Saturday, April 22, 2023

မစိန်ရီ ပုစွန်မမြူးပါ


ယပ်တောင်လေးတဖျပ်ဖျပ်ခတ်လိုက် ဟောဒီလမ်းမကြီးကို မျှော်ကြည့်လိုက်နှင့်မစိန်ရီ နေမထိထိုင်မသာဖြစ်နေတာ သိသာလှသည်။ဒါမျိုးဆိုရင်မစိန်ရီ စားဖို့သောက်ဖို့ပူနေရပြီဆိုတာ သိသာ၏။ ခါတိုင်းလို တိမ်ပြာမို့မို့လွင်သီချင်းကို လေသံတိုးတိုးလေးတောင်မညည်းနိုင်မှတော့မစိန်ရီ ဘယ်လောက်ယောက်ယပ်ခတ်နေမလဲ ဆိုတာကို တွေးသာကြည်တော့ပေါ့။မနေ့ညက မိုးကြီးထားတော့အနည်းဆုံး ဒီနေ့ကိုကျော့မောင်ထမင်းစား ကျောက်ကလေးပဲရလာပါဦး အူတော့စိုကိုစိုလာမည်။ ဒါ့အပြင်ကိုကျော့မောင်ရဲ့ ကြံရည်ဖန်ရည်နဲ့ဆို သောင်းဂဏာန်း ပိုပိုလောက်တော့ပါလာနိုင်သည်။ဒီလိုဆိုရင်ဒီနေ့ညအဖို့မစိန်ရီ စိတ်ကူးထဲမှာ လသာလို့ရပြီ။
အဲဒီလ သာမလား မသာမလားဆိုတာတော့မစိန်ရီက ခုမှအိမ်ရှေ့ထွက်လမ်းမပေါ်မျှော်ရတာကိုကပဲ မောမောလှပေါ့။ သူတကာတွေဟေးခနဲ ဝေးခနဲ ကျောက်ထမ်းပြီး ရွာထဲဝင်လာရင် ကိုကျော့မောင်များပါလာလေးမလားလို့မျှော်ကြည့်ရတာလည်းမောပါသည်။အနည်းဆုံးနောက်နားကျကျကနေပဲဖြစ်ဖြစ်ရှေ့ကနေပဲ ဖြစ်ဖြစ် စိန်တူတွေစုပြီး ထမ်းလာသည့်လူတွေထဲတွင်ကိုကျော့မောင်ကိုရှာရတာလည်း မျက်စိတွေမူးရသည်။
ကျောက်မရလို့သူများတကာရသည့်ကျောက်ကို လိုက်ထမ်းပေးဦး အဲသည်ကျောက်များပွင့်လျှင်ဂျော်ကီထမ်းခတော့ရနိုင်သေးသည်။သည်လိုမဟုတ်ရင်တော့နေ့ကုန်အောင်တတောက်တောက်နှင့်ရှာ မတွေ့ရင်တပ်ခေါက်ပြန်ရုံလေ။ ညနေစောင်းပြီ ရွာထဲမှာ မီးပွင့်ကလေးတွေဟိုတစ်ပွင့်ဒီတစ်ပွင့် လင်းလက်ဝင်းပလာတာတောင်ကိုယ်တော်ကျော့မောင်က ရွာထဲကိုပြန်ဝင်မလာသေး။
မစိန်ရီ အိမ်ကလေးထဲပြန်ဝင်။ ရေတစ်ခွက်ကိုခပ်သောက်ပြီး စိတ်ထဲမှာ အချဉ်ပေါက်ချင်လာမိသည်။မနေ့ညကတည်းထွက်သွားလိုက်သည်မှာ ခုဆိုလျှင် ပြန်လာသင့်သည့်အချိန်ကိုလွန်နေပြီ။ ကိုကျော့မောင်က လူတစ်မျိုး။ ပြောရလျှင်ကိုယ့်ယောကျာ်းအကြောင်းလည်း ကိုယ်သိပါရဲ့။ကိုကျော့မောင်အကြောင်းပြောရလျှင်ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရသည့်အဖြစ်မျိုး။
ကျောက်ကလေးရလို့အူစိုသည့် နေ့ဆိုလျှင်အိမ်ကို တန်းပြန်ချင်မှ ပြန်လာသည်။အနည်းဆုံးတော့ဘိန်းခန်း လောက်ဝင်လျှင်ဝင်၊ မဝင်လျှင် ဘီယာဆိုင်လေးတော့ ထိုင်ချင်ထိုင်နေဦးမည်။အိမ်က ဇနီးမယားက အိမ်ဦးနတ်ကြီးကြွလာမှာကို လည်တမျှော်မျှော်လက်တဆန့်ဆန့်နှင့်မျှော်တော်ယောင် လုပ်နေရသည့်ကို မသိ။
အတော်လေးလည်း မူးပြီးဆိုမှ၊အတော်လေးလည်း စည်းစိမ်ရစ်မှယိုင်တိုင်တိုင်ခြေလှမ်းတွေကို အိမ်ဘက်သို့ ခြေဦးပြန်လှည့်တတ်သည်။
သည်နေ့ညလည်း သည်အတိုင်းထင်ပါရဲ့။အိမ်ပြန်နောက်ကျတာ အရေးမကြီး။ ကိုကျော့မောင်ထမင်းစားကျောက်ရလာဖို့အရေးကြီးသည်။ခုတော့ညကိုးနာရီပင်ထိုးပြီးသွားပြီ။ မစိန်ရီ ဗိုက်ထဲကလည်း သံစုံတီးဝိုင်းက ဘင်ခရာတပ်နှစ်တပ်စာလောက်တီးသလိုမျိုး တဂွီဂွီ တဂွမ်ဂွမ်နှင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီးကို တီးနေပြီ။ အရေးထဲ ရွာထဲမှပျံ့နှံ့လာသည့်အကြော်အလှော်နှင့်အကင်နံ့တွေကလည်း နှိပ်စက်သထက် နှိပ်စက်လာလျှက်ရှိနေသည်။ ပြီးတော့ရွာမြောက်ခြမ်းတွင်ကွေးကွေးလေး ကွေးကွေးလေး ဟူ အော်နေသံက တစ်မျိုး၊ ဒူမည်းကြီး ဒူမည်းကြီး ဟု အော်နေသံကတစ်မျိုးနှင့် မစိန်ရီ ထိုင်လိုက်ထလိုက်ဖြစ်နေရပြန်သည်။
“ကျော့မောင်ရယ်နင် မြန်မြန်ပြန်လာပါတော့ “

(၂)
“မစိန်ရီ ဒီအပတ်ဘာကြိုက်လဲ“
ဒါပဲ။ လူတွေက ခုတလော မစိန်ရီနားမှာ စိုးမိုးကျော်လာလုပ်နေကြသည်။ မစိန်ရီကိုများ ဘာကြိုက်လဲဟုမေးလို့ကတော့အကုန်ကြိုက်သည်ဟု ပဲပြောမှာ သေချာသည်။ထိုအထဲကမှာ ဘာကိုအောထားလဲဟု မေးမှသာ အဖြေကရသည်။ခုလည်း စာရွက်ပေါ်မှာချရေးထားသည်ကိန်းတွေက များမှများ။ ကိုကျော့မောင်က မနက်က မှာသွားသည်။
“စိန်ရီ နင်အဲဒါတွေအကုန်ထိုးမလို့လား ကြည့်လုပ်နော်နေ့ဖို့ညစာလေးလည်းချန်ဦး။ ငါ့ချည်းအသားကုန်မမျှော်နဲ့။ကျောက်က နေ့တိုင်းရတာမဟုတ်ဘူး“ တဲ့။
ကိုကျော့မောင်ပြောသမျှမျက်လုံးကလေး ကလယ်ကလယ်လုပ်ပြီးသာနေခဲ့သည်။လက်ထဲရွှင်တုန်း ပေါတုန်းဆိုတော့သည်နေ့ကိုကျော့မောင်အိမ်ကထွက်သာနှင့် ရွာမြောက်ပိုင်းကိုသွားမည်။ ကြိုးတစ်ချက်ဆွဲလျှင်တစ်ချက်ကွေးရမည်။တစ်နေ့ ပြတ်တုန်း လပ်တုန်းဆိုတော့ရွာမြောက်ပိုင်းကို ခြေဦးမလှည့်နိုင်ခဲ့။အသံတွေသာကြားပြီး အသည်းတွေသာ ယားနေရသည်။ထိုည ကိုကျော့မောင်အိမ်ပြန်နောက်ကျသည်။သို့သော်မစိန်ရီ အပြစ်မပြောတော့။မပြောဆို ကိုကျော့မောင်က မစိန်ရီပါးစပ်ကို ငွေထုတ်နှင့်ပိတ်ပစ်ခဲ့သည်ကိုး။
ဟော မနက်လည်း လင်းရော မနေ့ညက မစိန်ရီက သည်ကနေ့မစိန်ရီနှင့်မဆိုင်သလိုလိုမျိုး။ မမုံဈေးကို တစ်ပတ်မက ဖြတ်လျှောက်ပစ်လိုက်သည်။မနေ့က ဝက်ရိုးတစ်ထောင်ဖိုးလောက် ပေးပါဆိုတာကို အရေးမလုပ်လို့သည်ကနေ့တော့
“ပေါင်သားတစ်ပိဿာပေးစမ်းပါ“ဟု မစိန်ရီတို့ခပ်ပြတ်ပြတ်ဆိုဖြစ်ပြီ။ သည်လိုဆိုတော့လည်း
“ဟုတ်ဟုတ်ခဏလေးနော်ချိန်နေပြီအစ်မ“ဆိုပြီး ချိုနွဲ့နေလိုက်တာများ မယားငယ်လေသံအတိုင်းပင်။ မနေ့ကဖြစ်အင်က စလင်းဘတ်အိတ်ကလေး ဘေးစောင်းလွယ်လိုက်ရုံနှင့် အနေအထားက တစ်မျိုးပြောင်းသွားသည်။ ပြီးတော့မစိန်ရီ ရေစိမ်စားမည်။ ဘုရားပန်းဝယ်မည်။
ဘုရားပန်းအိုးမလဲဖြစ်သည်ပင်တစ်ပတ်ခန့်ကြာသွားသည်။ကိုကျော့မောင် ပြန်လာတိုင်း ထမင်းဝယ်စားလိုက်ရသည်နှင့် ပန်းဝယ်ဖို့အနားမကပ်နိုင်။ မစိန်ရီက ကိုယ့်စိတ်ထဲ ရတနာသုံးပါးရှိနေရင်ပန်းမလဲလည်း ဘာအရေးလဲဟု ပိုက်ဆံပြတ်လျှင်တွေးသည်။ပိုက်ဆံပေါသည့်အခါမျိုးတွင်တော့ဘုရားစင်က ပန်းတွေနှင့်ဝေပြီးသပ္ပါယ်ချင်တိုင်း သပ္ပါယ်နေတော့သည်။
သည်ကနေ့ဘုရားပန်းလဲပြီးတာနှင့် ဘုရားရှိခိုးပြီးလျှင်တစ်ခါတည်းဆုတောင်းပြီး ရွာမြောက်ဘက်ကိုလှည့်မည်။အမွေးတိုင်ကလေးထွန်းညှိရင်း နုတ်ကတတွတ်တွတ်ရွတ်ဆိုလိုက်သည့်ခဏ မစိန်ရီစိတ်ထဲရွှင်လန်းသွားရသည်။
“အရှင်ဘုရား ဒီကနေ့တပည့်တော်မ ကွေးကွေးလေးနှင့် ကနိုင်သလို မည်းမည်းကြီးစီးပြီး အိမ်ပြန်မျက်နှာပန်းလှပါရစေ ဘုရား“
ဒါပဲ မစိန်ရီ ဆုတောင်း။ ဆလင်းဘတ်အိတ်ကလေး လွယ်။ယပ်တောင်တစ်ချောင်း ဖျတ်ခနဲဆွဲပြီး ဘေးတစ်ခန်းကို မစိန်ရီ အသံပြုလိုက်သည်။
ပြောရင်းဆိုရင်း မိုးကလေးတောင်ဖွဲလာပါပေါ့လား။ အနေအထားက ရွှေဖား၊ ရာသီဥတုက မစိန်ရီဘက်ပါလာမှတော့ခိုင်ရွှေဆိုင်က ထမင်းချိုင့်ပါဆွဲပြီး ရွာမြောက်ဘက်ကို ခြေဦးလှည့်မိတော့မိုးက ဖွဲရာမှသည်းလာပါပေါ့လား။

(၃)
သည်နေ့တော့လပ်ကီးဒေးပဲ။ မစိန်ရီ မျက်လုံးတွေတလက်လက်တောက်ပနေပုံက အခြေအနေပေးနေသည် မှန်းသိသာစေသည်။ ကြိုးတစ်ချက် ဆွဲလိုက်တိုင်း အကောင်တွေပူးသည့်အခါပူး တစ်ချက်တစ်ချက်သုံးကောင်တောင်ထပ်သွား လိုက်သေးသည်။သည်နေ့မစိန်ရီ၏ ပုစွန်စိတ်ကလေး ပင်လယ်ကူးနေသည်မှာ မြူးဟန်ရှိသည်။ ပြီးတော့ စီးတော်ယာဉ်ဒူမည်းကြီးကလည်း ယဉ်လိုက်သမ ငြိမ့်ငြိမ့်ကိုညောင်းနေသေး၏။
“ကြက်ဆင်ကျား ×××××ကြက် ဆင်ကျား ××××××ကြက် ဆင်ကျား“
ဒိုင်ကအော်နေပြီ။ မစိန်ရီလက်တွေ ငြိမ်ချက်သားကောင်းနေသည်။တဖြည်းဖြည်းချင်း တစ်လိမ့်ချင်း ကြိုးကိုဆွဲယူနေသည်။ ပါးစပ်ကလည်း
“ကွေးကွေးလေး နော်ကွေးကွေးလေး ကွေးကွေးလေး“
မစိန်ရီထိုကဲ့သို့အော်တော့နောက်ကထိုးသားတွေကလည်း လိုက်အော်သည်။အသံသည် မြိုင်သည်။ဆိုင်သည်။ညီညာ ထကြွသည်။မစိန်ရီစိတ်တွေလေထဲပဲ လွှင့်ချင်သလိုလို မြောချင်သလိုလိုနှင့်။ ကြိုးကို နောက်ဆုံးဆတ်ခနဲရုတ်ချလိုက်သည်။
“ကလုံ ကလုံ ကလုံ“
“ဝေး……..“
ပုစွန်နှစ်ကောင်က မစိန်ရီမျက်လုံးရှေ့မှာ ကွေးကွေးလေး။
သည်နေ့အိမ်ပြန်မျက်နှာပန်းတော့မစိန်ရီကိုလှစေပစေပြီ။ ကိုကျော့မောင်တစ်ရက်နှစ်ရက်လောက်တော့ကျောက်ထွက်မရှာလည်း အရေးမကြီး။ ခုတော့စိတ်ကိုဖြတ်ပြီး ထိုင်ရမှထဖြစ်သည်။ဒါတောင်ဒိုင်က
“ပြန်တော့မလို့လား လောပန်မရဲ့လုပ်ပါဦး အချိန်ရှိပါသေးတယ်“
“ဟင်းဟင်းဟင်း ဒီနေ့ညတော့တော်ပါပြီရှင်တစ်ခါတစ်လေလေးလည်း တာကော တို့ပေးလိုက်ဦးမှပေါ့လို့“
မစိန်ရီက ဘေးအိမ်က ပလောင်မလက်ကိုဆွဲပြီးထွက်လိုက်တော့မိုးသည်းနေပြီ။ မိုးသည်တစ်နေ့လုံးရွာသည်။ခုတစ်ညလုံးပင်ရွာမည်လားမသိ။
မစိန်ရီ ရွှေတောင်ကြီးစားသောက်ဆိုင်က ခေါက်ဆွဲကြော်နှစ်ပွဲနှင့် ကိုကျော့မောင်အတွက် ဝီစကီတစ်ထောင့်ဆွဲလာခဲ့သည်။မစိန်ရီအကြိုက် ကုမ်းဂွေဝိုင်ကလည်းပလောင်မနှင့် သောက်ရအောင်မပါမဖြစ်ဆွဲခဲ့သည်။ ပြီးတော့တစ်လမ်းလုံး ပလောင်မကို ပြောလာခဲ့သည်က
“ပလောင်ဒီနေ့ပုစွန်မြူးတယ်နော် “

(၄)
ရွာထဲတွင် ဓါတ်မီးတွေတဝင်းဝင်းနှင့်ဆိုတော့ကျောက်များရလာလေသလား။ မစိန်ရီ ပလောင်မနှင့် ဝိုင်သောက်ရင်း ရွာလည်လမ်းကိုငေးသည်။
“ဟေး ရေမဆေးသမားတွေစုကြပါဟ မိုးကြီးတော့မြောတွေပါလာတာ ရွာထဲက ရေမဆေး သုံးယောက်မြောနဲ့ပါသွားတယ်။“
မစိန်ရီကိုယ်ကလေး မတ်သွားသည်။မှန်း မနက်တုန်းက ကိုကျော့မောင်ဘယ်ဘက်ကိုကျောက်ရှာမယ်ပြောခဲ့သလဲ။ ဆတ်ခနဲထိုင်ရာမှထကာ ပြေးလွှားနေသော ရေမဆေးတွေထဲက တစ်ယောက်ကို ဖမ်းမေးလိုက်သည်။
“ဘယ်မှာမြောပေါက်တာလဲ ဟဲ့“
“မက်လင်ချောင်လို့ပြောတယ်ခုသွားကြမှာ မိုးကကြီးတော့တောင်ကျရေတွေကြောင့်မြေစာတွေပါလာတာလေ။ ခုပုံအတိုင်းဆို အလောင်းတောင်ရဖို့မသေချာတော့ဘူးဗျ“
“စိန်ရီ ဒီနေ့ ငါမက်လင်ချောင်ဘက်သွားမယ်။“
ကိုကျော့မောင်ပြောသွားခဲ့သည်မှာ မက်လင်ချောင်သေချာသည်။ဘုရား ဘုရား။ ချက်ချင်းအိမ်ထဲပြန်ဝင်ပြီး စစ်ပွိုင့်ဖိနပ်ကို ဝင်စီးတော့ ပလောင်မက ပြေးလာကာ
“ဘာဖြစ်လို့လဲ မစိန်ဘာဖြစ်လို့လဲ“
“ပလောင်မက်လင်ချောင်မှာ မြောပေါက်တယ်တဲ့။ကိုကျော့မောင်အဲဒီဘက်ကျောက်သွားရှာတာဟ ။ ငါစိတ်ပူလို့လိုက်သွားမလို့“
“ဟယ်နင်လိုက်သွားလို့ဘယ်ဖြစ်မလဲ နေပါဦး ကိုကျော့မောင်နဲ့သွားတာ ဖိုးလေးပါတယ်မလား ဖိုးလေးအိမ်ကိုအရင်သွားကြည့်ရအောင်“
ခြေလှမ်းသည်သွက်သည်။မိုးသည်ခပ်သွက်သွက်ကလေးရွာသည်။ဗွက်သည်ထူနေပြီ။ လမ်းမပေါ်ရှိရေအိုင်ကလေးတွေကို ပက်ခနဲ နင်းပြီး ပြေးလွှားနေသည့်မစိန်ရီ၏ ခြေလှမ်းများ လျှင်မြန်နေသည်။ ဖိုးလေးအိမ်တွင်လူတွေစုနေသည်ကို မြင်တော့ မစိန်ရီက ခြေအစုံကိုရပ်ပစ်လိုက်သည်။ ပြီးတော့
“ပလောင်နင်သွားမေးကြည့်ဟာ ငါ ငါ မမေးရဲဘူး“
ထိုစဉ်မိုးသည် ဝေါခနဲသည်းချလာပြန်သည်။မိုးသည်းနေသည့်ကြားမှမစိန်ရီအသံတစ်သံကို ကြားဖြစ်အောင် ကြားလိုက်ရသည်။
“ဖိုးလေးရေ………………..“
မစိန်ရီ အကြောတွေဖျင်းခနဲ……။ လျှပ်စီးသည် ဝင်းခနဲ..။

(၅)
အန်စာတုံးလေးများ တစ်လှိမ့်ချင်းကြနေသည့်အသံသည်ဆူညံနေသည်။
“ကျား ပုစွန် လိပ်×××××ကျား ပုစွန် လိပ်××××××ကျား ပုစွန် လိပ်“
ပထမဆုံး အန်စာတုံး ကျလာသည်။
“ကျား“
ဒုတိယ အန်စာတုံး လေးကျလာပန်သည်။
“လိပ်“
တတိယ အန်စာတုံးလေး ကျလုကျခင်နှင့်…….။
အကယ်၍ဘုရားပန်းလဲသည့်နေက မစိန်ရီ ဆုတောင်းက
“အရှင်ဘုရား ဒီကနေ့တပည့်တော်မ၏ အိမ်ဦးနတ်ဖြစ်သူ ကိုကျော့မောင်တစ်ယောက်ကျောက်ရှာရာတွင်ဘေးမသီရန်ခမဘဲနှင့် ကျောက်များလည်းတွေ့ပါစေ၊ တွေ့တိုင်းလည်း ပွင့်ပါစေ၊“ ဟုများ ဆုတောင်း ဖြစ်ခဲ့မည်ဆိုလျှင်
ပလောင်မကိုပြောခဲ့သလိုမျိုး
“ဒီနေ့ပုစွန်မြူးတယ်နော်“ဟု ပြောဖြစ်ခဲ့လိမ့်မည်မထင်ဘူး။
မစိန်ရီ မျက်စိထဲမှာ နွံတွေထဲက ကိုကျော့မောင်အလောင်း ကွေးကွေးလေးကို မြင်ယောင်ရင်း တဝဲလည်လည်နှင့်…။


သော်ဇင်(လွိုင်ကော်)

Faces မဂ္ဂဇင်း၊ မေ ၊ ၂၀၁၄

https://www.facebook.com/tzloikaw/photos/a.487689207966617/3103619953040183/

No comments:

Post a Comment

ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ

စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...