Saturday, April 22, 2023

အရောင်များ၏ ကွက်လပ်

 

 


ဤပန်းချီကားလှသည်ဟု ကျွန်မမပြောပါ။ သို့သော် မောင်သည် မြတ်မြတ်နိုးနိုးဖြင့် နံရံတွင် ချိတ်ထားခဲ့ပါသည်။ ပန်းချီကားကို သေချာဘောင်ကွပ်ထားက လူမြင်သူမြင်အောင် ပြသထားသော မောင့် စိတ်ကို ကျွန်မ နားလည်သလိုရှိပါသည်။
ဤပန်းချီကားတွေ လူသုံးဦးရှိပါသည်။ အလယ်က ကလေးတစ်ယောက်၏ ပုံတွင် ဘာအရောင်မျှ မခြယ်ထားပါ။ ဘေးတစ်ဖက်တစ်ချက်ဆီတွင်တော့ ဆန့်ကျင်ဘက်အရောင်ဖြစ်ပါသော အနက်နှင့်အဖြူကို ခြယ်ထားပါသည်။

~~~~~~~~~~~~~~~~~~~~~~
တဘုန်းဘုန်းရိုက်သံနှင့်အတူ သားငယ်၏ ငိုသံဆာဆာကိုကြားလိုက်ရသဖြင့် ချက်လက်စ ဟင်းအိုးကို မီးလျှော့ကာ ကျွန်မ အိမ်ရှေ့ဧည့်ခန်းသို့ ခပ်သွက်သွက်ကလေး ပြေးထွက်လာရသည်။ ကျွန်မ မြင်လိုက်ရသည့် မြင်ကွင်းတွင် သားငယ်က အရုပ်ကလေးတွေကြားထဲတွင် ပုံ့ပုံ့ကလေးထိုင်လျှက် ငိုကျွေးနေသည်။ ကျွန်မရဲ့အကြည့်များ မောင့် ထံသို့ ဒိုင်းခနဲရောက်သည်။ ပြီးတော့ အသံခပ်မာမာနှင့်ပင် မေးလိုက်ပါသည်။
“ဒါဘာလုပ်တာလဲ မောင်“
“မင်းသား မျောက်ရှုံးအောင် ဆော့နေတာ ပြောမရလို့ ရိုက်ထည့်လိုက်တာ“
ကြည့် မောင်ပြောပုံက ခပ်ပေါ့ပေါ့။ မောင့်မိန်းမ ဘာလုပ်သလဲဆိုတာကို တမင်သက်သက် မေ့ပစ်ပြလိုက်တာပေါ့လေ။
“ပြောမရတိုင်း ရိုက်လိုက်တယ်ပေါ့။ ဒီမယ်မောင် ကလေးဆိုတာ ခြောက်မရရင် ချော့ပြောလို့ရတယ်။ မောင့်စိတ်ထဲမှာ ခုထက်ထိ ကလေးတွေအပေါ်မှာ ခုချိန်ထိ Jealous ဝင်နေတာတော့ တဆိတ်လွန်ပြီထင်တယ်နော် မောင်“
မောင့်အတိတ်အကြောင်းကို သိသိရက်နှင့် ကျွန်မ သည်တစ်ခါတော့ အားမနာနိုင်တော့ပါ။ တချိန်တုန်းက စာနာခွင့်လွှတ်နားလည်နိုင်ပေမယ့် ခုချိန်မှာတော့ ကျွန်မရဲ့သားအတွက်တော့မူ မိခင်တစ်ယောက်၏ မေတ္တာနှင့် ဆတ်ဆတ်ထိမခံ နာကျင်ချင်မိပြီ။
ခုချိန်ထိအတိတ်ကို အမှတ်ရနာကျည်းနေဆဲဖြစ်သော မောင့်ကိုနားမလည်နိုင်ဖြစ်ရသည်။ ခုကိစ္စကိုတော့ ကျွန်မ မဖြေရှင်းချင်တော့ပါ။ ကျောင်းချိန်သည် နီးနေပြီဖြစ်လေသည်။
(၁)
ကလေးတွေစုံမစုံ ကျွန်မ စစ်နေချိန်တွင် ဒေါ်ကြည်အေးက ကျောင်းတံခါးပေါက်တွင် ကလေးတွေတစ်ယောက်ပြီးတစ်ယောက် ကြိုနေရသည်။
တစ်ချို့ကလေးတွေက ငို၊ တစ်ချို့ကလေးတွေက ဆော့နှင့် ကျွန်မတို့ကိုယ်ထူကိုယ်ထ မူကြိုကျောင်းကလေးသည် မနက်ခင်း၈နာရီကျော်သည်နှင့် အသက်ဝင်နေလေပြီ။ ကလေးတွေ၏ အမေ၊ အဖေတွေကလည်း သူတို့ကလေးတွေကို လက်ကလေးတပြပြ၊ ချော့တခါ ခြောက်တလှည့်နှင့် နောက်ဆန်တင်းသည်ပုံဆန်လေးများဖြင့် ကျောခိုင်းသွားကြသည်။ သည်မြင်ကွင်းကိုကြည့်ရင်း ကျွန်မ စာနာမိပါသည်။ ဘယ်မိဘကရော မိမိတို့၏ သားသမီးများကို နေကုန်နေခမ်း ခွဲခွာချင်ပါ့မလဲလေ။
မသက်သာသည့်အခြေအနေများကြောင့်သာ ကျွန်မတို့၏ မူကြိုကျောင်းလေးတွင် လာရောက်အပ်နှံရသည်ပဲ။ ကျွန်မသည်ပင် ကျွန်မသားကို ကျောင်းသို့အမြဲခေါ်လာပြီး မူကြိုရှိကလေးတွေနှင့်ရောရောနှောနှောထားလျှက် မျက်စိအောက်က အပျောက်မခံနိုင်တာကိုပဲ ကြည့်။
သမုဒ္ဒရာဝမ်းတစ်ထွာဆိုသည်ထက် အချို့က ကလေးထိန်းပေးမည့် သူမရှိ၍၊ တစ်ချို့က ကလေးထိန်းပေးမည့် သူရှိသော်လည်း မျက်နှာချင်းမြင်လျှင် တစောင်းစေးနှင့်မျက်ချေးဆိုသည်က များနေသည် ထက်ပိုနေခဲ့သည်လေ။ ကျွန်မသည်ပင် မောင် အိမ်မှာရှိနေလျှက်နှင့် ကျွန်မသားကို စိတ်ချလက်ချ မထားခဲ့နိုင်သည်ပဲ။
မသက်သာ၍ထားခဲ့ရသည့်တိုင်အောင် စိတ်ကမဖြောင့်။ လူဖြောင့်စိတ်တိုတတ်သည့် မောင်များ စိတ်မရှည်လျှင် သားကိုရိုက်လေမလား။ မောင် စာရေးနေလျှင် ဆူညံစွာ ဆော့ကစားတတ်သည့် သားကို ကိုင်ဆောင့်လေလိုက်မလားဆိုသည့် အတွေးနှင့် တစ်ရက်မှ စိတ်မဖြောင့်ခဲ့။
တစ်ခါတစ်ရံတွင် မောင့်ကို ကျွန်မ အံ့သြသည်။ သွေးရင်းသားရင်းဆိုသည့် စိတ်ပျောက်ပျောက်သွားတတ်ပြီး သားငယ်ကိုရိုက်နေသည်များ ကျွဲရိုက် ၊ နွားရိုက်နေသည့်အတိုင်း။ ထိုနေ့ရက်များတွင် ကျွန်မက မောင့်ကို ဘီလူးစီးနေသည့်ဟုပင်ထင်မိရသည်။ တသိမ့်သိမ့်ရှိုက်ငိုနေသော သားကိုပွေ့ဖက်လျှက် မောင့်ကိုကက်ကက်လန် ရန်တွေ့ကာ စိတ်တွေ ဒေါသအဖုန်ဖုန်ထွက်ရသည်။
ထိုအခါမျိုးတွင်တော့ မောင်က သူမဟုတ်တော့သလိုမျိုး ကျွန်မကိုလည်း တောင်းပန်၊ သားငယ်ကိုလည်း ချော့မော့နှင့် ယုန်သူငယ်ပမာ ပျော့ပျောင်းလွန်းနေသေးပြန်သည်။ ကျွန်မ သံသယ မဖြစ်မိသည်က မောင့်သွေးသည် မောင့်လိုပင် တစ်ချိန်ချိန်တွင် ရဲလိမ့်မည်ဟုသာပင်..။
(၂)
“ဝယ်လာပြန်ပြီးလား ဒီအရုပ်တွေ၊ ဂစ်တာတွေက“
အိမ်ထဲဝင်လျှင်ဝင်ချင်း မောင့်စကားသံကြောင့် ကျွန်မပင်လျှင် ကြောင်အသွားရပါသည်။
“ဘာဖြစ်လဲ သားပူဆာလို့ ရင်အေး ဝယ်လာတာလေ။ သားလေးတစ်ယောက်တည်းရှိတာ ဝယ်မပေးရတော့ဘူးလား မောင်“
“ကျပ်ကျပ်အလိုလိုက် နော် မင်းသားကြီးလာရင် လိုလိုက်လို့အမိုက်စော်ကားလိမ့်မယ်“
“မဟုတ်သေးပါဘူး မောင်။ မောင် သားနဲ့ပတ်သက်ရင် ဘာလို့အဲလောက် တွန့်တိုနေရတာလဲ။ “
“မင်းဝယ်ထားတဲ့ အရုပ်တွေလည်း ဗီဒိုတစ်လုံးပြည့်တော့မယ်။ အခုလည်းထပ်ဝယ်လာတာ ပိုက်ဆံ အလကားဖြုန်းနေတာနဲ့မတူဘူးလား“
“ကျွတ်ခနဲ ကျွန်မ စုပ်သပ်မိသည်။ မောင့်ကိုအခါခါရှင်းပြရသည်ပင် အပ်ကြောင်းတွေထပ်ပြီး သည်ထက်ကွဲအပ်လာလျှင် မြေကြီးထဲသို့ပင် စကားလုံးတွေ ကျွံကျသွားနိုင်နေပြီ။ ကျွန်မလို မူကြိုကျောင်းဆရာမတစ်ယောက်က ဘာကြောင့် အလဟပ်သတ် အကျိုးမဲ့ ကိစ္စတွေကို လျှောက်လုပ်နေပါ့မလားဆိုတာ မောင် နည်းနည်းလေးမှ တွေးကြည့်ပုံမရတော့။
“ဒီမယ်မောင် ကျွန်မပြောမယ်..။ ကျွန်မ ဒီအရုပ်တွေကို သား ဆော့ဖို့ သက်သက်ဝယ်လာတယ်လို့ ထင်နေလို့လား။ ကျွန်မသားအတွက် အဓိပါယ်ရှိတာပဲလုပ်တယ်။ အကျိုးမရှိတာဆို လုပ်ကိုမလုပ်ဘူး။ ဒီဂစ်တာကို သားဆော့လို့ ဘာအကျိုးရလဒ်တွေရလာမယ်လို့ မောင်ထင်သလဲ“
မောင်မဖြေပါ။ ကျွန်မ ဆက်ပြောမိသည်။
“ဟောဒီ ဂစ်တာကို သားဆော့လို့ရလာမယ့် အကျိုးရလဒ်က သီချင်းတွေကိုနားထောင်မှုစွမ်းရည် မြင့်မားလာမယ်။ ဂီတ အခြေခံရရှိလာမယ်။ သံစဉ်များနဲ့လှုပ်ရှားမှုတွဲဖက်လုပ်ဆောင်လာတတ်မယ်။ပျော်ရွှင်မှုရလာမယ်။ တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှုရလာမယ်။ အသံနေ အသံထား ဥပမာ မောင်ရာ အသံတွေရဲ့ အနှိမ့်အမြင့်၊ အတိုးအကျယ်ကို သိလာမယ်။ ဘာသာစကားကြွယ်ဝလာမယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေရဲ့ သဘာဝအလေ့အထကို သိလာလိမ့်မယ်။ မောင်တောင် ငယ်ငယ်ကလေးထဲက စာတွေဖတ်၊ ကဗျာတွေရွတ်လာရလို့ ခု စာတွေတောင်ရေးနေတာပဲလေ။ ခုဟာက ကလေးတစ်ယောက်ရဲ့ဘဝကို ပြုစုပျိုးထောင်နေတာလေ။ ကဲ ဒါ ကျွန်မ ငွေဖြုန်းတာလား မောင်“
တိတ်ဆိတ်စွာဖြင့် မောင်ဘာမျှမပြောပါ။ သားငယ်ကိုသာ တစ်ချက်လှမ်းကြည့်သည်။
“မောင်က တန်ဆေးလွန်ဘေးဖြစ်မှာ ဆိုးလို့ပါ ကွာ“
“ဘာဆိုင်လို့လဲ မောင်…။ ကလေးကို ပြုစုပျိုးထောင်တာနဲ့ ဘေးကိုတွန်းပို့တာ တခြားဆီပါ။ မောင်သာ မောင်မရရှိခဲ့တဲ့ ကလေးဘ၀ လွတ်လပ်ပျော်ရွှင်မှုကို လိုက်ပိတ်ပင်နေတာတော့ တဆိတ်လွန်နေပြီနော်.။ တကယ်ဆို ပီတိတောင်ဖြစ်ရဦးမှာ။ ငါ့တုန်းက မရခဲ့တဲ့ ပျော်ရွှင်မှုကို ငါ့သားကရနေပါလားဆိုတဲ့ စိတ်ဖြစ်ရမှာ။ “
ဆက်ပြောနေလျှင် ကျွန်မရင်ထဲက အောင့်အီးထားသော စကားလုံးများ ခုန်ပေါက်ထွက်လာမည်ဆိုးသောကြောင့် ထိုနေရာမှ ထထွက်လာခဲ့တော့သည်။ သားငယ်ကတော့ ဘာမျှမသိပါပဲ ဟိုကြည့် ဒီကြည့်နှင့်ပင် ကျွန်မလက်ကိုဆွဲ၍ လိုက်ပါလာခဲ့လေသည်။ ထိုနေ့က ကလေးကစားစရာအရုပ်နှင့် တူရိယာပစ္စည်းထုပ်ကလေးကို ကျွန်မ သားအတွက် မဖောက်ဖြစ်ခဲ့ပါ။
(၃)
“မင်းသားကို မင်းကိုတိုင်သွားခေါ်လိုက် ငါစိတ်မရှည်ရင်ရိုက်မိလိမ့်မယ်နော်“
ဘာဖြစ်မှန်းမသိပေမယ့် ကျွန်မသားတစ်ခုခုလုပ်နေပြီဆိုတာတော့ အတတ်သိလိုက်ပါသည်။ ဒီနေ့ တနင်္ဂနွေ ကျောင်းပိတ်ရက်မို့ စိတ်လိုလက်ရရှိတုန်း အိမ်သန့်ရှင်းရေး လုပ်နေမိသည်။ စောစောတုန်းက ကျွန်မ မောင့်အဝတ်အစားတွေကို ဇလုံထဲသို့ထည့်ပြီး ရေချိုးခန်းတွင် ဝင်ထားတုန်းက သားက ရွံ့ရုပ်ကလေးတွေနှင့် ထိုင်ကစားနေသည်ပဲ။
“မောင် အဲဒီရိုက်မိလိမ့်မယ်ဆိုတဲ့ စကားကိုခဏခဏပြောတယ်..။ အဲဒါကြောင့် သားက မောင့်ကို မခင်တွယ်တာနေမှာ..။ သား ဘာလုပ်နေလို့လဲ။“
“မင်းသားရေဆော့နေတာ။ ရွံ့တွေ သဲတွေလည်း ပေနေတာ ပွထနေတာပဲ။ အိမ်ရှေ့ သဲပုံက သဲတွေကို ခွက်တွေထဲ ထည့်ဆော့နေတာ မင်းမသိဘူးလား“
ကျွန်မပြုံးမိရသည်။ သားရေဆော့၍ ဖျားမည်ကို စိုးရွံ့သည်လား မောင်။
“ဒါများ မောင်ရေ တစ်ခါတစ်လေ“
“မင်း ဘာသိလို့လဲ ရေဆော့လို့ဖျားရင် မောင်တို့ပဲ ပိုက်ဆံကုန်မယ်လေ။ ရေပေးမဆော့တော့ ကုန်စရာမလိုဘူးပေါ့။“
“မောင်ရယ် မောင်က အပြစ်မြင်တာတွေ သိပ်များတာပဲ။ ဒါကြောင့်ခုတလော မောင်ရေးတဲ့ စာတွေ မကောင်းတာနေမှာ။“
“ဘာကွ“
မောင်ကျွဲမြီးတိုသွားသလားတော့မသိ။ သည်လိုမျှမပြောရင် ဘယ်လို စကားလုံးများနှင့် ကျွန်မဆိုလိုချင်သည် စကားလုံးတွေကို ဘယ်လိုမှ ပြောတတ်မှာမဟုတ်။ ကျွန်မက မောင့်ထက် သားငယ်အတွက် အစစအရာရာ ပူပန်တတ်ပါသည်။ မိခင်တစ်ယောက်က သားသမီးကို အရိပ်တကြည့်ကြည့်နေတတ်သည်မှာ သဘာဝအကျဆုံးသော အလုပ်ဖြစ်သည်။ မောင်သာ သားကို ဥပေက္ခာပြုပြီး အပြစ်မြင်ကာ နေရာတကာ ရိုက်ချင်စိတ်ကအရင်ဖြစ်နေသည်။
“လာ မောင်။ မောင့်သားဘာလုပ်နေတာလဲဆို သွားကြည့်ကြမယ်။“
“ဘာလို့လဲ“
“လာပါမောင်ရယ်။ လိုက်ခဲ့စမ်းပါ။ ရင်အေး ရှင်းပြချင်တာရှိလို့။“
မောင်က ကျွန်မနောက်ပါးမှ လိုက်လာခဲ့သည်။ သားငယ်သည် ရေဇလုံထဲတွင် ကော်ခွက်ကလေးကို ထည့်လျှက် ရေတွေကိုခပ်လိုက် ပက်လိုက် လုပ်ဆော့နေသည်။ ကျွန်မကတော့ ကျေနပ်ပါသည်။ သည်လို အပြစ်ကင်းသော အပြုအမူအချို့ကို ကြည့်နေရရုံနှင့်ပင် ထိုပီတိကို ကျွန်မ မြိန်ရည် ရှက်ရည် စားသုံးချင်မိသည်မှာခဏခဏ။
“ သားဆော့နေတာ Sand and Water Corner ပဲလေ။ အခု သဲနဲ့ရေရဲ့ ဂုဏ်သတ္တိကို သားခံစားနေရလိမ့်မယ်။ သားရဲ့ အာရုံခံစားမှုကို တိုးတက်လာစေလိမ့်မယ်လေ မောင်ရဲ့“
“မင်းဟာက မဟုတ်သေးပါဘူး။ မောင်ငယ်ငယ်တုန်းက ရေဆော့ရင် မေမေက အရမ်းရိုက်တာ။ ဖျားမှစိုးကြတာ။ မင်းက ဘာလို့ မစိုးရိမ်တာလဲ“
“အို ဘယ်နှယ့်ပြောပါလိမ့် မောင်ရယ်။ မစိုးရိမ်ပဲနေမလား။ ရင်အေး သားကို နေ့တိုင်းရေကစားနေတာကို လက်ပိုက်ကြည့်နေလိမ့်မယ်လို့များထင်နေသလား မောင်။ ခွင့်ပြုချက်ဆိုတာကို သားအတွက် ရင်အေးက အတိုင်းအတာစံတစ်ခုအနေနဲ့ထားထားတာပါ။ ခု သားကို ဆော့လက်စနဲ့ပေးဆော့စေချင်တာ။ တကယ်ဆို တစ်ပတ်မှာ တစ်ခါလောက်တော့ ပေးကစားသင့်တာ။ သားကို ရင်အေး မေးပြမယ် ။ သား“
သားငယ်က လှည့်ကြည့်ပြီး ခစ်ခစ်နှင့်ရယ်ပြသည်။ သိပ်ချစ်စရာကောင်းသည့် ကလေး။ ပြုံးနေလိုက်သည်များ စိတ်ထဲတွင် ဘယ်လိုချစ်မိနေမှန်းမသိရသည့်အဖြစ်။
“ဒါဘာလဲ သား“
“ ရေ…ရေ…“
“လက်ထည့်ကြည့် လက်ထည့်ကြည့်“
“ရေ ရေ အေး..အေး“
ကျွန်မ မောင့်ကိုကြည့်ပြီး ပြုံးပြလိုက်သည်။
“ဒါပဲ မောင် ရေဟာ အေးတယ်ဆိုတာလောက်တော့ သား ဒီနေ့ ခံစားတတ်သွားတာ အမြတ်တစ်ခုပဲလေ“
(၄)
သဲနှင့်ရေကို သားကစားခြင်းကြောင့်ရလာမည့် အကျိုးရလဒ်တစ်ချို့ကို ကျွန်မ ထိုနေ့က ရှင်းပြဖြစ်ခဲ့သေးသည်။ သို့သော် မောင်စိတ်မဝင်စားနေကြောင်း ကျွန်မသိသည်။ ကိစ္စမရှိ။ ပြောဖန်များလျှင် တစ်လုံးပဲ သိသိ၊ နှစ်လုံးပဲသိသိ။ အသိတစ်ခုရသွားလျှင်ပင် ကျွန်မ ကျေနပ်ပါသည်။
“ ရေဆော့တယ် သဲဆော့တယ်ဆိုတာ စူးစမ်းခွင့်နဲ့ စမ်းသပ်ခွင့်ကိုပေးလိုက်တာ မောင်ရဲ့။ ဒါဆိုရင် မျက်စိနဲ့လက်ကို ဘက်ညီအောင် လုပ်ဆောင်တတ်လာလိမ့်မယ်။ ကြည့်လေ ရေခွက်ကိုကိုင်ပြီး ရေပါအောင်ခပ်လိုက်တာ။ ပြီးတော့ ရေကိုပြန်သွန်တာ။ ခု ကျွန်မ သားကို တကူးတက သင်စရာလိုခဲ့သလား။ ဒီလိုမှ ပေးမဆော့ထားရင် သား သူ့ဘာသာသူ အမြန်ကြီး လုပ်တတ်မယ်လို့ထင်သလား ။ဒီလို ဆော့ရင်းနဲ့ လက်ချောင်းကြွက်သားတွေ သန်မာလာပြီး စာရေးဖို့အသင့်ဖြစ်လာလိမ့်မယ်။ ရေ အေးတာကို သိရာကနေ ဘာသာစကားဖွံ့ဖြိုးလာလိမ့်မယ် ။သဲနဲ့ရေ ရောပြီး ပြောင်းလဲလာတဲ့ အရောင်ကိုကြည့်ပြီး တီထွင်ဖန်တီးမှု တိုးတက်လာလိမ့်မယ်။ဒါတွေကို တင်းကျပ်လိုက်ရင် သား အသိနောက်ကျလိမ့်မယ်လေ။ မောင်ရယ် တစ်ခါတစ်လေလေများ သားအတွက်ဆိုတဲ့ စိတ်ကလေးနဲ့ မောင့် ငယ်ဘဝတွေကို မေ့ပစ်သင့်ပါပြီ။“
မောင်က ဆွေးရီစွာ ကျွန်မကိုကြည့်သည်။ ပြီးတော့ သက်ပြင်းချသည်။ သည်လိုပဲ မောင်စကားတစ်ခုခုပြောတော့မည်ဆိုလျှင် သက်ပြင်းအရင်ချနေကျ။ ကျွန်မကတော့ မောင်ပြောလာမည့် စကားတွေကို အလိုက်သင့်လေး နားကြိုစွင့်ထားမိသည်။
“မောင် ငယ်ငယ်က အိမ်ပေါ်က ဆင်းခဲ့ရတာမဟုတ်ဘူး။ မောင်တို့အိမ်လမ်းကြားလေးမှာ ဆော့နေတဲ့ကလေးတသိုက်ကို ငေးကြည့်နေခဲ့ရတာ။ ခုလို သား ရေဆော့နေသလိုမျိုးသာ တွေ့လို့ကတော့ မောင့်တင်ပါးမှာ မေမေ့ဝါးခြမ်းပြား ဒဏ်ရာတွေက အလျှိုးလိုက်ထင်းနေခဲ့တာ။ ဒီလို အရုပ်မပြောနဲ့ ရွံ့ရုပ်တောင် ပေးဆော့တာ မဟုတ်ဘူး။“
“မောင့်မေမေက ချစ်လွန်းလို့နေမှာပါ မောင်ရယ်“
“မေမေ့ အချစ်ကို မောင် သံသယမဖြစ်ပါဘူး။ ဒါပေမယ့် ကလေးတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို မောင်မရခဲ့တာတော့ ခုထက်ထိ နာကျည်းနေဆဲပဲ။ မောင့်အရွယ် ကလေးတွေကိုကြည့်ပြီး သူတို့ သိပ်ကံကောင်းတယ်လို့ မောင် တွေးခဲ့တာ။ သူတို့ဆော့နေတာ ပေကျံလူးလို့။ သူတို့ မိဘတွေ ဘာမှမပြောကြဘူး။ သူတို့က မောင့်ထက်လွတ်လပ်လွန်းတယ်လို့ မောင်က နေ့တိုင်းခံစားခဲ့ရတာ။ သူတို့လေးတွေ ဆော့နေရင် မောင်က စာကျက်နေရတယ်။ စာစီစာကုံးရေးနေရတယ်။ သူတို့ကစားနေသံကြားရင် မောင် ဘာစာမှမကျက်နိုင်ဘူး။ ဒါကိုမေမေသိတော့ မောင့်ကို အဒေါ်အိမ်ကိုပို့လိုက်တယ်။ အဲဒီကလေးတွေ ကစားနေသံကိုမကြားရအောင်လို့တဲ့“
“ကြာတော့ မောင်ကြည့်မရတဲ့ သူတွေက အဲလိုလွတ်လပ်ပျော်ရွှင်နေစွာကစားနေတဲ့ ကလေးတွေကိုပဲ။ ခု မောင့်သား ဆော့နေ ကစားနေတာမြင်ရင် အလိုလိုနေရင် ကြည့်မရဖြစ်နေတာ မောင် ရူးနေလို့ မဟုတ်ပါဘူးနော်“
“မောင်ရယ်“
ကျွန်မ ဘယ်လို ပြောရမှာလဲ။ နှစ်သိမ့်မှုတွေနှင့်အတူ မောင့်လက်ဖျားတွေကို ကျွန်မ ဖမ်းဆုပ်ထားလိုက်သည်။ ထိုညသည် ကျွန်မနှင့် မောင့်အတွက် အပြာရောင်ညချမ်းကလေးတစ်ည ဖြစ်သွားခဲ့ပါသည်။
(၅)
ကျွန်မ သည်ကနေ့ကျောင်းတွင် ကလေးတွေကို ပန်းချီသင်ပေးသည်။ ထိုအချိန်တွင် မောင်က ကျွန်မတို့သားအမိကိုလာကြိုသည်။ ကျွန်မက လက်ပြပြီး ခဏစောင့်ခိုင်းက ကလေးတွေ ဆွဲလက်စပန်းချီပုံကို လက်စသတ်ပေးလိုက်သည်။ ကလေးတွေဆွဲထားသည်က ပန်းပုံတွေ၊ သစ်ပင်ပုံတွေ၊ လူပုံတွေ။
“ဆရာမ မီးမီးပုံလှလားဟင်“
ကျွန်မ ယူကြည့်လိုက်တော့ ပန်းပွင့်ကလေးတွေကို မဆွဲတတ် ဆွဲတတ် ဆွဲထားသော်လည်း ထိုကလေးမလေး၏ အရောင်ရွေးချယ်ပုံကို ချီးကျူးလိုက်မိသည်။
“လှလိုက်တာ သမီးရယ်…။ ဒီပန်းပွင့်ကလေးက ဘာလို နီနေရတာလဲ မီးမီး“
“ဒါ နှင်းဆီရောင် ဆရာမရဲ့ မေမေကပြောတယ် နှင်းဆီက အနီရောင်တဲ့“
ကျွန်မ ကျေနပ်လိုက်တာလေ။ မောင်က နောက်ကလက်ပိုက်ကြည့်နေသည်။ မောင်မျက်လုံးများသည် တစ်နေရာတွင် စုပုံကျရောက်နေသည်ကိုတွေ့သဖြင့် ကျွန်မလှည့်ကြည့်မိတော့ သား ကို။ သားဘာတွေ ခဲတံနှင့် ပုံဆွဲနေသည်။
“မောင် ဘာကြည့်နေတာလဲ“
“သားဆွဲထားတဲ့ပုံကိုကြည့်နေတာ….“
“ဟင်…“
သား…။ သားဆွဲထားသည်မှာ လူပုံ။ လူသုံးယောက်ရှိပါသည်။ အလည်တွင် လူပုံက သေးသေးလေ။ ဘေးတစ်ဖက်တစ်ချက်ဆီတွင် လူကြီးနှစ်ယောက်၏ ပုံမျိုး။ မိန်းမနှင့်ယောကျာ်းဆိုသည်ကို ခွဲခြားနေစရာမလို တစ်ပုံက ဆံထုံးလိုလို အလုံးကြီးနှင့်။ တစ်ပုံက လေးထောင့်ကျကျ မျက်နှာပိုင်ဆိုင်ထားသော လူပုံ။တစ်ခုပဲ။ ထိုယောကျာ်းဟု ယူဆရမည့် ပုံကို သားက အမည်းရောင်ခြယ်ထားသည်။ မောင့်ကိုကြည့်တော့ မောင်မျက်နှာမကောင်းပါ။
ကျွန်မ မျက်ရည်ဝဲသွားမိသည်။ တန်ပြန်သက်ရောက်မှု၏ အကျိုးသက်ရောက်မှုကို မောင် မျက်ဝါးထင်ထင်မြင်သွားခဲ့လေ သလားမောင်ရယ်..။ တစ်နေ့ညက မောင့်ကို ပြောပြမိခဲ့သည့် အကြောင်းအရာတစ်ချို့ကို ကျွန်မ မှတ်မိသည်။
“မောင် သားက ခု ပုံဆွဲတတ်နေပြီ။“
“ဟာကွာ ကကြီး၊ ခခွေးရေးနည်းမသင်ပဲနဲ့ ပုံဆွဲနည်းအရင်သင်ရသလား မူကြိုဆရာမရဲ့“
“မောင်ကလည်း တလွဲတွေးတော့မယ်။ အခု ရင်အေး သားကို Art and Creative Corner လုပ်ပေးနေတာ။ ပုံဆွဲခြင်းကြောင့် ဘာတွေ သိလာမယ်လို့ မောင်ထင်လဲဟင်“
“ဘယ်သိမလဲ မင်းက ဆရာမကြီးပဲ ရှင်းပါဦး“
“မောင်မငေါ့နဲ့ ဒီမှာ ရင်အေးပြောပြမယ် မောင်ရဲ့။ အခု သားရဲ့ ခံစားမှုနဲ့အတွေးက မြင့်လာတယ်မောင်ရဲ့။ သားရဲ့ခံစားချက်ကို မပြောပြလည်း သားဆွဲထားတဲ့ ပုံတွေကိုကြည့်ရင် မောင်နဲ့ရင်အေး သားစိတ်ကိုဖတ်လို့ရပြီလေ။ ပုံတွေဆွဲနေတော့ မောင်တို့ ရင်အေးတို့ ပတ်ဝန်းကျင်က ရုပ်ဝတ္ထုပစ္စည်းတွေကို သားရဲ့စိတ်ကူးတွေနဲ့ဖော်ပြလာနိုင်မယ်။ အဲဒီ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ အရွယ်အစား၊ ပုံသဏ္ဍာန်၊ မျက်နှာပြင်အထိတွေ့တွေကိုသား ထိတွေ့ပြီး အမြင်တွေရလာမယ်။ နောက် အရောင်တွေကို ခြယ်သလာနိုင်မယ်။ ပြီးရင် သားရဲ့ စိတ်ကူးတွေနဲ့ ပုံတွေဆွဲလာနိုင်မယ်လေ။ “
ကျွန်မ အားတတ်သရောနှင့်ထိုနေ့ညက Outdoor Equipment (ပြင်ပကစားကွင်းပစ္စည်းကရိယာများနှင့် ထိတွေ့ခြင်း)၊ Hand and Work Corner(လက်မှုလုပ်ငန်းများပြုလုပ်စေခြင်း)၊ Book Corner (စာဖတ်ရန်နေရာထားရှိပေးခြင်း)၊ Pretend Corner (အတုလုပ်တမ်းကစားခြင်း)၊ Games Corner(ကစားနည်းများ၊ကစားစရာများ ထားရှိပေးခြင်း) အကြောင်းများကို ပြောပြဖြစ်ခဲ့သည်။ ကျွန်မ ပြောပြပြီးချိန်တွင် ဘယ်အချိန်ကတည်းက အိပ်ပျော်သွားမှန်းမသိသော မောင်သည် တခေါခေါနှင့်ပင် ဟောက်၍ပင်နေပါသည်။
ထိုအကြောင်းအရာများ မောင်ကြားခြင်းရှိမရှိကို ကျွန်မ မသိသော်လည်း ယခုမြင်ရသော သား၏ ပန်းချီကို ကျွန်မကြည့်ပြီး သား၏ စိတ်ကို ကျွန်မ ဖတ်ခွင့်ရပါသည်။
သို့သော် မောင် ဖတ်ခွင့်ရသည့် သား၏ စိတ်ကဗျာသည် ရွတ်၍ကောင်းပါမည်ဦးမလား ကျွန်မ မသိပါ။
ကျွန်မရင်ခွင်ထဲတွင် သားကို တင်းကျပ်စွာပွေ့ဖက်ထားလိုက်သည်။
သားအတွက်သာ ရှေ့ကိုလှမ်းနေသော ကျွန်မ ခြေလှမ်းများ၊ မောင့်အတွက် ကျွန်မလက်တွေ ကမ်းလင့်ခဲ့သည်မှာ နောက်ကျသွားခဲ့လေသည်လား။
သား၏ စိတ်ထဲကို ကျွန်မ အသိတစ်ချို့ကို လမ်းမဖွင့်ပေးဖြစ်ခဲ့ပါ။
နှစ်သိမ့်မှုမပေးခဲ့ပါ။
~~~~~~~~~~~~~~~~~~~
ဤပန်းချီကားလှသည်ဟု ကျွန်မမပြောပါ။ သို့သော် မောင်သည် မြတ်မြတ်နိုးနိုးဖြင့် နံရံတွင် ချိတ်ထားခဲ့ပါသည်။ ပန်းချီကားကို သေချာဘောင်ကွပ်ထားက လူမြင်သူမြင်အောင် ပြသထားသော မောင့် စိတ်ကို ကျွန်မနားလည်သလိုရှိပါသည်။
ဤပန်းချီကားတွေ လူသုံးဦးရှိပါသည်။ အလယ်က ကလေးတစ်ယောက်၏ ပုံတွင် ဘာအရောင်မျှ မခြယ်ထားပါ။ ဘေးတစ်ဖက်တစ်ချက်ဆီတွင်တော့ ဆန့်ကျင်ဘက်အရောင်ဖြစ်ပါသော အနက်နှင့်အဖြူကို ခြယ်ထားပါသည်။

သော်ဇင်(လွိုင်ကော်)
မြင်ကွင်းမဂ္ဂဇင်း၊ ၂၀၁၅




No comments:

Post a Comment

ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ

စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...