြစ်ဘူးလေ။ သိတယ်မလား။ ဒေါ်ဒဿ ဒေါသတွေ ငယ်ထိပ်ဆောင့်နေတယ်။ သူတို့ကပြေးရင်း။ ဒေါ်လေးက နောက်က လိုက်ရင်း။ ပြေးရင်း။လိုက်ရင်း ပြေးရင်း……မောလိုက်တာဗျာ………။

သော်ဇင်(လွိုင်ကော်)
25-Mar-11
Time-6:40PM





ချစ်မှုရေးရာ သိပ္ပံပညာအရ ဦးနှောက်တွင်အချစ်လျှပ်စီးပတ်လမ်းရှိဟုဆို




သတင်းတစ်ပုဒ်တွင် မိန်းကလေးတစ်ဦးက ချစ်သက်လက်ဆောင်အဖြစ် သူမ ၏ ချစ်သူကောင်လေးနှင့် အသည်းနှလုံးချင်းလဲလှယ်ခဲ့ကြသည်ဟုဆိုသည်။ သို့ရာ တွင် အာရုံကြောသိပ္ပံပညာရှင်တို့ကမူ အချစ်သည် အသည်းနှလုံးတွင်မရှိဘဲ  ခေါင်း ထဲတွင်သာရှိသည်ဟုဆိုသည်။ ရိုမက်တစ်အချစ် ဇီဝပညာရှင်းလင်းချက်အရ အချစ်ဟူ သည် ဦးနှောက်၊ ဟော်မုန်းနှင့် မျိုးဗီဇတို့အားဖြင့် နားလည်သဘောပေါက်ခြင်းသာ ဖြစ်သည်ဟုလည်း ဆိုသည်။ ထိုသို့ဖြစ်ခြင်းသည် အချစ်၊ ခိုင်မြဲသောအချစ်နှင့် အသည်း ကွဲခြင်းတို့လည်း အကျုံးဝင်ခြင်းဖြစ်သည်။
လူသား၏ဦးနှောက်တွင် သေးငယ်သောနေရာ လေးနေရာရှိရာ ထိုနေရာတွင် အချစ်လျှပ်စီးပတ်လမ်း (Circuit of Love) ဖြစ်ပေါ် လျက်ရှိသည်ဟု သုတေသနပညာရှင်တို့က ပြောကြားခဲ့သည်။
    ဦးနှောက်ထဲရှိ အချစ်လုပ်ဆောင်မှုသည် မူးယစ်ဆေးဝါးစွဲနေသည်နှင့်တူ သည်ဟု ဆိုသည်။ ထိုစွဲလမ်းမှုမှာ အံ့သြစရာကောင်းသကဲ့သို့ ကြောက်စရာလည်း ကောင်းသည်ဟု ဆိုသည်။ စွဲလမ်းမှုမှေးမှိန်လာသည့်အခါ လူတို့သည် အချစ်အတွက် သတ်ရဲကြသကဲ့သို့ အချစ်အတွက် သေရဲကြသည်။ သိပ္ပံပညာရှင်တို့က အသည်းကွဲမှု နှင့်ပတ်သက်၍ ဦးနှောက်တွင် လေ့လာကြည့်ရာ ဦးနှောက်တွင်းရှိ Accumbens ကလာပ်စည်းတွင် နောက်ထပ်လှုပ်ရှားမှုကို တွေ့ရခြင်းဖြစ်သည်။ ထိုလှုပ်ရှားမှုသည် စွဲလမ်းခြင်းနှင့် ခိုင်မာစွာ ပူးပေါင်းလျက်ရှိနေခြင်းဖြစ်သည်။ အသည်းကွဲခြင်းသည်
မူးယစ်ဆေးဝါးကို အငမ်းမရတောင့်တသကဲ့သို့ တောင့်တခြင်းမျိုးဖြစ်သည်ဟုဆိုသည်။
    သိပ္ပံပညာရှင်တို့က ဦးနှောက်တွင်းရှိ အချစ်လျှပ်စီးပတ်လမ်းထွန်းလင်းခြင်း နှင့် ဓာတုပစ္စည်းများစီးဆင်းမှုကို ထိန်းသိမ်းရန် နည်းလမ်းကို ပိုမိုသိရှိရန် မှန်းဆခဲ့ကြ သည်။ သဘောတရားရေးရာအရ ရိုမန်တစ်အချစ်အား ဓာတုပစ္စည်းများဖြင့် တွန်းအား ပေးနိုင်သည်ဟု စိတ်ကျန်းမာရေးအထူးကုဆရာဝန် လာရီယန်းက ပြောကြားခဲ့သည်။ သူ၏အဆိုအရ မိမိအမှန်တကယ်အလိုရှိပါက ချစ်မှုရေးရာတွင် တုံ့ပြန်မှုရရှိမည်ဖြစ် သည်။ ထိုမှတစ်ဆင့် စိတ်လှုပ်ရှားမှုကို တွန်းအားပေးသောအပြုအမူနှင့် ချိတ်ဆက်မိ စေကာ ပွေ့ဖက်၊ နမ်းရှုပ်ခြင်းတို့ကို ပြုမူစေလိမ့်မည်ဟုဆိုသည်။ သို့ရာတွင် သိပ္ပံပညာ ရှင်များအနေဖြင့် အချစ်လျှပ်စီးပတ်လမ်းအား မည်ကဲ့သို့ လှုံ့ဆော်ပေးသည်ကိုမူ သိမြင် ရန် ခဲယဉ်းသည်ဟု ဆိုသည်။    [Ref:AP]/KH
 မှတ်ချက်။     ။ တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

အမြင်



မိဘကောင်းတိုင်းကိုသင်တွေ့ ဖူးလိမ့်မည်။ မြင်ဖူးလိမ့်မည်။ သို့ပေမယ့် သင်၏အမြင်တွင် မိဘတိုင်း သာသမီးတွေအပေါ်အလွန်ကောင်းလိမ့်မည်ဟုထင်ပါသလား..။ ကျွန်တော်မြင်ဖူးသော မိသားစုတစ်စုအကြောင်းကိြုေ ပာချင်ပါသည်။ ထိုမိသားစုသည်သားသမီးကိုးယောက်ရှိသည်။သားသမီးတစ်ဦးချင်းဆီ၏ ပညာရေးများသည် သာမာန်ဖတ်တတ် ရေးတတ် သေစာ ရှင်စာရေးတတ်ရင်တော်ပြီ ဟု အတိုင်းအတာထားသော မိဘများဖြစ်သည်။ အုပ်ထိန်းသူမိဘများသည် သားသမီးတွေကို ဆက်ဆံရာတွင် ဘေးမှကြည့်လျှင်သားသမီးအရင်းမှဟုတ်ပါလေစဟုတွေးမိကြမည်ထင်ပါသည်။

ထိုမိသားစုနှင့်ယှဉ်လျှင် ကျွန်တော်မိဘများ၏ လိုက်လျှောမှုများကို ကျေနပ်ပီတိဖြစ်ရသည်။ ထိုမိသားစု၏ ထမင်းဝိုင်းကို တိုက်ဆိုင်ပြီး ရောက်သွားဖူးသည်။ သူတို့၏ အမေနှင့်အဖေက ထမင်းတစ်ဝိုင်း သားသမီးကိုးယောက်တစ်ဝိုင်း သီးခြားခွဲစားကြသည်။ နောက်ပြီး ထမင်းစားရာတွင် ဟင်းများသည် တစ်မိသားစုတည်းအတူတူမဟုတ်ပါ။ အမေနှင့်အဖေကတစ်မျိုးဖြစ်ပြီး၊ သားသမီးတွေကတစ်မျိုးဖြစ်သည်။ အမေဖြစ်သူကအိမ်ထောင်ဦးစီးအတွက်ဟုဆိုက ချက်ထားသောဟင်းများကို မည်သည့်သားသမီးမှမတို့မထိရ ။ ယောင်မှားပြီး စားမိသည်ဆိုက ပြင်းထန်သောရိုက်ချက်တွေကို လှိမ့်နေအောင်ခံရတော့သည်။ ဘယ်သောအခါမှသားသမီးများကိုဟင်းကောင်းချက်ကျွေးသနည်းတော့ဖြင့်မသိ။

သားသမီးတွေကို စည်းနှင့်ကမ်းနှင့်ထားချင် သည်ဟု ဆိုသော်လည်း နည်းမှားနေသယောင်။ သူ့တို့၏သားသမီးများကိုချက် ကျွေးနေသောအချိန်တွင်လည်း စေတနာပါချက်ကတော့ ကမ်းကုန်သည်လား ဝေခွဲမရပါ။ ငါးပိရည်ကြိုသည် နေ့တိုင်းမပါမဖြစ် ဟင်းလျာဖြစ်လို့နေသည်။ ဟင်းတစ်ခါချက်လျှင် သားတွေ သမီးတွေအတွင်ဆိုက ဆားတွေကုတ်ထည့် ၊ အရည်ကျဲကျဲ အရသာမရှိနှင့် စားရသည့်သားသမီးတွေ ခံတွင်းမှတွေ့ရဲ့လားဟု တစ်ခါမျှမမေး။ စားလျှင်စား မစားရင် ဗိုက်မှောက်အိပ်ရန်သာရှိသည်။

ထိုမိသားစုနှင့်စာလျှင် ကျွန်တော်၏ မိဘများကိုပိုပြီး အလေးထားချစ်ခင်လာစမြဲပင်။ မည်သည့်အစားအစာပဲဖြစ်ဖြစ် ဘယ်သောအခါမျှ  မည်သူ့အတွက်ဆိုပြီးချန်ထားသည်မရှိ။အားလုံးသောသားသမီးအတွေသည်တန်းတူသာပင်။

ကျောင်းပိတ်ရက်များတွင် ကျပန်းအလုပ်အပြင် အိမ်ဗာဟီရအလုပ်များဖြစ်သော အရက်ချက်ခြင်း၊ ၀က်စာကျွေးခြင်း၊ အ၀တ်လျှော် ၊ ၀က်စာရိတ် စသဖြင့် ကလေးပီပီ ကစားရသောအချိန်တွေသည် သူ့တို့၏ စိတ်ကူးယဉ်အိပ်မက်များသာဖြ စ်ခဲ့သည်။ အရွယ်နှင့်မမျှအောင်ပင် စေခိုင်းသောအလုပ်များသည် ကျွန်တော့်၏ အိမ်တွင်လုပ်ရသော အလုပ်များထက်ကြီးလေးသည်များ လည်းပါသည်။ ကျောင်းနေရန်အတွက် ကျောင်းအပ်ငွေကိုလည်း နွေရာသီကျောင်းပိတ်ရက်များ တွင် ပန်းရံ၊ ထင်းတိုက်၊ သဲတိုက်၊ အ၀တ်လျှော် စသဖြင့် သားသမီးတွေအားလုံး အအားနေသူတစ်ယောက်မှမရှိစေရ ရှာရမည်။ အလုပ်မလုပ်လျှင် ကျောင်းမတက်ရဟုဆိုသည်။ ထိုကြောင့်ပင် သူတို့တွေသည် ပညာရေးဖက်တွင်ထွန်းပေါက်ရန် အားလျှော့သွားသည်ဟုထင်ပါသည်။

သည်လိုဆိုတော့လည်း ကျွန်တော့်မိဘများကို အတိုင်းမသိ ကျေးဇူးတွေတင်နေမိပြန်သည်။ ကျွန်တော့်တို့၏ လိုအပ်ချက်များကို မညည်းမငြူဖြည့်ဆည်းပေးသည်ကို ၀မ်းသာရပါ၏။ ပညာရေးကို ဦးစားပေးရမည်ဟု မည်သည့်အလုပ်မျှမခိုင်းရက် သည့် အမေနှင့်အဖေ၏ ချစ်ခြင်းသည် မည်သို့သောအရာနှင့်လဲရမည်န ည်း။ နွေရာသီကျောင်းပိတ်ရက်တွေသ ည် ကျွန်တော့်တို့အဖို့တော့ ပျော်စရာအချိန်များသာပင်..။

အရွယ်ရောက်လာသောအချိန်တွင် လည်း  သားသမီးများကို ဆင်နိုင်ပါလျှက်ဖြင့် ဖြစ်သလိုထားသည်။ သူတို့ပါသာ သူတို့ရှာပြီးဝတ်လိမ့်မည်ဆိုပြီးပြစ်ထားသည်။ ကျောင်းနေစဉ်အရွယ်ကတည်းက မိဘထံမှပေးဖူးသည်မရှိသော မုန့်ဖိုးသည် အရွယ်ရောက်လာသည့်တိုင် တစ်ဆိုတစ်ခါမျှ ရဖူးသည်ဟု မထင်ပါ။ ကျောင်းနေစဉ်တစ်လျှောက်လုံးလုံး ကျွန်တော်သည်သာလျှင် ထိုမောင်နှမများ၏ ဆိုးသူကောင်းဖက် စားအတူ သွားအတူ သူငယ်ချင်းဖြစ်ခဲ့သည်။ သူ့တို့တတွေ၏ အားကျသောအကြည့်တွေကို လက်ခံခဲ့ရသည်။ သို့ဆိုလျှင်လည်း ကျွန်တော်ရသောမုန့်ဖိုးများသည် ထိုမောင်နှမများ၏ အာဟာရဖြစ်သွားသည်ကို ကျေနပ်ပီတိဖြစ်နေမိသည်မှာမ ဆန်းပါ။ စားချင်တိုင်းမစားရ သွားချင်တိုင်းမသွားရ ကစားချင်တိုင်း မကစားရသော ထိုမောင်နှမများကို ကိုယ်ချင်းစာသနားမိပါသည်။

ထို့နောက် မိသားစုလိုက်အိမ်ပြောင်းသွားသည့်နောက်ပိုင်း မတွေ့ဖြစ်သော်လည်း ကြားသိနေရပါသည်။ မိဘဖြစ်သူများသည် သားသမီးများကို ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ဟုဆိုကာ နယ်စပ်မြို့တစ်မြို့ကိုပြောင်းသွားကြောင်း၊ အိမ်ဌားနေရကြောင်း ၊ ကျောင်းပြီးအောင်တစ်ယောက်မှမနေရကြောင်း၊ ကိုယ်ကိုကိုယ်ရှာစားနေရကြောင်း၊ ထွက်သွားကတည်းက ငွေကိုတစ်ခါသာ ပို့လာဖူးကြောင်း၊ ကျွန်တော်နှင့်ကျောင်းတစ်တ န်းတည်း တက်ခဲ့ဖူးသူမှာ ပြောပြပါသည်။ သူတို့၏ အကြောင်းကိုကြားရသောအခါ ကျွန်တော့်၏စိတ်ထဲတွင်မည်သို့သောဝေဒနာတွေကိန်းဝပ်သွားမှန်းမသိတော့ပါ..။

အဘယ်အတွက်ကြောင့် ဖြစ်ချင်သလိုဖြစ်ဟု ထားရက်ပါသနည်း။ ကျွန်တော့်ကတော့ဖြင့် မိဘများကို ကျေးဇူးတွေအလီလီတင်နေမိပြန် ပါသည်။ သင်တို့ရော မိမိ၏မိဘများအပေါ်မငြိုငြင် ကြပါနှင့်ဟု စေတနာစကားပါးလိုက်ပါသည်။ မိမိအပေါ်တွင် မွေးစမှ ယနေ့အထိ ပြုစုစောင့်ရှောက်ခဲ့သည်များကို အမြဲအမှတ်ရစေချင်ပါသည်။ တစ်ခုခုကြောင့် မိဘများကို စိတ်ခုနေရင်တောင် ချက်ချင်းမိမိစိတ်ကိုပြင်
ကြစေလိုသည်။ မြင့်မိုရ်တောင်ဦးမကကြူးသည့် ကျေးဇူးကြီးလှမိနှင့်ဘ ဟုသောဆိုရိုးစကားလေးကို နှလုံးသွင်းကြစေလိုပါသည်...။မည်သို့ပင်ဆိုစေ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ မိဘကတော့ မိဘပင် ။ မပြစ်မှားမိဖို့အရေးကြီးပါ သည်..။သင်တို့ရော မိမိတို့၏ မိဘများအပေါ် မည်သို့သောအမြင်များ မြင်ကြည့်ဖူးပါသနည်း..။ ကောင်းသည်လား ၊ ဆိုးသည်လား.... စိတ်ကိုဖြင့် ဖြူဖြူစင်စင်ထားပြီး မြင်ကြည့်ကြစေလိုပါသည်..။





Written By _ သော်ဇင်(လွိုင်ကော်)
Date& Time – 22-April-2009
Wed,10:23Pm

ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ

စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...