Monday, October 10, 2022

Lake Pekhon Houseboats


 

Mya (မြ) - Thaw Zin Loikaw



 

This video is radio version for "Mya" short story by Thaw Zin (Loikaw). He is a writer and he live in Loikaw, Kayah State. He was published magazine's short story collection in June, 2016. His book name is " A Boe Nin Ngwe Yaung Assita"(Grandpa and the Silver Mind). Now this is a well known story of Thaw Zin (Loikaw).It is a story about young girls who have made a very conscious decision. Listen here!

 


Sunday, October 9, 2022

လက်လီလက်ကား



သည်ကနေ့မနက်ခင်းတွင်သတင်းတစ်ပုဒ်ရေပန်းစားနေ၏။ ဒေါ်ပုမ မုန့်ဟင်းခါဆိုင်အတွင်းစားသုံးနေသူ အတော်များများသည်ထိုသတင်းအား တဖွဖွပြော မဆုံးဖြစ်နေကြသည်။တစ်ချို့ကသတင်းရင်းမြစ်ကို အတိအကျသိထားပြီး တစ်ချို့ကတော့ယခုမှသိရသဖြင့်မိန်းမသားများက ရင်ဘတ်ကိုဖိပြီး အံ့သြကြသည်။ယောကျာ်းသားများက တစ်နေ့ဒီလိုဖြစ်ရမှာဆိုတာ သိတယ်ဆိုသည့်မျက်နာပေးများနှင့် တစ်ယောက်တစ်ခွန်း ထင်မြင်ချက်တွေကို လုပြော နေကြသည်။နောက်ဆုံး မုန့်ဟင်းခါးစားပြီး ပိုက်ဆံရှင်းကြသည့်အခါဘယ်သူကမှမမေးပါပဲ အားလုံးလိုလို ပြောသွားကြသော စကားတစ်ခွန်းရှိသည်။ထိုစကားသည်တစ်ပါးသူဒုက္ခရောက်ခြင်းကို မစာမနာ မုဒိတာပွား လိုက်ကြသော စကားဖြစ်တစ်ခွန်းဖြစ်နေသည်ကတော့အလွန်ပင်ထူးဆန်းနေခဲ့ပါသည်။
(၁)
“ကိုဖိုးစိန်ကြီးက ကြိမ်းမောင်းသွားခဲ့တယ်”တဲ့။အမှန်တော့ထိုစကားသည်ရိုးရိုးတန်းတန်းပြောလျှင်ဤမျှလောက်အထိ ဟိုးလေးတကျော်ကျော်ဖြစ်စရာမရှိဘူးဟု ထင်စရာရှိသည်။သို့သော် ကြိမ်းမောင်းသည်ဆိုသည့်စကားသည်ကိုဖိုးစိန်နုတ်က ထွက်ခဲ့သည့်စကားဖြစ်နေခြင်းကြောင့်ရပ်ကွက်အတွင်းရှိလူများက အံ့သြ တုန်လှုပ်နေကြသည်။တစ်ချို့ကကိုယ်နှင့်မဆိုင်သဖြင့်မကြောက်ကြသော်လည်း တစ်ချို့ပါးစပ် ဟောင်ဖွာဟောင်ဖွာ ရှိတတ်သူများ ငြိမ်ကုတ်သွားကြသည် ကတော့လက်တွေ့မြင်နေရ၏။ ကိုဖိုးစိန်ကို ဖမ်းသွားသည့်နေ့က ရပ်ကွက်ထဲအုတ်အော်သောင်းနင်းဖြစ်သွားကြသည်မှာ ဖိုးခေါင်လမ်း တစ်လမ်းလုံးပင်ဖြစ်သည်။ကိုဖိုးစိန်မိန်းမ ငိုသံသည်စီခနဲထွက်လာပြီးသည့်နောက်ကိုဖိုးစိန်ကို ရဲတွေလက်ထိပ်ခတ်ပြီး ကားပေါ် ခေါ်တက်သွားသည်ကိုသာ မြင်လိုက်ရပြီး မည်သည့်အတွက်ကြောင့်ဖမ်းဆီးသွားသည်ကို မည်သူမျှမသိကြ။ ရပ်ကွက်သူ ရပ်ကွက်သားတွေမြင်လိုက်ရတာကတော့ရဲကား နှစ်စီး ဝူးခနဲထိုးစိုက် ဝေါခနဲပြန် ထွက်သွားသည် ကိုသာဖြစ်၏။
သို့သော်ကိုဖိုးစိန်ကို ဖမ်းသွားသည်ဟု ဆိုလိုက်သည်နှင့်လူတိုင်းက ကောင်းတယ်ဆိုသည့်စကားကို လွှတ်ခနဲတော့ ထွက်သွားကြသည်မှာ လွယ်လွန်းလှသည်။ကိုဖိုးစိန်မိန်းမ မကြည်ဝင်းက ထိုစကားကို ပြန်ကြားရသည့်အခါအရပ်ရှစ်မျက်နာသို့ လှည့်ပြီး ထမီခါးစောင်းတင်ကော်တုတ်ဆဲလေတော့သည်။ မကြည်ဝင်းကနဂိုကတည်းက နုတ်ကြမ်း လျှာကြမ်းဆိုတော့ဘယ်သူမှလည်း ပြန်လည် မပြောရဲမဆိုရဲ။ မကြည်ဝင်း က အရပ်ကို ငါကိုင် တုတ်ဆဲဆိုနေချိန်တွင်မည်သူမျှ တုတ်တုတ်မလှုပ်ကြ။ယုတ်စွအဆုံး ရပ်ကွက်အုပ်ချုပ်ရေးမှူးပင်လျှင် မကြည်ဝင်းအိမ်နှင့် မျက်နာချင်း ဆိုင်ဖြစ်ပါလျှက်မည်သို့မျှမတားမဆီးပဲ အိမ်ထဲတွင်ပင်ကုတ်ကတ်နေနေ၏။
မကြည်ဝင်းကလည်း ဆဲဆိုနည်း သျှတ္တရတွေကိုပဲ အာဂုံဆောင်ထားသလားမပြောတတ် ဖရုဿဝါစာ စကားတွေနှင့်မည်သည့် အမည်မျှမတပ်ပဲ စိတ်ရှိတိုင်းကော်ဆဲနေလေရာ အရှေ့ခုနှစ်အိမ်အနောက်ခုနှစ်အိမ်ရှိ အိမ်ထောင်စုများမှာ မလူးသာ မလွန့်သာရှိမည်ကတော့အမှန်ပင်။
”အမလေး ကြည်ဝင်းယောကျာ်း ရဲဖမ်းတာ ကောင်းတယ်လို့ပြောတဲ့သူတွေနင့်တို့ယောကျာ်း နင့်တို့အစ်ကိုတွေ ဖြစ်နေမယ်ဆိုရင်ဒီလိုပြောမလားဟဲ့။ နှစ်ပဲခြောက်ပြားသမားကို တို့ကြထောင်ကြတော့နင့်တို့အဖေတွေက နင်တို့ကိုဘာပေးလို့လဲ။ ကဲ အခု ကြည်ဝင်းကိုလာဖမ်းစမ်းပါ ကြည်ဝင်း အရပ်တကာလှည့်ပြီး ဘာလုပ်တယ်ဆိုတာ သိတယ်မလား။ သိကြတယ်လား။
ယောကျာ်းတွေက ယောကျာ်းလိုမနေပဲ ထမီဝတ်နေတဲ့ ခေတ်ဆိုတော့လည်း လုပ်ထားဦးပေါ့။သူတောင်းစားတော့သူတောင်းစားပဲ ကြည်ဝင်းတို့ ထမင်းဝတဲ့နေ့ နင်တို့ခေါင်းတက်ခေါက်မယ်သိလား။ အားလုံးကို ဒါပဲ။ သိလား။ ကြည်ဝင်းက နင်တို့ကို ဒါပဲ”
နေ့ခင်းကြောင်တောင် လျှပ်စီးလျှပ်သည်ဟု ပြောမလား၊ မိန်းမတစ်ယောက်၏ချစ်ခင်စုံမက်ခြင်းခံရသော ဆန့်ကျင်ဖက်လိင်တစ်ဦးသာ မြင်ခွင့်ရှိသော မမြင်အပ်သည့်အရာကို မကြည်ဝင်းတစ်ယောက်က အရပ်ကို ဒါပဲဟူသည့်ပုံစံဖြင့်လှစ်ပြလေရာ မြင်လိုက်ရသူများအဖို့ မျက်နာများကို လွှဲယူရတော့သည်။ထို့နေ့တစ်နေ့လုံး ဖိုးခေါင်လမ်းသည်တိတ်ဆိတ်ခြောက်သွေ့သွားသည်မှညနေစောင်း ညီအစ်ကိုမသိတသိအချိန်ထိဖြစ်သွားရ၏။ သည်တွင်ပင်ဖိုးခေါင်လမ်းသည်မီးများတစ်ပွင့်စီအပွင့်
”ငနီ ပြန်ရောက်လာပြီ”ဆိုသည့်အသံသည်ကားနောက်လိုက်တစ်ဦးဖြစ်သော သိန်းဇံဆီမှ ကြားလိုက်ကြလေရာ ဖိုးခေါင်လမ်းအတွင်းနေသူများ
”အင်းအရှုပ်ထုပ်တော့စပြီ”ဟု တစ်ယောက်နှင့်တစ်ယောက်လက်တို့ပြောလိုက်ရလေသည်။
(၂)
တစ်ချို့ကကိုဖိုးစိန်ကိုထောင်ထဲပို့သော တရားခံမှာ ငနီများလားဟု သံသယစကားတွေပြောနေကြသည်။ငနီက သူ့အမေ မကြည်ဝင်းအိမ်ကို ခုတစ်ခေါက် ပြန်လာသည်တွင်အထုပ်အပိုးတွေနှင့်ဆိုတော့ငနီများ သူ့အမေနှင့် အတူနေခွင့်ရအောင်ကိုဖိုးစိန်ကို ရဲလက်တို့သတင်းပေးပြီး ဖမ်းစေခဲ့သလားဟု တွေးကြသည်။ကိုဖိုးစိန်ကိုရဲဖမ်းတုန်းက ကိုဖိုးစိန်ကြိမ်းသွားခဲ့သော စကားကလည်းရှိသေးသည်။ထိုစကားက
”ငါထွက်လာလို့ကတော့ဘယ်သူဖြစ်ဖြစ်တို့တဲ့သူကို သတ်ပြီးထောင်ထဲပြန်ဝင်မယ်”ဆိုသည့်စကား။ ငနီကလည်း ကိုဖိုးစိန်ကိုဖမ်းပြီးနောက်တစ်ရက်မှာ ရပ်ကွက်အတွင်းပြန်ရောက်လာသည်ဆိုတော့ထင်မည်ဆိုလည်း ထင်စရာဖြစ်လာ၏။ ငနီနှင့်ကိုဖိုးစိန်၏အကြောင်းကိုတော့ရပ်ကွက်က နှောကျေအောင်သိကြသည်။ ငနီက ကိုဖိုးစိန်ကိုမျက်နာချင်းမဆိုင်သလို ကိုဖိုးစိန်ကလည်း ငနီရှိသည့်အရပ်ဘက်သေးပင်လှည့်မပေါက်။အမြဲတမ်းလိုလို အယုတ္တအနတ္တစကားတွေနှင့်ခွေးဆိုသလို ဆိုနေကျ။ငနီကလည်း အရွယ်ကသာ ဆယ့်လေးငါးနှစ်ဆိုသော်လည်း သေသွားသည့်သူ့အမေ မကြည်ဝင်း၏ ယောကျာ်း ကိုဆန်းတင့်၏အဆစ်အပေါက်ကို အမွေရထားလေးတော့ထွားကျိုင်းလှသည်။သွားပုံလာပုံက ကိုဆန်းတင့်နှင့်တစ်ထေရာတည်း။
အချို့ကကိုဆန်းတင့်ပုံကို ချွတ်စွတ်ထားသလိုပဲဟု ပြောကြသည်။ငနီက ကိုဖိုးစိန်နှင့်နပန်းပြိုင်လုံးမလား လက်သီးချင်းယှဉ်ထိုးမလား မမှု။ငယ်ကတည်းက ဖားရိုက်ငါးရိုက်နေသည့်ကောင်။လက်ရဲဇက်ရဲ သတ်ရဲဖြတ်ရဲသည့်အလေ့က ကိုဆန်းတင့်နှင့်ထပ်တူညီသည်ဟုပြော၍ရသည်။ကိုဆန်းတင့်က ဝက်သတ်သမား။ငနီအဖေမသေခင်ရပ်ကွက်ထဲ ဝက်ပေါ်လျှင် ငနီကလိုက်နေကျ။ငနီအရွယ့်ဆယ့်နှစ်နှစ်ကတည်းက ခေါင်တို့ အရက်တို့စမ်းတတ်နေပြီ။ ခုဆိုတော့မပြောတော့နှင့်။
ကိုဖိုးစိန် မကြည်ဝင်းနှင့်ယူတော့မည်ဆိုသည့်သတင်းကို ငနီစကြားတုန်းက ခုဖိုးခေါင်လမ်းလေး သိမ့်သိမ့်တုန်ခဲ့ရသေးသည်။ကိုဖိုးစိန်ကလည်း ကိုဖိုးစိန်။ပြောရရင်ကန့်လန့်လူသားဂွသမား စစ်စစ်တစ်ယောက်။ကိုဖိုးစိန် မကြည်ဝင်းကိုအရယူလိုက်ပုံကလည်း သင်းလှသည်။
တစ်ချက်တည်း ကျင်းဝင်အောင် ဘယ်လိုရိုက်ထည့်လိုက်သလဲ ဆိုသည်ကို မကြည်ဝင်းပင် မလွှဲမရှောင်သာတော့ပဲ မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်း ငြိချင်သည့်အနေအထားနှင့် ကွက်တိဖြစ်သွား လေသလားမပြောတတ်။
(၃)
မကြည်ဝင်း အဆစ်အပေါက်ကလည်း လှတုန်း တင့်တုန်းဆိုတော့ကိုဖိုးစိန်သဘောကျနေခဲ့သည်မှာ ကိုဆန်းတင့်မဆုံးခင်ကတည်းကဟုဆိုသည်။ကိုဖိုးစိန်က မကြည်ဝင်းကိုပြောနေကျစကားတစ်ခွန်းရှိသည်။
”အကြည်ရာ နင့်ကို ငါငရဲအကျခံပြီးကြိုက်လာခဲ့ရတာပါဟ ”ဆိုသည့်စကားဖြစ်သည်။ထိုစကားကြောင့်ပဲ မကြည်ဝင်း ကိုဖိုးစိန်ကို ကျခဲ့သလားတော့မပြောတတ်။ နုတ်ကြမ်းလျှာကြမ်း မိန်းမတစ်ယောက်ကို မည်သူကမှကလေးတစ်ယောက်အမေ မုဆိုးမဆိုပြီး မတို့မထိရဲ။ ကိုဖိုးစိန်က နုတ်နှင့်တို့သည်မျက်စိနှင့်ထိသည်။ကိုဖိုးစိန်အပေါင်းအသင်းတွေကလည်း မူးလာတိုင်း ကိုဖိုးစိန်ကို
”မင်းမို့ငရဲကျခံပြီးကြိုက်ခဲ့တာ ဟိုကဖြင့်သိတောင်မသိဘူး”ဆိုသည့်စကားကို မကြည်ဝင်းအိမ်ရှေ့ဖြတ်တိုင်း တမင်အသံမြင့်ပြောခဲ့ကြရသည်မှာ တစ်ပတ်တိတိ။ ကိုဖိုးစိန်က ဇာတ်တိုက်ပြီး ထိုသို့ပြောပြောသွားတော့ မကြည်ဝင်းကငရဲအကျခံပြီးကြိုက်ခဲ့သည်ဆိုသည့်စကား၏ အဓိပ္ပါယ်ကိုသိချင်လာသည်။သို့နှင့်မိန်းမသားပရိယာယ်နှင့်ရပ်ကွက်ထဲ အိမ်လည်အတင်းအဖျင်းနှိုက်ထုတ်ကြည့်လေရာ ကိုဖိုးစိန်မှာ မကြည်ဝင်း၏ လင်ကြီး ကိုဆန်းတင့်ငုတ်တုတ်ရှိစဉ်ကတည်းက ချစ်ခင်စုံမက်နေခဲ့ရသဖြင့်သူတစ်ပါးမယားကိုပြစ်မှားခြင်းဖြင့်ကျရောက်နိုင်သော ဒု၊သ၊န၊သော ဟူသည့်ငရဲကို ကြောက်သော်လည်း အကျခံမည်ဆိုသည့်စိတ်ဖြင့်နေရသောကြောင့် ဖြစ်သည်ဟု သိရလေ၏။ သည်တွင် မကြည်ဝင်း၏မုဆိုးမတစ်ခန်းရပ်ပြဇာတ်သည် ပြည်ဖုံးကားချပြီး ဘဝအားအသစ်တစ်ဖန်ပိတ်ကားဖွင့်ဖို့ပြင်ဆင်ဖြစ်ခဲ့သည်။သို့သော်ငနီဟူသော သားတစ်ယောက်၏ရင်တွင်းခံစားချက်ကိုမူ မကြည်ဝင်းမှာ စိုးစဉ်မျှမသိခဲ့။
ချစ်ခြင်းဟူသည်သားကိုပင်မေ့စေခဲ့သလား မပြောတတ်သော်လည်း ကိုဖိုးစိန်၏ကြွေးကြော်သံကိုဖြင့်ငနီက ယနေ့တိုင်မမေ့ခဲ့ပါပေ။ ထိုသည်က
”ဖိုးစိန်ဆိုတဲ့ကောင်က မကိုပဲ ခင်မယ်ဥကိုတော့မခင်နိုင်ဘူး။ ငါ့ဒူးမနာဘဲနဲ့တော့ငါလက်က ပခုံးဖက်မှာမဟုတ်ဘူး။ အေး ဒါပေမဲ့အရိပ်တော့ခိုခွင့်ပေးမယ်။ ငါ့အရိပ်ကိုခိုရင် ငါ့အခက်ကိုမချိုးနဲ့။နားတတ်ရင် ငါ့သစ်ကိုင်းမှာ ငှက်တစ်သောင်းနားခွင့်ပေးမယ်။မနားတတ်ရင်တော့ငါခါချရမှာပဲ။” ဟူသတည်း။
(၄)
သားနှင့်ပထွေးကြား ဗျာများရသော မိန်းမတစ်ယောက်အဖြစ်တော့ မကြည်ဝင်းကမရပ်တည်ပေ။ စိတ်ပြတ်သော မိန်းမသားတစ်ယောက်ဖြစ်သည်နှင့်အညီ ငနီဆိုလျှင်ငနီကို နင်ပဲငဆဆိုပြီး အိမ်ပေါ်က နှင်ချချင် နှင်ချတတ်သည်။ကိုဖိုးစိန်မှားလည်းလျှင်ကိုဖိုးစိန်ကို နှစ်ပြားမတန်အောင်ပြောပြီး မကြည်ဝင်းအိမ်ပေါ်ကဆင်းသည်။ အိမ်က ကိုဖိုးစိန်၏အိမ်ကိုး။ ကိုဖိုးစိန်နှင့်ငနီက ဘယ်တော့မှမျက်နာချင်းဆိုင်တွေ့၍မရ။ ကိုဖိုးစိန်ရှိလျှင်ငနီမရှိ ။ ငနီရှိလျှင်ကိုဖိုးစိန်မရှိ ထိုသို့မှအဆင်ပြေသည်။သို့မဟုတ်လျှင်ဒုတ်တပြတ် ဓါးတပြတ်နှင့် ဖိုးခေါင်လမ်း သွေးဆူရသည်။ငနီကို ကိုဖိုးစိန်က အိမ်တွင်မထားချင်၊ငနီကလည်း ကိုဖိုးစိန်ကို အိမ်တွင်မမြင်ချင်နှင့်မည်သူ့အိမ်ပေါ်ကဆင်းရ ဆင်းရ ဖြစ်သည့်နည်းနှင့် ရန်ပွဲကိုစသည်။တစ်ခါတစ်ရံ ဘာမဟုတ်သည့်အသေးအမွှားကိစ္စများကို ချဲ့ထွင်ရန်ဖြစ်တတ်လေရာ မကြည်ဝင်းက သူ့သားနှင့် သူ့ယောကျာ်းကို ယခုလို အော် ပြီးပြောတတ်သည်။
”နင်တို့တော်မလားမတော်ဘူးလား။ ဘယ်နှယ့်နင်တို့က တစ်အိမ်တည်းနေပြီ နှစ်ပါတီထောင်နေကြတာ။ တစ်ယောက်နဲ့တစ်ယောက်လေလည်တာတောင်ထပြီး အပြစ်လုပ်နေကြတော့ ငါဘယ်လိုလုပ်ဒီအိမ်ထဲနေရမလဲ။ ယောကျာ်းက မဲဆွယ်လိုက်၊သားက မဲဆွယ်လိုက်ငါက ဘယ်သူ့ဖက်လိုက်နေရမလဲ သေချင်းဆိုးတွေရဲ့”ဟုဆိုသည်တွင်ဘေးအိမ်များပင်ကြိတ်ပြုံးရ၏။
ရေဒီယိုကိုနေ့စဉ်နားထောင်သော ဦးဘတုတ်က ယခုလိုပြောရသည့်အထိပင် မကြည်ဝင်း၏စကားက ပေါက်လှသည်။
”အမယ် မကြည်ဝင်းတောင်ဒီစကားတွေပြောတတ်နေပါရော့လား မသိရင်လွတ်တော်ဥက္ကဌလိုလို”
သို့နှင့်ငနီ ကိုဖိုးစိန်အိမ်ပေါ်ကဆင်းဖြစ်သွားသည်။ထိုသည်က ငနီ မိန်းမခိုးလာသောကြောင့်ဖြစ်၏။ မကြည်ဝင်းကတော့ဘာမှမပြော။ ကိုဖိုးစိန်ကတော့
”လူကဖြင့်ဘာမှမစုံသေးဘူး၊ တဏှာကတကျောထချင်တဲ့ကောင်၊ ငါ့အိမ်ကထမင်းတော့မကျွေးနိုင်ဘူးဟေ့ ”ဟု မကြားတကြားဆိုရာမှငနီနှင့် ထသတ်ပြီးသကာလ မကြည်ဝင်းမှာ ငနီ့ကိုအိမ်ပေါ်ကဆင်းချေ။ဟူ ဆိုလေရာ ငနီမှာ ညားခါစမိန်းမလက်ကိုဆွဲ၍ အိမ်ပေါ်ကဆင်းခဲ့ရသည်။ထိုသို့အိမ်ပေါ်ကမဆင်းခင် ငနီကြိမ်းဝါးခဲ့သည်မှာ
”ခင်ဗျားကြီး ကျုပ်အမေနားမရှိအောင် ကျုပ်တစ်နေ့လုပ်ပြမယ်”ဟူ သတည်း။
(၅)
ခု ငနီ မကြည်ဝင်းအိမ်ကိုပြန်ရောက်နေပြီ။ မကြည်ဝင်းက ငနီ မယားမပါလာသည်ကိုတွေ့သော်လည်း ဘာမှမမေးပဲနေ၏။ မကြည်ဝင်းမှာ တစ်နေ့တစ်နေ့အမေးအမြန်းအစူးအစမ်းနှင့် စိတ်ရှုပ်နေသဖြင့်ငနီကို ဘာမှမပြောအားသည်လည်းပါသည်။
တစ်ခါတစ်ခါတော့ရပ်ကွက်ထဲကပြောနေကြသော ငနီများ ရဲကိုသတင်းပေးသလားဆိုသည့်စိတ်ကလည်း သံသယဖြင့်ပူလောင်မိသေး၏။ အကယ်၍ငနီသတင်းပေးခဲ့ဦးတော့ မကြည်ဝင်းဘာလုပ်ရမည်နည်း။တစ်ဖက်ကသား တစ်ဖက်က ယောကျာ်း။ ထိုသားနှင့် ထိုယောကျာ်းကိုလည်း ပြုသူအသစ် ဖြစ်သူအဟောင်းမဖြစ်စေလို။ ထို့ကြောင့်ငနီကို တစ်ရက်တော့ မကြည်ဝင်းမေးဖြစ်သည်။
”ငနီ နင်ရဲကိုလက်တို့လိုက်တာလား”
ငနီက မကြည်ဝင်းကို ချက်ချင်းပင်
”ဘာလဲအမေ ကျုပ်က အမေ့ယောကျာ်းကို လက်တို့ပြီး ကျုပ်အိမ်ပေါ်ပြန်တက်လာတယ်လို့ထင်လို့လား”
”မသိဘူးလေ နင်က ယုံရတာမှမဟုတ်တာ။ နင်ပဲပြောခဲ့တယ်လေ ငါ့အနားမရှိအောင်လုပ်ပြမယ်ဆို”
ငနီက ခပ်မဲ့မဲ့လေး ပြုံး၏။ သူ့အမေ မကြည်ဝင်းကိုကြည့်ပြီး သရော်သည့်အပြုံးဖြစ်သည်။
”အမေက အဲဒီငနဲကြီးမရှိရင်မနေတတ်ဘူးလား။ ကျုပ်က အမေကျုပ်အနားမရှိလို့မနေတတ်တာ ကြာပြီဗျ။ အဲဒါအမေသိလား”
”အပိုတွေပြောမနေနဲ့ငနီ နင်လုပ်သလားမလုပ်ဘူးလားဆိုတာပဲဖြေ”
”အဟင်း အမေမသိဘူးလား သမ္မာအာဇီဝကျတဲ့အလုပ်ကိုလုပ်ရင် လောကပါလနတ်တွေကလည်း စောင့်ရှောက်တတ်ကြတယ်လို့ဂေါပကလူကြီးဦးရွှေထွန်းပြောပြောနေတာလေ”
”ဟဲ့ဘာဆိုင်လဲ”
”ဆိုင်တာပေါ့အမေ့ယောကျာ်း သမ္မာအာဇီဝကျကျငွေမရှာလို့ပေါ့၊ တစ်ခုတော့ ကျုပ်ပြောမယ် ကျုပ်ရဲကို ကျုပ်ပထွေး မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်နေပါတယ်လို့ မတိုင်ခဲ့ဘူး။”
ငနီကထိုစကားပြောပြီးထထွက်သွားသည်။ မကြည်ဝင်းက
”လက်လီ လက်ကားဒိုင်တွေမှ မြို့မှာအပုံကြီးပါအေ။ ငါ့ယောကျာ်းနှစ်ပဲခြောက်ပြားလေး စလုပ်လိုက်မှတစ်ခါခိုးတစ်ခါမိနဲ့ ၊ဖမ်းပါတော့လား ဒိုင်ကြီးတွေ၊ မြို့မှာ တိုက်တွေဟီးနေတာ၊ ဘယ်မှာလာ စီးပွားရေး အရောင်းအဝယ် ကောင်းတဲ့မြို့မို့လဲ။ အခက်တွေတော့ချိုင်ချင်တယ်။သစ်ပင်ကြီးတော့မခုတ်လဲပစ်ပဲနဲ့ ”
သည်တွင်မလှမ်းမကမ်းမှငနီပြန်ပြောလိုက်သည်မှာ
”အမေရေ ကျုပ်ကတော့အမေနဲ့အတူနေချင်လို့ဆိုပြီး ဘယ်သူ့ကိုမှထောင်ထဲပို့မှာမဟုတ်ဘူး။ စိတ်ချအမေ့ယောကျာ်းပြန်လွှတ်လာမှာ၊ မကြာခင်ရွေးကောက်ပွဲရှိတယ်တဲ့။လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာမှာပါဗျာ။ သြော်ပြောလိုက်ဦးမယ်အမေပြောတဲ့လက်လီလက်ကားဒိုင်တွေက အရှောင်အသိမ်း ကောင်းအောင် ပိတ်ဆို့ ထားတယ်လေဗျာ” ဟု လက်ကလေးဝိုင်းပြီးပြသွားလေရာ
မကြည်ဝင်းသည်
”လွတ်ငြိမ်း ချမ်းသာခွင့်”ဆိုသည့် စကားအား အဖန်ဖန်တလဲလဲရေရွတ်လျှက်ဖိုးခေါင်လမ်းနှင့် တစ်လမ်းကျော်သာရှိသော နှစ်ထပ်တိုက်ကြီးကြီးတစ်လုံးကို လှမ်းငေးက ရေရွတ်နေမိလေသည်။

သော်ဇင်(လွိုင်ကော်)

Peace ငြိမ်းချမ်းရေးရသမဂ္ဂဇင်း
စက်တင်ဘာလ၊၂၀၁၅

ကာလာဘလိုင်းရဲ့လိပ်ပြာကြယ်



သဘာဝမီးအရောင်ကြောင့် လင်းနေတာမဟုတ်ဘဲ လူတို့ဖန်တီးပြုလုပ်ထားတဲ့ လျှပ်စစ်မီးအရောင်ကြောင့်လင်းနေတဲ့ အဲဒီမြို့ရိုးကို ကျွန်တော်ကြည့်ပြီး ရင်နာနေတယ် မေမေ။ လူတိုင်းစိတ်လွတ် လက်လွတ်ငေးမောခွင့်မရှိတဲ့ အဲဒီမြို့ရိုးကိုရှေ့ကို ကျွန်တော်မရောက်တာလည်း ကြာပြီမေမေ။ တစ်ခုတော့ရှိတယ်။ ဒါကတော့ ကျွန်တော် အပတ်စဉ်တိုင်း ဒီတောင်ပေါ်ကနေ အဲဒီမြို့ရိုးကို ငေးမောဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါ ဝေဝိုးနေတဲ့ မျက်ဝန်းထဲက မြို့ရိုးဟာ ကျွန်တော့်အတွက် တစ်ခုခုလိုအပ်နေသလိုပါပဲ။
၁။
အပူတွေရှပ်တိုက်ပြေးလွှားနေတဲ့ မန္တလေးမြို့ရဲ့ နေ့လယ်ခင်းဟာ ကျွန်တော့်ရင်ထဲက ဖြစ်တည်မှုအပူစုတွေကို ဖယ်ရှား မပစ်နိုင်တာကတော့ သေချာနေတယ်။ ဆိုင်ကယ်သံတွေဆူညံနေပြီး နန်းမြို့ရိုးရှေ့မီးပွိုင့်ထောင့်မှာ လူတွေပြွတ်သိပ်နေတော့ လူ့ပင်လယ်လှိုင်းလုံးကြီးဟာ တစ်ခုခုကိုရိုက်ခတ်တော့မယ့် အသွင်နဲ့ တာထွက်ဖို့ ဆိုင်းပြင်နေကြတယ်။ ဆိုင်ကယ်လီဗာလေးကို အသင့်အနေအထားဖြစ်အောင် ကိုင်ထားရင် မြင်နေရတဲ့ မီးနီလေး စိမ်းဖို့ စက္ကန့်ဒိုင်ခွက်ပေါ်က တရွေ့ရွေ့ အနုတ်လက္ခဏာဆောင်သွားတဲ့ ဂဏာန်းလေးတွေရဲ့ ရွေ့လျားမှုကိုကြည့်နေရတာလည်း ရင်တမမပါပဲ။ မျက်နာမှာ ဖုန်ကာနှာခေါင်းစွပ်ကိုတပ်၊ တရုတ်ဖြစ်မျက်မှန်လေးကို တပ်ဆင်ထားတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ဆိုင်ကယ် ဘက်မှန်ထဲကနေ မြင်နေရတယ်။ အဲဒီမျက်နာပေါ်မှာ တစ်ခုခုကိုဆိုးထင့်မှုတွေတွေ့မလားလို့ရှာဖွေရင်း ပူပြင်းလှတဲ့ မန္တလေးနေရဲ့ အောက်မှာ သက်ပြင်းတွေချနေမိတယ်။ မီးစိမ်းလေးတစ်ချက်လင်းလိုက်တာနဲ့ ဝေါခနဲထွက်သွားတဲ့ ယာဉ်တန်းနောက်မှာ အလိုက်သင့် လီဗာဆွဲရင်း ကျွန်တော်သွားနေတဲ့ လိုရာခရီးဟာ ဘယ်ကိုများလဲလို့ ပြန်မေးနေမိတယ်။ နားထဲမှာလဲ မေမေ့ရဲ့စကားသံတွေက ပဲ့တင်ထပ်လို့။ စိတ်မကောင်းခြင်းကြီးစွာနဲ့ စိတ်ထဲက ကျွန်တော့်ကိုခွင့်လွတ်ပါ မေမေလို့ လမ်းတလျှောက် တွေးနေ ပြောနေမိခဲ့တယ်။ မေမေကတော့ ကျွန်တော့်မျက်နာထက်က အပူအပင်တချို့ကို မရိပ်မိဘဲ တွေ့တိုင်းဆုံးမနေကျစကားတွေကိုသာ ပြောခဲ့တာပါပဲ။ ဒီတစ်ခေါက်အမေ့ကိုတွေ့တော့ မျက်နာလေးချောင်ကျနေတဲ့ ကျွန်တော့်ကို တွေ့တွေ့ချင်း
“အရမ်းပူလို့လား အသားတွေလည်း မည်းသွားသလိုပဲ“လို့ဆိုလိုက်တော့ ငိုချချင်နေတဲ့စိတ်ကိုထိန်းရင်း မုသားစကားတွေနဲ့ ကျွန်တော့်ကို ကျွန်တော်ကာကွယ်ခဲ့ရတယ်။
“အရမ်းပူတာပဲ မေမေ၊ ခုတောင် မရောက်တာကြာလို့ မေမေ့ဆီလာခဲ့တာ၊ အလုပ်သစ်ကလည်း ထင်သလောက် အဆင်မပြေဘူးလေ၊ အဆောင်ကလည်း စရိတ်တွေတက်တော့ တခြားအဆောင်ပြောင်းဖို့ ရွှေ့ဖို့ပြင်ဆင်ရတာလည်း စိတ်ပင်ပန်းလို့နေမှာ“ လို့တခါမှ ကိုယ့်အခက်အခဲတွေကိုမပြောပြဖူးဘဲနဲ့ ခုတကြိမ်တော့ ဟန်ဆောင်ပြောရတာ လိပ်ပြာတော့မလုံချင်ဘူး။ မေမေကတော့ မရိပ်မိပါဘဲ ကျွန်တော်ပြန်ခါနီး ရော့အင့်ဆိုပြီး မုန့်ဖိုးတွေထည့်ပေးတော့ ပိုဝမ်းနည်းရတယ်။ ကျွန်တော့်ရဲ့လက်ရှိဖြစ်ပျက်နေတဲ့ အခက်အခဲကိုသာ မေမေသိရင် ဘယ်လောက်တောင် ပြောဆိုမလဲဆိုတာ မသိပေမယ့် အရှက်သိက္ခာကြီးတဲ့ မေမေ ကိုယ့်ကိုကိုယ်သတ်သေမလားဆိုတဲ့ စိုးရိမ်စိတ်ကြီးဝင်လာ မိတယ်။ ဒါကြောင့်ပဲ ညအိပ်ပါလားလို့ မေမေ ပြောတာကို ခေါင်းခါပြီး
“နေ့ချင်းပြန်ပဲလာခဲ့တာ မေမေ မောင်လေး ရော အိမ်မှာမရှိဘူးထင်တယ်။ ကျွန်တော်လာသွားတယ်လို့ပဲပြောလိုက်၊ နောက်တစ်လလာရင် သူကြိုက်တဲ့ ကြေးအိုးဝယ်လာခဲ့မယ်လို့နော်၊ “
မေမေ့ကိုလက်ပြ နုတ်ဆက်ပြန်ခဲ့တဲ့အချိန်မှာ ကျွန်တော်ဝမ်းနည်းမဆုံးပါပဲ။ ဘာကြောင့်လဲမသိတဲ့ခံစားချက်တွေနဲ့ စိတ်တွေလေထဲမှာ လွင့်မျောနေသလို ကိုယ်နဲ့စိတ်ဟာ ကင်းကွာနေတယ်။ ၇၈ လမ်းမထက်ကနေ သိပံလမ်းမဖက်ကို ချိုးဝင်လိုက်တဲ့အချိန် မြင်နေရတဲ့ ဗိုလ်ချုပ်ရွာဘက်က တိုက်တာတွေကို ကျွန်တော်ကြည့်ပြီး ဒီကနေ့အတွက် အဖြေတစ်ခုခုကို ရအောင်ယူဖို့ စဉ်းစားနေမိတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော့်ကြောင့် သောကတွေဝေကုန်မယ့် အဖြစ်ကြီးက မကြာခင်ရောက်လာတော့မယ်လေ။
၂။
တွေ့ခဲ့တာကတော့ နန်းမြို့ရိုးရဲ့ရှေ့မှာ။ မနက်စောစော စက်ဘီးစီး ထွက်ခဲ့တဲ့ ဝေလီဝေလင်း အချိန်တွေမှာ လေ့ကျင့်ခန်း လုပ်နေတဲ့ လူတွေ တစ်ယောက်စ နှစ်ယောက်စကို နန်းရှေ့ ပလက်ဖောင်း တလျှောက်တွေ့နေရတယ်။ ခုလို ဒီဇင်ဘာလ အတွင်း မန်းမြို့က မန်းသူမန်းသားတွေ အားကစား လုပ်နေတဲ့ အချိန် ကျွန်တော်က ကျုံးရေပြင်ကိုကြည့်ပြီး တစ်ကိုယ်တည်း ငိုင်နေခဲ့တဲ့ အချိန်မှာ ပတ်ဝန်းကျင် တစ်ခုလုံးကို မေ့နေမိတယ်။ လမ်းတလျှောက်မြင်နေရတဲ့ အားကစားလုပ် သူတွေကို မြင်ရတော့ မတူညီတဲ့ အမြင်တွေကြားထဲ ကျွန်တော်ကိုယ်တိုင် ေ၀ဝါးနေတဲ့ စိတ်တွေလည်း ရှိနေချိန်ပေါ့။ ကျွန်တော် မန်းကိုမလာခင်တုန်းက မန်းမြို့သူ မေမေက တဖွဖွပြောခဲ့တဲ့စကားတွေကို ခုနေပြန်ကြားယောင် မိတော့ လက်ရှိ မန်းသူတွေကို မေမေ မြင်မယ်ဆိုရင် ဘယ်လိုတွေပြောမှာပါလိမ့်လို့ တွေးလိုက်မိသေးတယ်။ မန်းမြို့သူဆိုရင် မေမေက အရင်တုန်းကလို ရွှေခြေကျင်းလေးဝတ်ပြီး စက်ဘီးလေးစီးနေလိမ့်မယ်လို့ အရင်နှစ်ကအထိ ထင်နေတုန်းလေ။ မန်းသူတွေ ကျွန်တော် ကျွန်တော်လို့ပြောတတ်တာကို မေမေ့ဆီက ကျွန်တော်အမွှေရခဲ့တာပေါ့။ ငယ်ငယ်လေးတုန်းက ယောကျာ်းလေးတစ်ယောက်လိုနေရတာကိုနှစ်သက်တဲ့ ကျွန်တော်က မိန်းကလေးဖြစ်ပြီး ကိုယ့်ကိုကိုယ် ကျွန်တော်လို့သုံးနှုန်းခွင့်ရတာကိုကျေနပ်တယ်။ ဒါပေမဲ့ မေမေပြောတဲ့ မန်းသူတွေ ဘယ်လောက်ထိ ယဉ်ကျေးသိမ်မွှေ့ပြီး မိန်းမပီသကြတယ်ဆိုတဲ့ အသိကိုတော့ ကျွန်တော်က လိုက်နာမကျင့်သုံးခဲ့ပါဘူး။ ခေတ်နဲ့ လျော်ညီမှ ခေတ်ရဲ့သမီးပျိုပီသမှာလို့ ကျွန်တော်က တွေးထားတာ။ ဒါကြောင့် မန်းမြို့မှာ အဆောင်လာနေပြီး ကျောင်းတတ်ခွင့်ရတော့ ပိုပျော်တာပေါ့။ ဆိုင်ကယ်တစ်စီးအတင်းပူဆာပြီး အဆောင်နဲ့ကျောင်းအပြင် မန်းမြို့တခွင် အနံ့ခြေဆန့်ခဲ့ကြတယ်။
မေမေရှေ့မှာဝတ်ခွင့်မရတဲ့ ဘောင်းဘီတိုကပ်ကပ်တွေကို ကျွန်တော် နှစ်သက်လာတယ်။ ပြီးတော့ အကျီအတိုအပြတ်တွေအပြင် ချက်ပေါ် ဗိုက်ပေါ်အကုန်ကြိုက်လာပြီးတဲကနောက်ပိုင်း ကျွန်တော်ဟာ မိန်းမ ပီသမှန်းမသိ ပီသလာတယ်ဆိုတာကိုမေ့လာတယ်။ မေမေအိမ် တစ်ခေါက်ပြန်တိုင်း မေမေက သူ့သမီးကျွန်တော့်ကိုကြည့်ပြီး ချစ်သူရနေပြီလားလို့ သူငယ်ချင်းဆန်စွာ မေးတတ်လာတယ်။ အဲဒီလိုမေးတိုင်း ကျွန်တော်ကလည်း
“ချစ်သူတော့ မရှိသေးဘူး မေမေ၊ ရည်းစားတော့ရနေပြီ“ လို့ပြောတော့ မေမေ့အကြည့်တွေက ကျွန်တော့် အပေါ်မာသွားလိုက်တာ တင်းခနဲပဲ။ ပြီးတော့ချက်ချင်းဆိုသလို လာစမ်းဆိုပြီး မေမေ့အခန်းထဲခေါ်သွားပြီး
“သမီးမကြားဖူးဘူးလား မိန်းမကောင်းပန်းပန် တစ်ပွင့်ပန်ဆိုတဲ့စကား“
“မေမေကလည်း ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတဲ့စကားကရော“
ကျွန်တော့်အမေးကို မေမေက လက်ကာပြတယ်။
“ဒီမယ် သမီး အဲဒါ မိန်းမကောင်းတွေ စံထားရမယ့် စကားပုံမဟုတ်ဘူး။ မေမေ့သမီးက ရည်းစားတွေတစ်ယောက်ပြီး တစ်ယောက်ထားပြီး ဘဝကြင်ဖော် မတွေ့သေးလို့ဆိုတဲ့အကြောင်းပြချက်တွေပေးဦး မလို့လား။ မြန်မာမိန်းကလေး တစ်ယောက်ဆိုတာကို သမီးဘယ်တော့မှ မမေ့နဲ့။ကိုယ်က ယောကျာ်းတွေကို လျှော့မတွက်နဲ့။သူတို့ကိုလျှော့တွက်ရင် သမီးကိုလည်း သူတို့လျှော့တွက်မှာပဲ။ အသားလိုလိုအရိုးတောင်းနေတဲ့ ယောကျာ်းတွေအများကြီးနော်။ အဲဒါကို လျှော့တွက် နေမယ်ဆိုရင် ပတ်ဝန်းကျင်မှာ သမီးဟာ မိန်းမကောင်းလို့ ဘယ်လိုမှထင်မြင်ယူဆစရာမရှိတော့ဘူး။ ကိုယ်တကယ် ချစ်မြတ်နိုးသူ မတွေ့သေးရင်လည်း ဗိုင်းကောင်း ကျောက်ဖိ အနေအထိုင်မျိုးနဲ့နေရမှာလေ။ သမီးကို မေမေတစ်ခါတည်းမှာ လိုက်မယ်။ ဘာညာ အသံတွေ မေမေကြားရင် သမီးကို မေမေကိုယ်တိုင်ပြန်လာ ခေါ်ရလိမ့်မယ်နော်။“
အဲဒီလိုမေမေပြောတော့ ကျွန်တော် ဘာမှပြန်မပြောဘဲ မန်းကိုပြန်လာခဲ့တယ်။
၃။
တချို့အပူတွေကို လူတိုင်းကိုပြောလို့ရပေမယ့် ခုလက်ရှိ ကျွန်တော့်အပူကိုတော့ လူတိုင်းကိုပြောပြလို့မရနေဘူး။ မန်းနွေဟာ ဆယ်နွေသာနေသလို ပူလောင်နေတာ မန်းမြို့ထဲ ဖြတ်သွားဖြတ်လာ မိန်းကလေးတွေ ဒူးပေါ် ပေါင်ပေါ်တွေချည်းပဲ။ ကျွန်တော့် ကိုယ်ကျွန်တော်ပြန်ကြည့်တော့လည်း ပေါင်ရင်းအထိတိုကပ်နေတဲ့ ဘောင်းဘီတို ကလေးနဲ့။ မန်းမြို့တော်မှာနေတဲ့ မြန်မာမိန်းကလေးတွေပါလို့ ဘုရားစူးပြောရင်တောင် ဘယ်သူတွေယုံကြမလဲ။ ခက်တာက ကျွန်တော်ကိုယ်တိုင် မေမေက ခဏခဏပြောပြောနေတဲ့ မြန်မာဝတ်စုံဝတ်ပါဆိုတာကိုတောင် အမြတ်တနိုးမရှိနေခဲ့ဘူး။ တလောက မေမေ မန်းကိုလာတုန်း ကျွန်တော့်နဲ့တွေ့တော့ မေမေက ရင်ဘတ်ကလေးဖိလို့။ တွေ့တွေ့ချင်း
“အောင်မလေး ဒါ ခင်စန္ဒာမြင့်ရဲ့သမီးပါလို့ မေမေ ဘယ်လိုပြောရမလဲ။ ဝတ်ထားတာ မန်းမြို့ထဲသွားလာနေတဲ့ တရုတ်မတွေလိုပါပဲလား။ သွားအခုအခန်းထဲအဝတ်လဲခဲ့“ဆိုပြီး မေမေ မာန်မဲပါလေရော။ ပြန်ထွက်လာတော့ မေမေက ကျွန်တော့်ကို ပြောတဲ့စကားတွေက
“ဒီမယ်သမီး၊ မေမေတို့မြန်မာမလေးတွေ ဘယ်လိုနေတယ် ဘယ်လိုထိုင်တယ်ဆိုတာ မေမေ ပြောပြစရာမလိုအောင် မေမေကိုယ်တိုင် ဘယ်လိုဝတ်ခဲ့စားခဲ့တယ်ဆိုတာ သိတယ်မလား။ မြန်မာမိန်းကလေးတွေက ဟိုတုန်းက ပေါင်မပြောနဲ့ ခြေသလုံးတောင် ဖော်ခဲ့ကြတာ မဟုတ်ဘူး။ မမြင်အပ်တဲ့ အလှတရားဆိုတာ မိန်းကလေးတိုင်းမှာရှိတယ်။ သိသာ သိစေ မမြင်စေနဲ့ဆိုတဲ့ စကားလိုပဲ အရှက်ကို သိက္ခာတွေနဲ့ပါဖုံးဖိကြရတယ်။ ခုသမီးဝတ်စားနေပုံက ဟိုတုန်းက မေမေ့သမီး မဟုတ်တဲ့အတိုင်းပဲ။“
“ပူတာကို မေမေကလဲ“
“ဟဲ့ ပူတာ နင်တစ်ယောက်တည်းလား။ အကုန်လုံးပူကြတာ“
“သူများတွေလည်း ဝတ်တာပဲဟာ“
“ဒါကြောင့်ခက်တာပေါ့။ မေမေ မေးမယ် သူများ ချီးစားရင် သမီးလိုက်စားမလား ပြော“
မေမေက စကားကပ်ပြောတဲ့နေရာမှာ ကျွန်တော်မမီနိုင်အောင် ပြောတတ်တော့ အသာငြိမ်နေလိုက်ရတယ်။
“ဒီမယ် သမီး ခုဝတ်နေကြတဲ့ မိန်းကလေးတွေရှက်တတ်ရင် လဲသေလို့ရနေပြီ။ကြည့်ပါဦး နန်းမြို့ရှေ့မှာ ဒူးပေါ်ပေါင်ပေါ်၊ ဗိုက်ပေါ် ချက်ပေါ်တွေနဲ့ သမီးတို့မို့မရှက်တယ်။ ဟိုတုန်းက မင်းနေပြည်တော်လို့ပြောရမှာတောင် ရှက်စရာ ကောင်းနေတယ်။ “တဲ့။ အဲဒီအချိန် မေမေစကားတွေ ကျွန်တော့်နားထဲဝင်မလာတော့ဘူး။ တစ်ခုသော ညရဲ့သန်းခေါင် အချိန်ကို ပြေးမြင်မိလာတယ်။ အဲဒီညက ခရစ်နှစ် တစ်ခုကုန်ဆုံးတဲ့ ဒီဇင်ဘာလ(၃၁)ရက်ည။ ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ ကခုန်မြူးတူးပျော်ပါးရင်း ကိုယ့်အတွဲနဲ့ကိုယ် သာယာကြည်နူးဖြစ်ခဲ့တဲ့ညပေါ့။ ကျွန်တော် အဲဒီညကို တွေးမိလိုက်ရင် အဲဒီနေ့ကဖြစ်ပေါ်ခဲ့တဲ့ စိတ်လှုပ်ရှားရင်ခုန်မှုကို မရတော့ဘူး။ စိုးရိမ်စိတ်တွေတထွေးကြီး စိတ်ထဲဝင်လာပြီး နဖူးမှာ ချွေးတွေတောင်စို့လာရတဲ့ ခံစားမှုကြီးက ခုတလော ပိုပိုနှိပ်စက်လာနေတယ်။
၄။
အချိန်က ညဆယ့်နှစ်နာရီထိုးခါနီးပါပြီ။ သံပြိုင်အော်ဖို့ မိနစ်တွေကိုကြည့်ပြီး အရှိန်ယူနေတဲ့အချိန် သူ့ဆီက ကျွန်တော်ရလိုက်တဲ့ အထိအတွေ့တစ်ခုကြောင့် ဆက်လက်ပြီး မိနစ်တွေကိုကြည့်ဖို့ အင်အားတွေမရှိတော့ဘူးပေါ့။ စိတ်ထဲကတုန်ကယင်ကြီးနဲ့ သူ့ကို ကျွန်တော် ပြန်မကြည့်ဝံ့တော့ဘူး။ သူ့ကိုတွဲလာတာ ခြောက်လလောက်ရှိပြီ။
အရင် ရည်းစားတွေကိုတော့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိပါဘဲ ကျွန်တော် အဆက်ဖြတ်ခဲ့တယ်။ တချို့ယောကျာ်းတွေက ကျွန်တော့်ကို ကြိမ်းဝါးကြတယ်။ ဒါပေမဲ့ သူတို့ ကျွန်တော့် အနားမရောက်လာခဲ့ကြပါဘူး။ လက်ရှိသူကတော့ ကျွန်တော့်အနေနဲ့ သဘောကျမိတာတော့ အမှန်ပဲ။ ဖြူစွတ်နေတဲ့ သူ့အသားအရေနဲ့ သူရဲ့ရုပ်ရည်ကို ကျွန်တော်စွဲလမ်း နေမိတာလဲပါမှာပေါ့။ အခြားကျွန်တော့် သူငယ်ချင်းစုံတွဲတွေကိုချန်ခဲ့ပြီး သူခေါ်ရာနောက် ကျွန်တော်လိုက်ခဲ့မိတဲ့ညဟာ အပျိူတစ်ယောက်ရဲ့ ခြေတော်တင်ခန်းထဲရောက်ခဲ့ရတယ်ပေါ့။ သူ့ကို အဲဒီအချိန်ယုံတယ်။ အဲဒီလိုနဲ့ ကျွန်တော်နဲ့သူဟာ အချိန်တော်တော်များများ အတူနေခဲ့မိကြတယ်။ သေချာတဲ့ ဆီးစစ်တံလေးရဲ့ မျဉ်းကြောင်းလေးတွေ ကိုမြင်လိုက်ရမှ ကျွန်တော်တို့ Living Together အနေအထားကို သတိထားမိလာရတယ်။ ဘယ်လောက်ပဲ ခေတ်မီတဲ့ မိန်းမပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ တစ်ပါးသော ယောကျာ်းရဲ့ရင်သွေးကိုလွယ်ထားရပြီဆိုတာ သိတဲ့အချိန် လက်မထပ်ရသေးတဲ့ အဖြစ်ကိုသတိရပြီး တွေးကြောက်ကြမယ်မှန်း အဲဒီအချိန်မှ ကိုယ်ချင်းစာမိတယ်။ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်း တစ်ယောက်ကိုဖွင့်ပြောတော့ လွယ်လွယ်လေး အကြံပေးတယ်။ ဖျက်ချလိုက်တဲ့။
သူ့တိုက်ခန်းကို ကျွန်တော်သွားခဲ့တဲ့အချိန်တွေမှာ သူဟာ အမြဲလိုလို အခန်းမှာရှိနေလေ့မရှိခဲ့ဘူး။ပတ်ဝန်းကျင်ကတော့ ဆိုင်ကယ်လေးတစ်စီးနဲ့ ခဏခဏရောက်ရောက်လာတတ်တဲ့ ကျွန်တော့်ကို သတိထားမိလာကြတယ်။ ပတ်ဝန်းကျင်က လူတွေကိုမေးကြည့်တော့ သူက မန်းမြို့သားမဟုတ်။ မြစ်ကြီးနားဘက်ကတဲ့။ မန်းမှာနေတာကြာတော့ မန်းသားလိုပဲတဲ့။ သူလိမ်ခဲ့သလား ကျွန်တော်သံသယမဝင်ပါဘူး။ သူနဲ့ဆုံချိန်တိုင်း နန်းမြို့ရိုးရှေ့မှာ သူပြောခဲ့တဲ့စကားတွေကို ကျွန်တော် အလွတ်ရနေတယ်။ သူ လိမ်တတ်မယ်သူတော့မဟုတ်ဘူး။ ခေတ်ပညာတတ်ယောကျာ်းတစ်ယောက်။ အနောက်နိုင်ငံတွေမှာလို လက်မထပ်ပဲအတူနေထိုင်ခြင်းကို သဘောကျတဲ့သူတစ်ယောက်ဖြစ်တာကလွဲရင် သူရော ကျွန်တော်ရော အပြစ်မရှိဘူးလို့ ထင်နေမိတယ်။ ဒါပေမဲ့ လက်တွေ့မှာ ကျွန်တော့်စိတ်ထဲ အဲဒီလို လက်မထက်ပဲအတူနေရင်းရလာတဲ့ ကိုယ်ဝန်ကိစ္စကို ဖြေရှင်းဖို့ နည်းက သူနဲ့တိုင်ပင်မှကိုရမယ့်အခြေအနေဖြစ်လာတယ်။ သူ ကျွန်တော့်ကို ချစ်တယ်ဆိုတာ သိပေမယ့် ဒီကိစ္စကို လွယ်လင့်တကူ လက်ခံပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကိုဖျောက်မရနေဘူး။ ဒီကိစ္စကိုမေမေသာသိရင်ဆိုတဲ့အတွေးကလည်း ကျွန်တော့်ကို နေ့စဉ် နှိပ်စက်နေတယ်။ သူ့အကြောင်းကတော့ မြစ်ကြီးနားက သူ့အိမ်ကအရေးတကြီးလှမ်းခေါ်လို့ ထွက်သွားတယ်လို့ သိရတယ်။ ကျွန်တော့်ဆီ သူဖုန်းဆက်ပေမယ့် လိုင်းမရဘူး။ လိုင်စာဘက်ကို အိမ်ကိစ္စနဲ့လိုက်သွားမယ် ပြန်လာမှဆက်မယ်လို့ပြော တဲ့တစ်ခွန်းပဲကောင်းကောင်းကြားလိုက်ရတယ်။ ဒီလိုနဲ့ ကျွန်တော် လက်ချိုးရေတွက်နေတဲ့ ရက်တွေနှစ်လထဲရောက်လာတယ်။ တချို့ရက်တွေမှာ ကျုံးဘေးသွားပြီး ထိုင်ငိုပစ်တယ်။ တချို့ရက်တွေမှာ မန်းတောင်ပေါ်တက်ပြီး ငိုချင်ငိုခဲ့တာပေါ့။ ကျောက်ဆည်ကိုလည်း မပြန်ရဲ။ မေမေ့ကိုလည်းမပြောမပြောရဲနဲ့။ လက်ရှိအခြေအနေမှာ ကျွန်တော် ကိုယ့်ကိုကိုယ်ဘာလုပ်ရမှန်း မသိနေဘူး။
၅။
မေမေ ဘယ်လိုသိသွားခဲ့သလဲ မပြောတတ်ဘူး။ အဲဒီနေ့ နေ့တွင်းချင်း အဆောင်က ပစ္စည်းတွေကို မေမေလာသိမ်းခိုင်းတယ်။ ပြီးတော့ ချက်ချင်းကားတစ်စင်း အပြတ်ငှားပြီး ဆိုင်ကယ်ပါတင်ပြီး အလုပ်ထွက်စာပါတင်ခိုင်းတယ်။ ကျွန်တော့် အခန်းထဲ လိုက်လာပြီး မေမေ ရိုက်လိုက်ပုတ်လိုက်တာလေ။ အခန်းပြင်ထွက်တော့ မေမေက စိတ်ကိုထိန်းပြီး အဆောင်မှူးကို အခြား အကြောင်းပြချက် တစ်ခုနဲ့ မဖြစ်သာလို့ပြန်ခေါ်ရတယ်ဆိုတဲ့ စကားကိုအထပ်ထပ်လို့ပြောရင်း ကျောက်ဆည်ကို အပါခေါ်ခဲ့တယ်။ အဲဒီ ညဟာ ကျွန်တော့်ဘဝအတွက် ကြီးမားလှတဲ့ သောကတွေတလှေကြီးခံစားရတဲ့ညပေါ့။ အိမ်ရောက်လို့မှ မေမေက စိတ်မပြေသေးတော့ ကျွန်တော့်ကို ထပ်ရိုက်ပုတ်တယ်။ ပါးစပ်ကလည်း တတွတ်တွတ်နဲ့။
“နင်ဘယ်လိုလုပ်လိုက်တာလဲ အမိုက်မ။ လက်မထပ်ဘဲအတူနေသတဲ့လား။ နင် မြန်မာမိန်းကလေးမဟုတ်ဘူးလား။ ငါ့မှာ သူများပြောမှသိရတယ်။ နို့မို့ဆို ဘယ်လောက်အရှက်တွေကွဲဦးမလဲ။ ငါ့သမီးမှန်းသိနေတဲ့ လူက လာပြောမှ နင့်သမီး အခြေအနေ နင်စုံစမ်းကြည့်ဦးဆိုမှ ဖြစ်သမျှအကုန်ငါသိရတယ်။ နင် ပညာတွေတတ်၊ စာတွေဖတ်ခဲ့တာတွေက ဘယ်နေရာမှာ တွေးခေါ်စဉ်းစား သလဲပြောစမ်း။
ငါမတော့ ကျောက်ဆည်မှာ ကျောင်းတတ်လို့ရရဲ့သားနဲ့ကို မန်းမှ မန်းဖြစ်နေလို့မဖြစ်ဖြစ်အောင်ပို့၊ နင်က ဟိုမှာ ထင်တိုင်းကျဲ ဖြစ်ချင်တိုင်းဖြစ်နေတာ ဗိုက်ထွက်မှ ငါက သိရတဲ့အဖြစ်၊ ကဲ ခုဘယ်လိုလုပ်မလဲ။ နင်မလုပ်တတ်တော့ မကြံတတ်တော့ဘူးမလား။ နင့်ကောင်ပြေးပြီမလား။ ကျားများ နင်မို့ ကစားတယ်။ နင့်မှာ မိန်းကလေးတစ်ယောက်စောင့်ထိန်းရမယ့် ကိုယ့်စောင့်တရားတွေ တစ်ချက်ကလေးမှမရှိဘူး။နင်က အကန်းပဲ သိလား။ နင့်စိတ်ထဲ အဖြူလို့ထင်ရင် အဖြူလို့ပဲထင်နေတာ အမည်းလို့ထင်ရင် အမည်းလို့ပဲထင်နေတာ“
ကျွန်တော့်မှာ မေမေ့ကိုပြန်ပြောဖို့အဖြေလည်းမရှိဘူး။ မေမေက အိမ်ထဲ လူးလားခေါက်ပြန်သွားရင် ငိုလိုက်ပြောလိုက်။ မောင်လေးက အိမ်အပြင်မှာ တောက်တခေါက်ခေါက်နဲ့ နာမည်ပြော၊ ငါသွားသတ်မယ်ချည်းလုပ်နေလို့ ပတ်ဝန်းကျင်မကြားအောင် သူ့သူငယ်ချင်းတွေက ဖျောင်းဖျနေကြတယ်။ ကျွန်တော့်လက်ကိုင်ဖုန်းလေးထဲမှာ သူ့ဖုန်းကို ခေါ်ထားတဲ့ Call Logလေးတွေက အထပ်ထပ်အခါခါပြည့်လို့။ သူကတော့ ဘယ်သောင် ဘယ်ကမ်းဆိုက်နေသလဲ ကျွန်တော်မှန်းဆလို့မရနိုင်ခဲ့ပါဘူး။ ပါးပြင်ထက်က မျက်ရည်တွေက ဦးပိန်တံတားနဲ့ စစ်ကိုင်းတံတားကို ဝိုးတဝါးပုံဖော်ပေးတယ်။ ပြီးတော့ ၇၈လမ်းနဲ့သိပံလမ်းတစ်ဘက်ခြမ်းက ဗိုလ်ချုပ်ရွာထဲက အခန်းတစ်ခန်းကို ပုံဖော်ပေးတယ်။ နောက်တော့ နန်းမြို့ရိုး ရှေ့ပလပ်ဖောင်းနဲ့ မန်းတောင်ကြီးကို ပုံဖော်ပေးနေပြန်တယ်။
ဒီနောက်တော့ ကျွန်တော် အားရပါးရငိုဖြစ်ခဲ့ပါတယ်။
၆။
မြင်သမျှတွေ့သမျှဟာ ကျွန်တော့်မျက်ဝန်းထဲ အဖြူနဲ့အမည်းတွေချည်းဖြစ်လို့ နေခဲ့တယ်။ နန်းမြို့ရိုးကြီးဟာလည်း အဖြူနဲ့အမည်းပဲ။ မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ တစ်ချက်ယွန်းရင် တစ်သက်စွန်းတယ်ဆိုတာ ကျွန်တော်သိ လိုက်ပေမယ့် နောက်ကျသွားခဲ့တယ်။ မိန်းမတစ်ယောက်ရဲ့အမြင်ဟာ ကာလာစုံမြင်တတ်ရတယ်ဆိုတာလည်း မေ့နေခဲ့တယ်။ ကျွန်တော်ဟာ Colour Blind တစ်ယောက်လိုဖြစ်နေခဲ့တယ်။ကျွန်တော့်မျက်ဝန်းတွေမှာ သူဟာ ရံဖန်ရံခါမှာတော့ ဝိုးတဝါးလေး လာထင်နေသေးတယ်။ သူ့ပုံရိပ်စစ်ကို ကျွန်တော် မွေးဖွားအံ့ဆဲဆဲမှ သူဟာ လိုင်စာဘက်မှာ ဖြစ်နေတဲ့ စစ်ပွဲတစ်ခုအတွင်း ကျည်ဆံမှန်သေဆုံးခဲ့တယ် ဆိုတာကို သူ့အမေ ကျောက်ဆည်ကို လိုက်လာမှ ကျွန်တော်သိခဲ့ရတယ်။ သူကံဆိုးသလား ကျွန်တော်ကံဆိုးသလားမသိပေမယ့် သူရော ကျွန်တော်ပါ အသိတရား တစ်ခုကို မှားယွင်းသက်ဝင်ယုံကြည်ခဲ့ကြတယ်။
သူမရှိတော့ပေမယ့် သူ့ကိုယ်ပွား ချစ်ခြင်း မြို့ရိုးလေးကို ကျွန်တော်ဖွားမြင်ပြီးနောက် ဒီမြို့ရိုးလေးကို ကျွန်တော့်လို မဖြစ်စေချင်တော့တဲ့ စိတ်ဟာ အချိန်ရှိသ၍ဖြစ်ပေါ်နေသလို ကျွန်တော်ဘာလုပ်ရမလဲဆိုတဲ့ အတွေးတွေလည်း အမြဲတစေ လိပ်ပြာလန့်စွာနဲ့ ကျွန်တော့်ကိုခြောက်လှန့်နေခဲ့ပါတယ်။ အဲဒီအတွေးတွေကြောင့်ပဲလားမသိ ကျွန်တော်ရုတ်တရက်မော့ကြည့်ဖြစ် တဲ့ ကောင်းကင်ပြင် မည်းမည်းကြီးပေါ်မှာ ကြယ်တွေလည်း ရှိမနေခဲ့ကြတော့ပါဘူး။ တကယ်တော့ ကာလာဘလိုင်းတစ်ယောက်ရဲ့ စိတ်ဝိညာဉ်လိပ်ပြာဟာ ခု ကျွန်တော်မမြင်ရတဲ့ ကြယ်တွေလိုပဲ ပျောက်ကွယ်နေဦးမှာလား ဆိုတာတော့ ဘယ်သူကမှ သိလိမ့်မယ် မထင်တော့ပါဘူး။


သော်ဇင်(လွိုင်ကော်)

မန္တလေးချစ်စိတ် မန္တလေးပုံရိပ်မဂ္ဂဇင်း၊ မတ်၊ ၂၀၁၅

ညအမှောင်ယံထဲမှာ



ညသည် မှောင်မိုက်လွန်းနေသည်။ ဘာကိုမှ သည်းကွဲစွာမမြင်ရပါဘဲ ခြေလှမ်းများ ဗွက်ထဲသို့ စွပ်ခနဲ စွပ်ခနဲ ဝင်ဝင်သွားသည်။ လာမိသည့်လမ်းတော့ နောက်ပြန်လှည့်ရန် သာလှ စိတ်မကူး။ သည်ခရီး သည်လိုလာချင်လို့ ပင် တမင်သက်သက် ကိုလှမောင်ကို ဖုန်းလှမ်းဆက်ပြီး ခေါ်ခဲ့သေးတာ။ ရှေ့တွင် မည်မျှပင် ဒုက္ခကြီးကြီး အရောက်သွားမည်ဟု စိတ်ကိုဒုံးဒုံးချထားသည်။ သာလှလက်ထဲတွင် ကျွတ်ကျွတ်အိတ် မည်းကြီး တစ်လုံးဆွဲထားသည်။ ထိုအိတ်ထဲတွင် သည်ညအတွက် ရိက္ခာအပြည့် အစုံပါလာသည်။ ဘီယာ ၆လုံးလောက်နှင့် အားလူးကြော်၊ ငါးမုန့်ကြော်၊ ဆေးလိပ် စဖြင့် စုံလင်သည်။
ညကောင်းကင်ယံတွင် ကြယ်ကလေးတွေ မှိတ်တုတ် မှိတ်တုတ် လင်းနေရုံမှလွဲပြီး လမိုက်ညဖြစ်သဖြင့် ပတ်ဝန်းကျင်အနေအထားကလည်း မည်းမည်းမှောင်မှောင်နေသည်။ သာလှနှင့် ကိုလှမောင် အပါအဝင် နောက်ထပ် အဖော်လိုက်လာသူနှစ်ယောက်ရှိသေးသည်။ ထိုနှစ်ယောက်ကား မောင်လွင်နှင့် မင်းမောင်။ သာလှနှင့်ကိုလှမောင်သွားလျှင် ငရဲအထိ ပျော်ပျော်ကြီးလိုက်မည်ဟု တွေးထားသူတွေ။ခုလည်း ခရီးတစ်ဝက်လောက်ကစ၍ မမြင်မကန်းနှင့် စွပ်ရွတ်လာခဲ့သည့် ခရီးသည် မည်သည့်နေရာသို့ဦးတည်နေမှန်းမသိသော်လည်း သာလှဦးဆောင်သော လမ်းခရီးဖြစ်သဖြင့် ယုံယုံရဲရဲလိုက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ရုတ်တရက် ပြောလိုက်သော သာလှစကားကြောင့် မောင်လွင်နှင့် မင်းမောင် ရှေ့ဆက်သင့်နိုး မသင့်နိုးတွေးနေရပြီ။
“ကိုသာလှ ဘယ်ကိုသွားမှာလဲ“
“ဦးသောင်းလယ်တဲကိုသွားမှာ“
“ဗျာ အဝေးကြီးနော် ကိုသာလှရောက်ဖူးလို့လား“
“ရောက်ဖူးပါ့ကွာ ဒါပေမယ့်တစ်ခုပဲ“
“ဘာလဲဗျ“
“လမ်းမသိတာ“
“ဗျာ“
“ဟဲဟဲဟဲ သိပ်လည်း စိတ်မပျက်သွားပါနဲ့ အရင်တစ်ခါလာတာ နေ့ဆိုပေမယ့် လမ်းတော့ မှတ်မိပါတယ်ကွာ။ ခုက လမသာတော့ ရေးတေးတေးဖြစ်ရုံလေးပါ ရှေ့ဆိုရင်ရောက်တော့မှာပါကွ“
မသေချာသော သာလှ၏ စကားတွင် မျက်လုံးကလေးတွေ ကလယ်ကလယ်နှင့် ခုမှတော့မထူးတော့သည့်ပုံစံမျိုးဖြင့် ဆက်လိုက်ရချေပြီ။
သာလှ ရွာတွေကိုဖြတ်သည်။ တစ်ချို့နေရာတွေမှာ ရေတွေတောင်ဖြတ်ရသေးသည်။ တစ်ချို့နေရာတွေကတော့ ဗွက်တွေ ပြင်ကျယ်ကြီး ပေါက်နေသဖြင့် ပုဆိုးတွေမ..ကာ ဆ..ကာဖြင့်သွားရသည်။
နောက်ဆုံးတော့ ပုဆိုးတွေမရလွန်းသဖြင့် လက်ညောင်းလာသည်။ ထို့နောက်ပုဆိုးများ စလွယ်သိုင်းလျှက် အတွင်းခံဘောင်းဘီတိုလေးတွေနှင့် လေးဦးသား လမိုက်ညသန်းခေါင်ယံအချိန်တွင် လေသလှပ်ခံရင်း လမ်းလျှောက်နေသည့်နှယ်ရှိချေသည်။
ခုထိလည်း သာလှပြောသော ဦးသောင်းလယ်ကိုမရောက်သေး။ ခြေတွေတိုပြီး ညောင်းနေပြီ။
“ဘာစိတ်ကူးပေါက်ရတာလဲ သာလှရာ ။ခုညမှ မင်းကလယ်ထဲသွားမယ်။ဆိုတော့။ “
“ဘာရယ်ဟုတ်ပါဘူး စိတ်ထဲပျင်းပျင်းရှိတာနဲ့ ကိုလှမောင်ကိုဖုန်းဆက် ဟိုနှစ်ကောင်ကို ခေါ်ထွက်လာခဲ့တာ။ အမှန်အတိုင်းပြောရရင် ဦးသောင်းလယ်တဲကို ကျွန်တော်ရှာနေတာ။ ခုတောင် မျက်စိလည်နေပြီထင်ပါရဲ့“
“ဘာရယ်“
“ဘယ်လို“
“ဘယ်လိုပြောလိုက်တယ်“
ကျင့်သားရနေသော ညမှောင်မှောင်တွင် သာလှက ရယ်ကျဲကျဲလုပ်နေသည်။ သို့နှင့် သာလှ ဘာလုပ်လုပ် စိတ်ချမ်းသာသည့် သဘောဖြင့် ကျန်သုံးဦးမှာ နောက်လိုက်လုပ်ရင်း လယ်တွေဖြတ်လျှောက်ကြသည်။ မြောင်းတွေ ခွကျော်ကြသည်။ ဗွက်တွင် ရုန်းလိုက်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် တဗိုင်းဗိုင်းလဲကြသည်။ လူတစ်ကိုယ်လုံးလည်း ဗွက်တွေပေကျံနေပြီ။ လယ်တစ်ကွက်အကျော်တွင်တော့ သာလှ ခြေစုံရပ်လိုက်သည်။ ပါးစပ်ကလည်း
“ရောက်ပြီ..ဟောဟိုရှေ့က တဲပဲ“
ခုမှ စိတ်ကိုလျှောချလျှက် သာလှညွှန်ရာ လယ်တဲကို ရောက်လာခဲ့ကြသည်။ ထိုစဉ် ကိုလှမောင်ဖုန်းက မြည်လာသည်။ကိုလှမောင်၏ မဟေသီဖြစ်မည်မှန်းလည်း သိလိုက်ကြသည်။
“အေးပါ ငါးလား မမျှားရသေးဘူး။ ဘာ ဘယ်တော့ပြန်လာမှာလဲ ဟုတ်လား။ သာလှတော့ မပြောတတ်ဘူး။ ယောကျာ်းတော့ နွေပေါက်မှပြန်လာတော့မယ်“
ထိုစကားသည် သာလှအား ရွ့ဲစောင်းပြောဆိုခြင်းဖြစ်သည်။ လာခဲ့သည်ခရီးသည် ဗွက်တစ်ရာ၊ မြောင်းတစ်ရာ၊ လယ်တစ်ရာ မဖြတ်ခဲ့ရသော်ငြား ဤသို့နယ် ပင်ပန်းနွမ်းနယ်နေချေပြီမဟုတ်လား။ သာလှက သူ့ခေါ်လာသည့် လူဆိုတော့လည်း ဘာမှဝင်မပြောသာ။ တဲနားအရောက်တွင် သာလှ ဦးသောင်းကိုအော်ခေါ်သည်။
“ဦးလေးသောင်း ဗျို့ ဦးလေးသောင်း ဦးလေးသောင်း“
တဲသည် တိတ်ဆိတ်လျှက်ရှိသည်။ သာလှ၏စိတ်ထဲတွင် ဦးသောင်းအိပ်ပျော်နေသဖြင့် မနိုးသလားဟုထင်နေသည်။ နောက်ထပ် ခေါ်ကြည့်တော့လည်း အသံမကြားသဖြင့် တဲအနားသို့ လေးဦးသားတိုးကပ်လာကြသည်။ တဲသည် တိတ်ဆိတ်မြဲတိတ်ဆိတ်နေသည်။ သာလှက အိပ်ထောင်ထဲမှ မီးခြစ်ကိုထုတ်ကာ မီးခြစ်ကြည့်ုလိုက်သည်။ တဲအတွင်း ရှင်းလင်းလျှက်ရှိသည်။လူသူတစ်ယောက်မှ မရှိ။ ကွတ်ပျစ်ပေါ်တွင် ခေါင်းအုံးလေးလုံးရှိသည်။ သာလှကမပြောမဆိုနှင့် မီးဖိုဘေးနားထိုင်ချလျှက် အသင့်တွေ့ရသော ထင်းခြောက်များကို မီးမွှေးလိုက်သည်။ တဲသည် အလင်းရောင်ဖျော့တော့တော့မှ လင်းရှင်းလာလေသည်။
သာလှတို့လေးဦး ပုလင်းများကိုထုတ်ကာ အာလူးကြော်နှင့်ငါးမုန့်ကြော်ထုပ်တွေဖောက်ကြသည်။ ထိုအချိန်ကြမှ သူတို့လေးဦး ဗိုက်တွေဆာနေမှန်းသိကြသည်။ သာလှက
“သူငယ်ချင်းတို့ဘာမှမပူနဲ့ ဒီတဲက ငါလာဖူးတယ်။တဲရှင် ဦးသောင်းက သိပ်သဘောကောင်းတာ။ ခု သူမရှိလဲ တဲထဲမှာ စားစရာအခြောက်အခြမ်းတော့ရှိမှာပဲ။ နောက်နေ့မှ ပြန်ဝယ်ထည့်ပေးလိုက်တာပေါ့။ ငါရှာလိုက်ဦးမယ်“
ကျန်သုံးဦးမှ သာလှ၏သဘောသာလျှင်ဟု သာလှသဘော သာလှကိုဆောင်ခိုင်းထားသည်။သာလှ ပန်းကန်တောင်းထဲကိုရှာကြည့်ရာ ရှားရှားပါးပါး ကြက်ဥတစ်လုံးတွေ့သည်။အားရဝမ်းသာဖြင့်
“တွေ့ပြီ“
ကိုလှမောင်တို့ဝမ်းသာသွားရသည်။
“ဘာတွေ့တာလဲ သာလှ“
“ကြက်ဥ“
“ကြော်လိုက်ကွာ စားရအောင်“
“အေး“
သာလှက ဟိုလှန် ဒီရှာဖြင့် ဆီကိုတွေ့သည်။ ဆားနှင့် အချိုမှုန့်လည်းရှိသည်။ ဒယ်အိုးတစ်လုံးတင်ကာ ကြက်ဥကြော်လိုက်သည်။ပြီးတော့ ကိုလှမောင်တို့ ဝိုင်းတွင် ကြက်ဥကြော်ကို ချလိုက်သည်။
“ဟင် ဒါလား ကြက်ဥကြော်ဆိုတာ“
ဟုတ်သည်။ သာလှကြော်ထားသော ကြက်ဥတစ်လုံးမှာ ပန်းကန်ကိုမှအားမနာ အလယ်တွင် ပင်လယ်ထဲမှ ကျွန်းတစ်ကျွန်းပမာ သေးသေးကွေးကွေးလေး။
ကိုလှမောင် ကြက်ဥကြော်ပန်းကန်ကိုကြည့်လျှက် စိတ်ပျက်သွားသည်။
“ဟုတ်တယ်လေ ကြက်ဥက တစ်လုံးတည်းရှိတာ ။ကြော်ဆိုလို့ကြော်ပေးတာ။“
မှတ်ရော။ ကိုလှမောင်က ကြက်ဥတွေ့သည် ဆိုခြင်းကြောင့် လေးဦးစာတော့ ရှိလောက်သည်ဟု ထင်ကာ ကြောက်ခိုင်းလိုက်ခြင်းဖြစ်သည်။ ခုတော့ ဖြစ်ပုံက တလွဲ။
“သာလှရာထပ်ရှာပါဦး။ လယ်တဲဆိုတော့ တစ်ခုခုတော့ရှိမှာပါ။ “
သာလှပဲအရှာကောင်းသည်လားတော့မသိ။ သာလှ၏ တွေ့ပြီ ဒီမှာဟူသော အသံလာရာကို ကြည့်လိုက်တော့ သာလှလက်ထဲတွင် ကြက်ကလေး သုံးကောင်။
“ဟင် ကြက်ကလေးတွေ အရွယ်တောင်မရောက်သေးဘူး။ မင်း ဘာလုပ်မလို့လဲ သာလှ“
“သတ်ပြီးကြော်မလို့လေ“
“ဘုရား ဘုရား မင်းကိုလယ်တဲရှင်က ခွင့်ပြုပါ့မလား။ သူလည်းသိတာမဟုတ်။“
“ရပါတယ်ကွာ ငါကြက်သုံးကောင် ပြန်ပေးလိုက်မှာပေါ့။“
ခက်ချေပြီ။ ရပါတယ်ဟုချည်း သာလှက ဆိုနေသဖြင့် ကိုလှမောင် မျက်ခုံး လှုပ်ချင်ချင်ဖြစ်လာရသည်။
“မင်းကြက်တွေက ငယ်ငယ်လေးတွေရှိသေးတာ“
“ဟာကိုလှမောင်ကလည်း တစ်ချို့ဆို ငုံးကြော်ဆိုပြီးတော့ ကြက်ပေါက်စတွေကြော်ရောင်းသေးတာ ခု ကျွန်တော်တော့ ကြော်တော့မယ် ဟေ့ကောင် မောင်လွင်နဲ့မင်းမောင် ဒီလာ ကြက်သတ်ရအောင်“
ဘုရား..ဘုရား သာလှ ဘီလူးသရဲများ စီးနေလေရော့လား။ကိုလှမောင်စိတ်ထဲကတွေးနေရပြီ။ အချိန်ကလည်း လမိုက်ညဖြစ်သဖြင့် မှောင်မည်းကာ နေသည်ကိုလည်း သတိထားမိသည်။ လိုက်လာခဲ့သည်မှာ မှားများမှားနေရော့လား။ ခုချိန်ကြီး ကြက်သတ်ပြီးကြော်စားကြမည်ဆိုတော့ ကောင်းပါ့မည်လားဟု စိတ်ထဲတွင် တွေးမိလာသည်။
ကိုလှမောင် သာလှမျက်နှာကို သေသေချာချာကြည့်လိုက်သည်။ ဒီကောင်ရိုးရောရိုးရဲ့လားဟု ကြည့်ခြင်းဖြစ်သည်။ မကြာမီတွင် ကြက်ကြော်နံ့သည် တဲအတွင်းပျံ့နှံ့လာသည်။ သွားပြီး အနိစ္စသဘောနှင့် ကိစ္စချောသွားသော ကြက်ကလေးသုံးကောင်။ အမျှ အမျှ အမျှ။ ကိုလှမောင် အမျှတွေဝေနေသည်။ လူချွတ်မှ ကျွတ်သည်ဆိုခြင်းထက် လူသတ်လို့သေရသည့် ကြက်ကလေးသုံးကောင်..။
“ကိုလှမောင်“
` “အောင်မလေး မြတ်စွာဘုရား “
“ဘာလုပ်နေတာလဲ ပုလင်းတွေဖွင့်တော့ သောက်ကြမယ် ရော့ကြက်ကြော်“
ရှေ့တွင်ချထားသော ကြက်ကြော် ပန်းကန်ထဲတွင် ကြက်ကလေးသုံးကောင် ခြေထောက် ခြောက်ချောင်းကို မိုးပေါ်ထောင်လျှက် ပက်လက်ကလေး။
သာလှစိတ်ထဲတွင် ကြက်ကြော် ပန်းကန်ကို ပြူးကြည့်နေသော ကိုလှမောင်ကို တင်ကာ မကင်းဖြစ်လာသည်။ စောစောတုန်းက ကြက်ကြော်နေစဉ် အတွင်းကတည်းက ကိုလှမောင် တစ်ယောက်တည်း ထိုင်ကတွေငေးနေသည်ကို ကြက်ကြော်နေရင်း သာလှ မြင်နေရသည်။ နောက် သူ့ကိုလည်း ကိုလှမောင် စူးစူကြီးစိုက်ကြည့်နေသည်ကို သူ မသိချင်ယောင်တောင် ဆောင်လိုက်ရသေးသည်။ ကြည့်ရသည်မှာ စိတ်နှင့်ကိုယ်မကပ်သလိုဖြစ်နေသည်ဟု သာလှထင်သည်။ မျက်လုံးများကလည်း ဟိုဒေါင့်သည်မှာ ပြေးလွှားနေသည်။ သာလှ ကိုလှမောင်ကို မတင်ကာတော့။
အချိန်သည် လမိုက်ည သန်းခေါင်ယံကျော်ကျော်ဖြစ်သည်။ ရောက်နေသည့်နေရာက မြို့နှင့်အလှမ်းဝေးသော လယ်တဲတစ်နေရာတွင်ဖြစ်သဖြင့် ဘီလူးသရဲများ ဝင်စီးနေရော့သလားဟု သာလှထင်လာလေသည်။ ခုခရီးက သာလှ ပျော်ချင်ပါချင်၍ ဦးဆောင်လာသော အပျော်ခရီး။ သွားချင်လျှင် သွားလိုက်ရမှဆိုသည့် သာလှ၏ စိတ်ဓါတ်နောက်တွင် ပါရမီဖြည့်ကြကုန်သော ကိုလှမောင်၊ မောင်လွင် နှင့် မင်းမောင်တို့လေးဦးသား ဦးသောင်းလယ်တဲတွင် ဘီယာဖောက်၍ ညအား အရသာရှိရှိ မြည်းနေကြပြီ။ မောင်လွင်က လက်သိပ်ကလေးထည့်လာသော ဝီစကီတစ်ထောင့်ကို ဘီယာကုန်ခါနီးလောက်တွင်ထပ်ချ သဖြင့် ဝိုင်းသည် စကားလုံးတို့ဖြင့် စည်ကားလာသည်။ ကိုလှမောင်က သာလှကိုတစ်ချက်တစ်ချက် ခိုးကြည့်နေသလို သာလှကလည်း ကိုလှမောင်ကို မသိမသာ ချက်နေသည်။ မောင်လွင်နှင့် မင်းမောင်ကတော့ ဘာမှမသိ။ စားစားသောက်သောက်နှင့် အချိန်သည် တော်တော်ကြာခဲ့ပြီ။
ကိုလှမောင်က ကြက်ကြော်ကိုမထိသဖြင့် သာလှ သံသယက ပိုမိုဝင်လာသည်။ ပို၍ထူးဆန်းသည်က မောင်လွင်ရော မင်းမောင်ပါ ကြက်ကြော်ကို ယောင်၍မှပင် မကိုင်။ ကိုလှမောင်က သာလှ ဘာကြောင့်ကြက်ကြော်ပန်းကန်ကို ဆိုက်ကြည့်နေသလဲဆိုသည် စဉ်းစားမရဖြစ်လာသည်။ သာလှ သူ့ကို မသိမသာ ခိုးကြည့်နေတာကိုလည်း သိသည်။
တစ်ချက်တစ်ချက် ဖယောင်းတိုင်မီးရောင်အောင်တွင် စူးရှသွားသော အကြည့်များကို သူမကြိုက်။ ဘီယာကိုမျှင်းသောက်ပြီး အနည်းငယ်ကျနေသော စိတ်ကို ဝီစကီ တစ်ပက်ပြီးတစ်ပက် ထည့်က ရဲဆေးတင်နေလိုက်သည်။
“ဒါ ကိုလှမောင် မဟုတ်ဘူး“
သာလှ စိတ်ထဲတွင် တစ်ယောက်တည်း ပြောနေမိသည်။ မျက်လုံးတို့ရီဝေစွာ မျက်ထောင့်နီကြီးနှင့် သူ့ကိုကြည့်နေသော ကိုလှမောင်။ သာလှ အယောင်ယောင် အမှားမှားဖြင့် ကြက်ကြော် တစ်ကောင်ကိုယူကာ စိတ်လွတ်လွတ်နှင့် တစ်ကိုက်ပြီးတစ်ကိုက် ပလုပ်ပလောင်း ဖဲ့စားနေမိသည်။ နောက် ဝီစကီခွက်ကို တစ်ကျိုက်တည်းမော့ချကာ နောက်ထပ်တစ်ခွက်ကိုငဲ့ပြီး ထပ်မော့ချပစ်လိုက်သည်။ ထိုစဉ် လေသည် မြောက်ဘက်မှ တိုက်လာသဖြင့် ဖယောင်းတိုင်မီးမှာ တစ်မှေးမှိန်သွားသည်။
“ကိုသာလှတို့တော့ ကြံကြံဖန်ဖန် ဒီလောက်ဗွက်တွေထဲကိုလာပြီး အရက်လာသောက်ရတယ်လို့ ရှားရှားပါးပါး။ တကယ့်ကို ရှားရှားပါးပါးနော် မင်းမောင် အေ့“
“ဟုတ်ပါ့ ငလွင်ရာ ကိုသာလှက သွားမယ်ဆို ဟော ငါတို့အစ်ကိုကြီးကိုလှမောင်က ဘယ်နေမလဲ။ ကိုလှမောင်မှ မနေရင် ငါတို့ကလည်း မနေဘူးလေ။ ကိုသာလှတို့ ကိုကြီးလှမောင်တို့ဆိုတာ ငတို့ အစ်ကိုအရင်းလို ချစ်ရတဲ့ ခင်ရတဲ့ လေးစားရတဲ့ အစ်ကိုတွေဆိုလည်းမမှားဘူး အေ့ အေ့“
“ဒါတင်ဘယ်ဟုတ်မလဲ ငါတို့ကျေးဇူးရှင်ဆိုလည်း ဟုတ်နေတာကိုးကွ ဟာ ဟေ့ ကိုလှမောင်ကြီး ဘာတွေ တွေဝေေ နတာတုန်း။ ကိုသာလှကလည်း ကြက်ကြော်ကို လွေးနေလိုက်တာ စကားတောင်မပြောဘူး“
“ဟုတ်တယ်နော် အေ့ ငါတို့ အစ်ကိုတို့များ အေ့ စကားနည်းနေလိုက်တာ ဒီညမှ ထူးထူးခြားခြား ဗျို့ ကိုသာလှကြီး ဘာလဲဗျာ ကြက်ကြော်ကို ဘီလူးသရဲစီးနေသလို လွေးနေလိုက်တာ“
မူးမူးနှင့် မင်းမောင်ပြောသော စကား၏နောက်တွင် ကိုလှမောင်၏ သံသယသည် ပိုမိုခိုင်မာသွားခဲ့ပြီ။ ဟုတ်လောက်သည်။ ခုပင်လျှင် ကြက်ကြော်ကို အငမ်းမရ ကိုက်ဖဲ့စားသောက်နေသော သာလှမှာ လူစင်စစ်မဟုတ်။ သရဲသဘက်ဝင်စီးနေသူသာဖြစ်လောက်သည်။ လမ်းတွင် ရေထဲ ဗွက်ထဲ၌ သာလှ ခဏခဏ လျှော်လဲကျသည်။ သူတို့သုံးဦးလည်း တစ်ဗိုင်းဗိုင်းပစ်လဲခဲ့ကြသည်။ ဤသို့ဆိုလျှင် မောင်လွင်နှင့် မင်းမောင်ကရော ရိုးပါရဲ့လား။ ဝီစကီခွက်ကို တစ်ခွက်ပြီးတစ်ခွက်မော့လျှက် ကြက်ကြော်ကို တကိုက်ပြီး တကိုက်စားနေခြင်းမှ ရိုးရိုးမဟုတ်ဟု ကိုလှမောင်ထင်သည်။ ကိုလှမောင်၏ အကြည့်များ သာလှထံမှ မခွာ။ ထို့အတူ သာလှ၏ စူးရှသော အကြည့်များကလည်း ကိုလှမောင်ထံမှ လုံးလုံးမခွာတော့။
မောင်လွင်နှင့် မင်းမောင် တအိအိနှင့် မူးဝေက လေသံတွေပျော့လာသည်။ ထိုစဉ် ဝေးဝေးမှ ခွေးအူသံကိုကြားလိုက်ရသည်။ သာလှနှင့် ကိုလှမောင် နှစ်ဦးသား ကြက်သီးမွှေးညှင်းများ ဖျန်းခနဲထသွားကြသည်။ ဘာလုပ်ရမည်လဲဟူသည်ကို သာလှက ကြက်ကြော်စားရင်းတွေးနေသည်။ ကိုလှမောင်က လည်း ကြံစည်တွေးတောရင်းဖြင့် မောင်လွင်တို့နှစ်ကောင်မထိသော ကြက်ဥကြော်ကို တစ်လုပ်ထဲ ပစ်ထည်းဝါးပစ်လိုက်သည်။ သာလှမျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
စောစောတုန်းက ကြက်ဥတစ်လုံးတည်း ကြော်သဖြင့် စားမလောက်ဟုဆိုကာ မစား မသောက်တော့ မည့်နှယ် ပြောခဲ့သော ကိုလှမောင် ယခု ကြက်ဥကြော်ကို တစ်ချက်တည်း ပါးစပ်အတွင်းသို့ပစ်ထည့်ကာ ဝါးပစ်လိုက်ပုံက ထူးထူးဆန်းဆန်း။
“ဟုတ်ပါပြီ ကိုလှမောင်မဟုတ်ဘူး“
“ဟုတ်တယ် သာလှမဟုတ်ဘူး“
သာလှမျက်စိက စောစောတုန်းက ထင်းခွဲခဲ့သောဓါးဆီ အကြည့်ရောက်နေသည်။ ဟိုငမူးနှစ်ကောင်က ဘာမှမသိသဖြင့် သူ့ကို ကိုလှမောင်ယောင်ဆောင်ထားသော အကောင်ကတစ်ခုခု ထလုပ်လျှင် ပြန်လည်ခုခံရန် လက်နက်တစ်ခုခုရှိနေမှရမည်။
ကြက်ကြော်ကို ချထားက လက်တို့က အသင့်အနေအထားဖြင့် ပြင်ဆင်ထားသည်။ ကိုလှမောင်လျှော်လဲရင်း အသက်ပါသွားခဲ့လေသလား။ ဒါကြောင့်ပင်လျှင် ကိုလှမောင်ခန္ဓာထဲသို တစ်ကောင်ကောင် ပူးကပ်လိုက်သလား။ သံသယတွေ ပွားစီးလျှက် မျက်စိကလည်း တစ်ချက်ကလေးမှကို မျက်တောင်မခတ်မိတော့။ နားကလည်း ကားကားစွင့်လျှက် တိတ်ဆိတ်နေသော အချိန်မျိုးမှ ထွက်လာမည်ဖြစ်သော အသံတစ်သံကို နားစွင့်နေလိုက်သည်။ လက်ခြေ မျက်စိနားတို့မှာ တစ်ချက်ကလေးမှ သတိလက်လွတ်၍မဖြစ်ဟု သာလှတွေးထားသည်။ ဟိုနှစ်ကောင်မှ အိပ်ပျော်နေပြီဖြစ်သည်။
မျက်တောင်တောင် မခတ်တော့ပါလား။ တစ်ယောက်တည်း ထိုင်နေလိုက်သည်မှ တုတ်တုတ်ကိုမလှုပ်။ သူ့အား သာလှ စူးစိုက်ကြည့်နေလိုက်သည်မှာ ကြောက်စရာကောင်းလှသည်။ သာလှမဟုတ်သော သာလှကိုကြည့်ရသည်မှာ တစ်ခုခု ထလုပ်တော့မည့်ဟန် ပေါက်နေသည်။ ကိုလှမောင်က ကွတ်ပျစ်နောက်နားရှိ ပေါက်ပြားတစ်လက်ကို မြင်ထားသည်။ အကယ်၍ တစ်ခုခုလှုပ်ရှားမည့်ဟန် လုပ်လျှင် သာလှအရင် သူက လက်သွက်မှရမည်။ အားကိုးအားထားပြုရမည် နှစ်ကောင်မှ တုတ်တုတ်ပင်မလှုပ်တော့ပဲ အိပ်မောကျနေသည်။ ကိုလှမောင် မျက်တောင်မခတ်ပဲ သာလှကို စိုက်ကြည့်နေမိသည်။ အလာတုန်းက ရေကိုဖြတ်လာရသဖြင့်လားတော့မသိ ကိုလှမောင် နာမွန်လာသလိုလိုခံစားလာရသည်။ လေသည်တချက်တချက် တိုက်ခတ်လာပြီး ပိုအေးသလို ခံစားလာရသည်။ နှာခေါင်းမှ မိုးသက်လေကိုပါ အနံ့ရသလိုလိုရှိသည်။ မိုးများရွာလာမလား။ ဖယောင်းတိုင်မှာ ငြိမ်းလု ငြိမ်းခင်ဖြစ်လိုက် ပြန်လည် တောက်ပလာလိုက်။ လယ်တဲသည် လင်းသွားလိုက် မှိန်သွားလိုက်ဖြင့် တိတ်ဆိတ်ငြိမ်သက်လျှက်။ တဲအတွင်းတွင်တော့ အသက်ရှူသံခပ်ပြင်းပြင်းနှစ်ချက်သည် စည်းနှင့်ဝါးနှယ် အချီအချ မှန်မှန်ကြီး ထွက်ပေါ်နေလေသည်။
ထိုစဉ်လေသည် ဟုတ်ခနဲတိုက်လိုက်သဖြင့် ဖယောင်းတိုင်မီးသည် ငြိမ်းသွားခဲ့သည်။
“မီးခြစ်ဘယ်နားမှာလဲ“
ကြားလိုက်ရသော နှာသံဝါဝါကြီးကြောင့် သာလှ ကြက်သီးမွှေးညှင်းများ တဖျင်းဖျင်းထကာ ဦးခေါင်းတစ်ခုလုံး ဆယ်ဆမကကြီးသွားသည့်နှယ် ခံစားလိုက်ရသည်။ ဘုရား ဘုရား ကိုလှမောင်အသံမှ မဟုတ်တော့တာ။ ဒါ ကိုလှမောင်အသံမှ မဟုတ်တာ။ မီးထွန်းရမလား။ မီးကိုမထွန်းလျှင် အမှောင်ထဲတွင် ဘာကိုမှမမြင်ရသဖြင့် အန္တရယ်သည် သာလှကို လက်တကမ်းအလိုမှာပင် ဝါးမြိုသွားနိုင်သည်။ မီးထွန်းလိုက်လျှင် မည်သို့ပင်ဖြစ်စေ အလင်းကြောင့် သတ္တိတွေရှိကာ အန္တရယ်ကို ရင်ဆိုင်ရဲမည်။ မီးခြစ် မီးခြစ် ဘယ်မှာလဲ။
လက်ကို အသံမမြည်အောင် အသာလေးလှုပ်ရှားက မီးခြစ်ကိုလိုက်စမ်းနေရသည်။ ကိုလှမောင် ဘယ်ရောက်နေလဲ။ တိတ်ဆိတ်နေသည်။ သို့သော် အသက်ရှုသံ ပြင်းပြင်းကိုတော့ ကြားနေရသေးသည်။တစ်ခါအစမ်းတွင် ပုလင်းတစ်လုံးကိုတိုက်မိသဖြင့် အသံမြည်သွားခဲ့သည်။
“ခလွမ်း“
ဘာဖြစ်လို့ မီးမထွန်းသေးတာလဲ။ သာလှဘက်က အသံတိတ်နေသည်။ မိုးသံ တဖျောက်ဖျောက်ကို ကြားလာရသည်။ မိုးသည် ဖြည်းညှင်းစွာရွာနေရာမှ တဝေါဝေါနှင့် ရွာလာတော့သည်။ ခုချိန်ထိ စောစောတုန်းက ပုလင်းတိုက်ကျကွဲသံမှလွဲ၍ သာလှဘက်မှ မည်သည့်အသံကိုမှ မကြားရ။ ကိုလှမောင် ၏ လက်တွေ ကွတ်ပျစ်နောက်ကျောကို စမ်းသပ်နေရသည်။ ခုထိ ပေါက်ပြားရိုးကိုမကိုင်မိသေး။ အသက်ကိုခပ်မှန်မှန်ရှူလျှက် ငြိမ်သက်နေမိသည်။ ခုမှ အမှောင်သည် သူ၏ ကြောက်စိတ်ကို ပိုမိုကြီးထွားအောင် ပင့်သင့်ပေးလိုက်သလိုရှိသည်။ ချွေးများ တဒီးဒီးကျလျှက် နေရာမှမလှုပ်ရဲ။ အလင်းမရှိသဖြင့် မိုးထဲလေထဲတွင် လယ်တဲမှာ မှောင်နှင့်မည်းမည်း။ တစ်ချက်တစ်ချက် လေဆောင့်တိုက်သဖြင့် မိုးကာဖျင်စမှာ ဘတ်လှပ်ဘတ်လှပ်ဖြင့် စည်းကျကျ လှုပ်ရမ်းနေသည်။ သာလှ၏ လှုပ်ရှားသံကို နားစွင့်နေမိသည်။ ထိုစဉ် အမှောင်ထဲတွင် တစ်ခုခုလှုပ်ရှားလိုက်သည်ကို အမှောင်ကို အသားကျနေပြီဖြစ်သော ကိုလှမောင်မျက်လုံးက မြင်လိုက်ရသည်။ သာလှမဟုတ်သော သာလှကြီး အမှောင်ထဲတွင် မိုးတိုးမတ်တပ်ရပ်လို့နေသည်။ ဘုရားဘုရား အသက်ဇီဝန်သည် ကြွေရတော့မည်လား။
ထိုအခိုက်အတန့်တွင် မီးခြစ်ခြစ်သံကိုကြားလိုက်ရသဖြင့် သာလှ မတ်တပ်ရပ်နေရင်းမှ ရုတ်တရက် ငြိမ်ငြိမ်ကလေးနေမိလိုက်သည်။ ကိုလှမောင်မဟုတ်သော ကိုလှမောင် ဘက်အခြမ်းမှ မီးခြစ်ခြစ်သံသည် ဖြည်းညှင်းနှေးကွေးစွာ တစ်ချက်ပြီးတစ်ချက် ခြစ်နေသည်။ သာလှ စိတ်ကိုလာ ဆွနေသည်လား။ နှလုံးခုန်သံသည် တစ်စက္ကန့်တွင် အချက်ပေါင်း ရာချီသည်ဟုပင် ထင်နေရသည်။ တဒုတ်ဒုတ်ခုန်နေသော နှလုံးခုန်သံနှင့် နားထင်သို့ ဆောင့်တက်နေသော သွေးကြောများသည် ပြတ်တောက်သွားတော့ မယောင်ထင်နေရသည်။ ချွေးများသည် နဖူးပြင်မှ၊ နားထင်မှ ၊ လည်ဂုတ်ဆီမှ အဆက်မပြတ် တဒီးဒီး ကျလျှက်ရှိနေသည်။ မိုးနှင့်လေနှင့် လယ်တဲထဲတွင် သာလှသည် ပူလောင် အိုက်စပ် လျှက်ရှိနေရသည်။ ခုချိန်ထိ မီးခြစ်သံမှ မရပ်တန့်သေး။
သာလှ ကိုယ့်ကိုကိုယ် မလှုပ်မယှက်ဖြင့် ရပ်နေရသည်။ မှောင်နှင့်မည်းမည်းတွင် အရိပ်တစ်ခုက သူနှင့် လက်တစ်ကမ်းအကွာတွင် ငုတ်တုတ်ကြီးထိုင်နေသည်ကို ကျင့်သားရနေသော မျက်လုံးကမြင်၏။ တင်ပလ္လင်ခွေထိုင်နေရာမှ ဆောင့်ကြောင့်ပြင်ထိုင်လိုက်သည်ကိုတွေ့လိုက်ရသဖြင့် သူ့လက်သည် ရုတ်ခနဲအပြင်တွင် မီးခြစ်သံအဆုံး မီးပွင့်ကလေးလင်းလာလေသည်။
“အား……..“
“အား…………..။“
“အား………………..။“
“အား……………………..။“
ဆောင့်ကြောင့်ကြီးထိုင်လျှက် ချွေးတွေတဒီးဒီးကျနေသော ကိုလှမောင်နှင့် ကွတ်ပျစ်ဘေးနားတွင် မတ်တပ်ကြီး ဆန့်ဆန့်ရပ်လျှက် မျက်လုံးကြီးပြူးက ချွေးများ တဒီးဒီးကျနေသော သာလှကိုမြင်လိုက်ရသဖြင့် မင်းမောင်နှင့် မောင်လွင်မှ အားဟု ထအော်လိုက်ခြင်းဖြစ်ရာ သာလှနှင့် ကိုလှမောင်မှာလည်း တစ်ပြိုင်တည်းလိုက်အော်မိခြင်းဖြစ်သည်။
ထိုနောက်လူသံများကိုကြားလာရပြီး ဓါတ်မီးကိုယ်ဆီနှင့် လူအများရောက်လာကြသည်။ ကိုလှမောင်နှင့် သာလှမှာ ကြောင်တောင်တောင်ကြီးဖြစ်လျှက် စကားပြောဆိုနိုင်ခြင်းမရှိရာ ဆေးရုံသို့ အမြန်ပို့ရတော့သည်။ ယခုတွင်မှ သူတို့လေးဦးနေသောလယ်တဲအနီးတွင် လယ်တဲကလေးများ အစီအရီရှိနေလျှက် သူတို့နေသော လယ်တဲမှာ ဦးသောင်း၏ တဲမဟုတ်ပဲ ဦးသောင်း၏လယ်တဲမှာမူ ယခုတဲနှင့် လယ်တစ်ကွက်ဝေးနေသေးသည်။ အနီးအနားမှ လယ်တဲများမှာ သူတို့လေးဦးရောက်လာပြီး ချက်ပြုတ်နေ ကတည်းက အသံတွေကိုကြားနေရပြီး လယ်တဲရှင်၏ ဧည့်သည်များဟု ထင်မှတ် နေခဲ့ဲကြခြင်းဖြစ်သည်။ ကိုလှမောင်နှင့် သာလှ၏ စိတ်ထဲတွင်ရှိနေသော သံသယသည်ကား….။

သော်ဇင်(လွိုင်ကော်)

ရတီမဂ္ဂဇင်း ၊ အောက်တိုဘာ၊ ၂၀၁၃

အသံတိတ်ရုပ်ရှင်




 

မတရားသဖြင့် သူ့ပစ္စည်းကိုရယူလိုခြင်း ဟု သူတကာတွေ သမုတ်ကြမည်ဆိုလျှင် လက်ဆယ်ဖြာဦးထိပ်ပန်ဆင်ပြီး ကျွန်မ တိုင်တည်ပြောဆိုရဲပါ၏။ အကျိုးလိုသဖြင့်ညောင်ရေလောင်းခဲ့သည်ဟု ထင်မြင်ခြင်းသည် ကျွန်မကိုယ်တိုင်ထိခိုက်ခံခဲ့ခြင်းမှ လွဲ၍ သူတစ်ထူးအား ထိခိုက်စေခဲ့ခြင်းငှာ အလျဉ်းမရှိခဲ့ပါ။ ကျွန်မ၏ ရင်မှဖြစ်သော သားရတနာအတွက် ရည်ရွယ်၍ ကာယကံမြောက်၊ မနောကံမြောက် ပြုလုပ်ခဲ့ခြင်းသည် အနှိုင်းမဲ့ဖြစ်သော မိခင်တစ်ယောက်၏ မေတ္တာတရားကြောင့်သည်ကား အတည်ဖြစ်သည်။
~~~~~~

အချိန်အားဖြင့် သုံးနှစ်ရှိခဲ့ပြီ။ သည်တိုက်ကြီးရှေ့ကနေဖြတ်သွားရတိုင်း လှည့်၍ပင်မကြည့်ဖြစ်ခဲ့ချေ။ မျက်စိသည် ရှေ့တူရှုကိုကြည့်၍ ကျွန်မလမ်း ကျွန်မဖြောင့်အောင်သွားခဲ့သည်။ လမ်းသည် အကွေ့အကောက်နှင့် ရှိတတ်ကြသည်မှန်သော်လည်း ဖြောင့်စင်းသည့်လမ်းကိုသာ ကျွန်မကြိုက်သည်။ သို့သော် လမ်းချိုးလမ်းကွေးလေးထဲသို့ ကျွန်မ ပြန်လျှောက်ရလိမ့်မည်ဟု အကြောင်းဖန်လာသည်။ ထိုအကြောင်းဖန်လာသူကိုပင် ကျွန်မ ဒေါသနှင့် နေ့စဉ် ဖရုဿာဝါစာတွေ ရွတ်ဖတ်သရဇယ်နေခဲ့သေးသည်။
ကမ္ဘာ့ရန်ဟု စာဖွဲ့လျှင်ရလောက်သည် ကျွန်မတို့နှစ်ဦး၏ သွင်ပြင်ကို ကြားဝင်စေ့စပ်ဖို့ကြိုးစားနေခြင်းမှာ ကျွန်မ၏ အိမ်ဦးနတ်ဖြစ်သည်။ ထိုနတ်သည် အခါမလပ်ပူဇော်ပသနေရသောနတ်ဖြစ်နေသည်။ အတွင်းသုံးဆယ့်ခွန် အပြင်သုံးဆယ့်ခွန်ထဲတွင်မပါသော်လည်း ကိုကြီးကျော်လည်း ပူးချင်ပူးသည့် နတ်ဝင်ကစွပ်ဖြစ်သည်။ နေ့စဉ် မြန်မာရမ်တစ်လုံး စီပီကြက်ကင် တစ်ခြမ်းနှင့် တင်ပလ္လင်ချိတ်ကာ မြိန့်မြိန့်ကြီး ထိုင်ကာ တစ်ပက်ပြီး တစ်ပက် မှီဝဲနေခြင်းကိုက ကျွန်မ၏ အိမ်ဦးနတ်ဘ၀ ဖြစ်သည်။
ထိုနတ်ကိုပင် အိမ်ကအထွက်တစ်ကြိမ်၊ အိမ်သို့အဝင်တစ်ကြိမ် မကြားဝံ့မနာသာ စကားတွေနှင့် မည်သို့ပင် ပက်ကျဲ ပက်ကျဲ အစေ့က အပင်မပေါက်သည့် အမျိုးဖြစ်သည်။ မျိုးစေ့မမှန် ပင်မသန်ဆိုသည့်စကားဖြင့် ကိုင်ပေါက်ရမည်ဆိုလျှင် ဓါးတပြတ်ဒုတ်တပြတ်နှင့် ခုနှစ်အိမ်ကျော် ရှစ်အိမ်ကကြားမည့် မြန်မာရိုးရာ လင်မယားရန်ဖြစ်သံတွေ ကြားရတော့မည်။
တစ်ခုက ဆိတ်ငြိမ်ပါသည့်ဆိုသည့် ရပ်ကွက်ဖြစ်နေသည်မို့ ကိုယ့်ဇာတ်နှင့်ကိုယ် နိုင်အောင်ကခါ အသံတိတ်ခေတ်ရုပ်ရှင်တွေလို ဖြူဖြူနှင့်မည်းမည်း တိုးတိတ်စွာ ခံစားနေသည်က အခက်တွေ့စရာကောင်းသည်။ ကျွန်မအတွက် သစ်ဆွေးတုံးနှင့်မခြားသော လင်တော်အိမ်ဦးနတ်သည် ဆွေးတထက်မြေ့လာသည်မှာ နှစ်နှစ်ရှိပြီ။ ရကာစ ငနွားနှင့်များတော့ ခိုင်းရက်စရာပင်မရှိတော့။ ထိုသို့ငနွားဟု ခိုင်းနှိုင်းလျှင် ယောကျာ်းတွေ ဆတ်ဆတ်ထိမခံနိုင်စွာ အနာပေါ်ဒုတ်ကျသကဲ့သို့ တွန့်လိမ့်နေတတ်သည်။ ကျွန်မ မှတ်မိသည် ။ ကျွန်မလက်ထဲသို့ ရော့အသပြာဟု ကြည်ကြည်ဖြူဖြူ အပ်ခဲ့ဖူးခဲ့ချိန်သည် တစ်နှစ်ပင်မပြည့်။ ထိုသည်ပင် ပြောစရာစကား အိမ်ဦးနတ် ပြောကြားသည်က
“ငါရှာကျွေးထားတာ လည်ပင်းခြေမနဲ့ကော်ထုတ်တောင် အတုံးလိုက်ထွက်ကြဦးမယ်။ မင်း ဘယ်နှစ်ပြားရှာနိုင်လို့လဲ“ ဟူ၏။
မိန်းမတွေငွေမရှာနိုင်ဘူး ဟုသည့်စကားသည် စော်ကားရာကျသည်ဟု ကျွန်မကတွေးသည်။ လင်တော်အိမ်ဦးနတ်သည်ပင် ထိုစကားပြောပြီး ဦးခေါင်းပင်မထောင်နိုင်တော့သည်မှာ ခုဆိုကြာခဲ့ပြီ။ တစ်ခါတစ်ခါ မူးလွန်းမက မူးလာခဲ့ပြီဆိုလျှင်
“အသုံးမကျတဲ့မိန်းမ ငါခုလိုဖြစ်နေတာ မင်းကြောင့် “ ဆိုပြီး ရစ်သည်။ ထိုအခါမျိုးတွင် ကျွန်မက ရင်ထဲမှာ နာခဲ့ရသော အနာများကို အပ်နှင့်ပြန်ဆွနေသကဲ့သို့ နာကျင်လှပြီး ရင်ခွင်တံခါး စေ့ထားသည်ကို ဝုန်းခနဲဖွင့်ချလိုက်သည်။
“ဒီမယ် ကိုထွန်းရှိန် အသုံးမကျတဲ့မိန်းမတစ်ယောက်ရှာကျွေးနေတာကို ရှင်ထိုင်စားနေတာ နှစ်နှစ်ရှိပြီ။ ပြီးခဲ့တာတွေကို ချေးခြောက်ရေနူးနေမယ်ဆိုရင် ကျွန်မမလဲ ဒဏ်ရာက အကင်းသေသေးတာမဟုတ်ဘူးနော်။ ကျွန်မ ဘယ်လောက်ထိ အစွဲကြီးတယ်ဆိုတာရှင်သိမယ်ဆိုရင် ရှင်ရဲ့ လက်ပြန်တစ်ချက်ရယ် ရှင့်အမေရဲ့ လက်ဝါးတစ်ချက်ရယ် ခုထက်ထိ ကျွန်မပါးမှာ ပူနေသေးတယ်ဆိုတာမမေ့နဲ့။ “
“မင်းမိုက်ရိုင်းခဲ့တာက ငါ့အမေထက်ပိုတယ်ကွ“
သားတွေအမေကို ချစ်တယ်ဆိုတာ ကျွန်မ ယုံပါသည်။ အမေတွေကလည်း သားတွေကို ပိုချစ်သည်ကို အကြွင်းမဲ့ ယုံပါသည်။ သို့သော် အတ္တဆန်လာသော မေတ္တာတရားအတွက် ကျွန်မ နားမလည်ပေးနိုင်ချေ။ ကျွန်မ မိုက်ရိုင်းခဲ့ခြင်းသည် မည်သည့်အကြောင်းမှ ဆင်းသက်လာသည်ကို လင်တော် အိမ်ဦးနတ်သိစေချင်လွန်းလှ၏။
တဆတ်ဆတ်နာကျင်နေသော နှလုံးပြင်ဝယ် ညနေခင်းတစ်ခု၏ ပုံရိပ်သည် ရေးရေးထင်လာသည်။ ထိုသည့်ပင် ကျွန်မဘဝတစ်ခြမ်း၏ အသံတိတ်ရုပ်ရှင်ကားဖြစ်သည်။
(၂)
ကျွန်မယုံကြည်ထားသောအချက်သည် မှားကောင်းမှားနိုင်သော်လည်း ကျွန်မအတွက်မူ ဤအချက်သည် မှန်ကန်ခဲ့သည်။ ထိုအချက်မှာ ယောကျာ်းသားများသည် မိန်းမတစ်ယောက်၏ဘဝကို ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ခြင်းမရှိ ဟူသည် အချက်ဖြစ်သည်။ မိန်းမတစ်ယောက် အားကိုးရသည့်ယောကျာ်းသည် မည်သို့နည်းဟု မေးလာလျှင် ကျွန်မမှာ စံနှုန်းတွေမရှိ။ တစ်ခုတော့ရှိသည့် ကိုယ်သိပ်ချစ်သည့်မိန်းမတစ်ယောက်၏ စိတ်ကိုတော့ နားလည်နိုင်စွမ်းရှိရန်လိုသည်။ ခု ကျွန်မ၏ လင်တော် ကျွန်မကို ဘယ်လောက်နားလည်သလဲဆိုသည့်အဆုံးအဖြတ်ကို ကျွန်မသိသွားပြီ။
ထိုအခါ ယူကြုံးမရခြင်းဆိုသည့် နောင်တတွေအဖြစ်ခံစားရသော်လည်း ကျွန်မတို့အတွက် ခဲတံနှင့်ရေးခဲ့သော အိမ်ထောင်ရေး မဟုတ်သည်မို့ ခဲဖျက်နှင့်ဖျက်၍မရတော့ပါ။ သံယောဇဉ်သည် ချီနှောင်ပြီးပြီ။ လင်ကုန်မယားနှစ်ယောက်ထဲဆိုလျှင် ဆုံးဖြတ်ချက်ကပြောင်းနိုင်သေးသော်လည်း တကယ့်လက်တွေ့တွင် ထောက်ရှုရမည့်အကြောင်းတွေများလှသည်။ ကျွန်မ မကျေနပ်ခြင်းသည် ခေါင်းစဉ်တပ်မရသော အကြောင်းတွေ ကြောင့် ကျွန်မတို့ မိန်းမသားတွေ တွေဝေနေခဲ့ခြင်းကိုဖြစ်သည်။
အိမ်ထောင်ကွဲလျှင် ယောကျာ်းတွေမရှုံးဘူးဟု ဆိုခြင်းသည် ကျွန်မတို့မိန်းမသားတွေကိုသက်သက်စော်ကား ခြင်းဖြစ်သည်။ မိန်းမတစ်ယောက်၏ အချစ်၊ ဘဝ၊ ခံစားချက်ကို နားမလည်သည့်အထဲတွင် ယောကျာ်းတွေက ထိပ်ဆုံးကပါသည်။
ကျွန်မက ဘဝချင်းလဲလို့ရလျှင် ခဏလောက်လဲကြည့်ရအောင်ဆိုပြီး ယောကျာ်းတွေကိုပြောရင် မည်သူက ချက်ချင်းလဲမည်ဟု ပြောလာမည်လဲ။ သေချာသည်ကတော့ ခေါင်းကလေးခါကာ မျက်ကွယ်ပြုသွားကြမည်သာ။ ဒါသည်ပင် ကျွန်မ၏ အသံတိတ်ရုပ်ရှင်တွေထဲက အခန်းပင် ဖြစ်၏။
ကျွန်မ၏ အသံတိတ်ရုပ်ရှင်တွေထဲက တစ်ခန်းကို ကျွန်မ ချပြဖြစ်တော့မည့် နေ့သည် အနည်းငယ်တော့ အုံ့မှိုင်းလျှက်ရှိသည်။ ကိုထွန်းရှိန်နှင့်ရပြီး အဲသည်တိုက်ကြီး ပေါ်စရောက်ခဲ့သော ညနေခင်းများနှင့် နေ့စဉ်ဖြတ်သန်းလာခဲ့ရသော ချွေးမတစ်ယောက်၏ မီးဖိုခန်းဝင် ဇာတ်အိမ်များ။
ဆားပေါ့ ဆီများ သည်ဟု ရှေးမဆွကတည်းက ယောက္ခမတွေ ချွေးမတွေအပေါ်ဆိုခဲ့ဖူးသည် ဖန်တရာတေ အပြစ်တင်ခန်းများ ။ လူသားချင်းအတူတူ လိင်အမျိုးအစားကွဲပြားရုံ၊ ဆင်းသက်လာသော မျိုးရိုးဗီဇကွဲပြားရုံလောက်နှင့် လူလူချင်းထပ်ကြည့်ခြင်းမှာ မတူမတန်ဘူးဟု တဖွဖွ သုံးနှုန်းခဲ့ခြင်းများ စသည်များကို ကျွန်မ ချပြဖြစ်မည့်နေ့။
ရုပ်ရှင်တွင် ဇာတ်နာခြင်းသည် ဒါရိုက်တာမှ အဓိကဇာတ်ကောင်ကို ဇာတ်သိမ်းခန်းရောက်ခါနီးမှ အပျော်လေးတွေနှင့် ပြန်ဖြည်ပေး၍ရသည်။ ကျွန်မက ထိုသို့အဖြည်မပါ။
ကိုထွန်းရှိန်နားမလည်သော အိမ်ထောင်ရှင်မတစ်ယောက်၏စိတ်ခံစားချက်ကို ကျွန်မ ထွက်ပေါက်ရှာမိခြင်းက အမှန်ဟူ မှတ်တမ်းမတင်ခဲ့ရချေ။ ယနေ့ခေတ်မှာ မိန်းမတစ်ယောက်အိမ်မီးဖိုချောင်ဝင်ပြီး အချိန်ကုန်ခံ၍မဖြစ်။ ထမင်းချက်သော လက်ဖြင့် စာရင်းတွက်ပြီး ဘဝကို ရုန်းမည်။ အေးအတူ အပူအမျှ ၊ မောင်တထမ်းမယ်တရွက်ဆိုသည့် စကားတွေအတိုင်း ကျွန်မ အလုပ်လုပ်ပါသည်။ ထိုအလုပ်သည်ပင် ယောက္ခမနှင့် ပြိုင်ဆိုင်သည်ဟု အထင်ခံရခြင်းကိုနားမလည်။
လောကတွင် သမုဒ္ဒရာရေကိုကုန်အောင် သောက်နိုင် သူရှားပါသည်။ ကိုယ်သောက်သည့်ရေ သူမသောက်ရဆိုသည့် လူထဲတွင် ယောက္ခမပါသည်။ သို့နှင့် ကုန်အရောင်းအဝယ်လေးကိုအကြောင်းပြုပြီး မိုးမီးလောင်ခဲ့သော ညနေခင်းသည် ထိုတိုက်ကြီးပေါ်က ကျွန်မအောင်မြင်စွာ ဆုတ်ခွာခဲ့သော နေဖြစ်သည်ဟု ကျွန်မပြောနိုင်သွားသည်။
အိမ်ပေါ်မှမောင်းချလိုက်သည့် ချွေးမတစ်ယောက်ဟု မည်မျှပင်ပြောပြော ကျွန်မ ထိုနေ့ညနေခင်းက ပြူမူခဲ့သော အပြူအမူတွေအတွက်တော့ ပညာတတ်မိန်းမတစ်ယောက်က ထိုကဲ့သို့လုပ်ခြင်းသည် မဖြစ်တန်ရာဟု ကဲ့ရဲ့စရာဖြစ်၏။ ပြီးတော့ ထိုတိုက်ပေါ်မှ ကိုထွန်းရှိန်ပါ ပါလာသည့်အတွက် သားတစ်ယောက်ကို ပိုင်သာ ပိုင်သည့် မဆိုင်နိုင်ရှာတော့သည့် ယောက္ခမ၏ ခံစားချက်ကို အလဲထိုးနိုင်ခဲ့သည်။
ထိုခဏလေးတွင် အချစ်သည် အင်အားကြီးကြောင်းတွေ့ရသည်။ သို့သော် ကျွန်မ ယုံမှားသံသယရှိသည်။ ထိုသည်က ယောကျာ်းတစ်ယောက် မိန်းမတစ်ယောက်အပေါ် ချစ်ခြင်းသည် ကာမဂုဏ်ခံစားရန်အတွက် ဦးစားပေး ပထမများဖြစ်နေမလားဟု။ အဘယ့်ကြောင့်ဆိုသော် ကျွန်မအပေါ် ကိုထွန်းရှိန် ကောင်းကောင်းနားမလည်သေးပါပဲနှင့် ကျွန်မနှင့် အတူ အိမ်ပေါ်မှ လိုက်ဆင်းရဲသည့် သတ္တိသည် အချစ်အတွက် သီးသန့်ဖြစ်နေသည်ဟုသာ နားလည်သောကြောင့်ဖြစ်သည်။
ထိုသည်ပင် တဏှာမပါသော ချစ်ခြင်းဟု ပြောနိုင်ပါမည်လား။

(၃)
သည်တွင် ဘဝသည် ခက်ခဲလာသည်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရစတမ်းဆိုလျှင် ကိုထွန်းရှိန်က မရပ်နိုင်ခဲ့သော ယောကျာ်းတစ်ယောက်။
ယောက္ခမအိမ်မှာတုန်းက အရန်သင့် ကားတက်မောင်းပြီး ငွေအပ်နိုင်ခဲ့ခြင်းကို ပုံပြင်အဖြစ်သာပြောနိုင်တော့သည်။ နောက်တော့ မကင်းနိုင်သော အရက်ဘီယာ၊ ဆေးလိပ်၊ကွမ်းနှင့် နှစ်ပါးသွားကခဲ့သော နေ့ရက်များ။တစ်ခါတစ်ခါပြောပါသည်။
“ရှင့်ဝင်ငွေ မရှိတော့ဘူးဆိုတာလည်း သတိရဦး ကိုထွန်းရှိန်။ ကျွန်မ ပွဲစားလုပ်တယ်ဆိုတာ ငတ်တလှည့် ပြတ်သလှည့် ဆိုတာလည်းနားလည်ဦးမှပေါ့။ “
“ဟ ငါက နားလည်တယ် နားမလည်တာက မင်းကွ။ ငါ့အမေနဲ့တည့်အောင်နေရင် ငါတို့ခုလို ရုန်းကန်နေစရာကိုမလိုဘူး“
“ရှင်တော်တော်အသုံးမကျတဲ့ယောကျာ်းပဲ။“
“ဘာကွ“
ခပ်ထေ့ထေ့လေးပြုံးရင်း ကျွန်မ ကိုထွန်းရှိန်ကိုကြည့်သည်။
“ရှင်အမေ့အိမ်မှာ ကျွန်မက ရှင့်အမေနဲ့တည့်အောင်နေပြီး သည်းခံနေရမယ်ပေါ့။ဟုတ်လား။ ပြီးတော့ ရှင်က ကားမောင်းလို့ရတဲ့ငွေကို ကျွန်မကို တစ်ဝက်အပ် ဒါပဲလား။ ဘယ်မလဲ ရှင့်ရပ်တည်ချက်။ အမေကြိုးဆွဲမှကတတ်မယ့် ယောကျာ်းတစ်ယောက်ကို ယူပြီး ကျွန်မနောက်ထပ် ကြိုးအဆွဲမခံနိုင်ဘူး။ ပြီးတော့ ဘာလဲ လူလူချင်း ဘာတွေကွာသွားလို့ ကျွန်မကို သဘောမတူ မကြည်ဖြူတာက ဘာသဘောလဲ။ နူနေသလား။ ကန်းနေသလား။ ဝဲစွဲနေသလား။ ဝေးပါသေးတယ်။ ကျွန်မတို့မျိုးရိုးက အချမ်းသာကြီးမဟုတ်ရင်တောင် လူတန်းစေ့နေနိုင်လာခဲ့တာ။ ပြီးတော့ ရှင်ကရော ကျွန်မကို ရှင့်အမေအိမ်မှာပဲ နေ အမေ့အလုပ်ပဲလုပ်ပြီး ဘောင်ကျဉ်းကျဉ်းလေးထဲမှာ လသာစေချင်တာလား။ ရှင်ယူထားတာ နုံအအ မိန်းမတစ်ယောက်မဟုတ်ဘူး။ ပြောဦးမယ် ကျွန်မ မိုက်ရိုင်းတယ်လို့ “
“မဟုတ်လို့လား မင်းလုပ်ခဲ့ပုံက ဟုတ်ခဲ့လို့လား။ ပညာတတ်မိန်းမတစ်ယောက် လုပ်ရမယ့်အပြုအမူလား“
“ဒါဆို ရှင့်အမေနဲ့ရှင်တို့ညီအစ်ကိုတွေကရော မိန်းမတစ်ယောက်ကို ယုတ်ညံ့တဲ့အပြုအမူတွေနဲ့ ဘာလို့လုပ်ခဲ့ကြတာလဲ။ တရားသလား၊ မတရားဘူးလားဆိုတာ ဉာဏ်မရှိလို့မတွေးနိုင်တာပေါ့။ ကျွန်မဆိုတဲ့ ခင်ခင်သန့်ကလည်း ဉာဏ်မရှိသူကို ယုတ်ညံစွာ ဆက်ဆံပြလိုက်တာကလည်း မမှားပါဘူး။ မှားခဲ့တယ် ငရဲကြီးမယ်ဆိုလည်း လာမယ့်ဘေး ပြေးတွေ့လိုက်ရုံပဲ။ ရှင်ရော အဲဒီလို သတ္တိရှိလို့လား။ လာမယ့်ဘေးမပြောနဲ့ အခက်အခဲလေးတစ်ခုတွေ့တာတောင် ဒူးတုန်နေတဲ့ ယောကျာ်း“
“ဟာကွာ…..မင်း“
“ရိုက်လိုက်လေ အားနွဲ့သူဆိုတာကို ရှင် သိပ်စာနာခဲ့တယ်လို့ပြောခဲ့တဲ့စကားကို ကျွန်မ ခုထက်ထိမှတ်မိနေတယ် ကိုထွန်းရှိန်“
“တောက်“
ကျယ်လောင်ပါသည်။ သို့သော် အိမ်တော့ ဟိန်းမသွား။ အဲသည်အိမ်ဦးနတ်မှာ အောင်မြင်သော အသံတွေမှ မရှိတော့ပဲ။ တိုးလျသော အသံ၊ ဖောရောင်နေသော မျက်နာ ခြေလက်တို့နှင့် အသူရာသည်သာ အိုအေစစ် စစ်စစ်ဖြစ်သည်ဟု ကိုထွန်းရှိန်လက်ခံသွားခဲ့ပြီပဲ။
ဟော ခုတော့ အိပ်ယာထဲလဲပြီ။ ကျွန်မလက်ထဲမှာလည်း ဆေးကုသရ စားစရိတ်ရှာရနှင့် မီးတောက်ခဲ့ပြီ။ လင်တော်အိမ်ဦးနတ် သည်တောင်ကိုမကျော်နိုင်ဟု တထစ်ချယုံကြည်မိသည်။ အိမ်ဦးနတ်မရှိတော့ဘူးဆိုလျှင် မည်ကဲ့သို့ခရီးဆက်ရမည်ကို တွေးမိတော့လည်း ရင်လေးရသည်။ မွေးခါနီးဖွားခါနီး သားသည်အမေ မိန်းမတစ်ယောက်အတွက် အားငယ်ချိန်သည် ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာခဲ့ပြီ။ ကျွန်မမေမေမှာလည်း သတင်းတွေကြားရဲ့ထင် ပေါက်ချလာသည်။
ကိုထွန်းရှိန်၏ အခြေအနေကိုကြည့်ပြီး အမေ အားမရမှန်းမျက်နာရိပ်မျက်နာကဲကိုကြည့်ရုံနှင့် ကျွန်မသိသည်။ ပြီးတော့ အမေက
“သမီး အမေတစ်ခုပြောချင်တယ်“
“ဟုတ်ကဲ့ အမေ“
“သမီးယောကျာ်းကြည့်ရတာ မဟန်ဘူး။ ဒီတော့ သမီးယောက္ခအိမ်ပြန်တက်ပါ“
“ရှင် အမေ ဘယ်လိုပြောလိုက်တာလဲ။ အဲဒီအိမ်ကို သမီးဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ပြန်တက်မှာမဟုတ်ဘူး ။ သမီးဆုံးဖြတ်ထားတယ်။ သမီးတို့ဘယ်လိုဖြစ်ခဲ့ကြ“
“အမေသိတယ် သမီးမှားတယ်လို့အမေကတော့ ပြောမယ်။ လူကြီးနဲ့လူငယ်မှာ လူငယ်က စိတ်လိုက်မာန်ပါလုပ်ခဲ့ရင် ကိုယ်ပဲအပြစ်ရတာပေါ့သမီး။ ဒီမယ် ခု သူ့မြေးနှစ်ယောက် သမီးဆီမှာရှိတယ်။ ခု အသည်းအသန်ဖြစ်နေတာ သူ့သား။ ဘယ်လိုပဲဖြစ်ဖြစ် မျိုးဆက်တစ်ဆက်ဆိုတာ အဆက်ဖြတ်ထားရင်သာရမယ်။ မေ့ပစ်လိုက်ဖို့တော့မဖြစ်နိုင်ဘူး။ မျိုးရိုးတိမ်ကောတယ်လို့မရှိဘူး။ နောက်တစ်ခုက အမွေ။“
အမွေ။ အမေ ဘာသဘောနှင့် အမွေကိုထည့်ပြောလာရသနည်း။ လောကမှာ မက်မော တွယ်တာစရာတွေများသည့် အထဲတွင် အမေက အမွေကိုထည့်တွက်သတဲ့လား။ နဂိုက အမြင်စောင်းနေရသည့်ကြားထဲ အမေက အမွေကိစ္စကိုထည့်ပြောလာသဖြင့် ကျွန်မက ချက်ချင်းဆိုသလိုပင်။
“ဘာအမွေလဲ။ သမီးမလိုချင်ပါဘူး။ အဲဒါတွေမက်လို့ သူ့သားကိုယူတာလို့တောင် သူက စွပ်စွဲထားတာ ။ အမေရယ် ဘယ်လိုမှမဖြစ်ပါဘူး ။ ပြန်မတက်နိုင်ပါဘူး။ သူ့အရိပ်အောက်မှာ သမီးက ဘယ်လိုမျက်နှာနဲ့ပြန်ဝင်ရမှာလဲ ။ မဖြစ်နိုင်တာ“
အမေက ပြုံးသည်။ လက်ဖက်ကလေးတစ်ဇွန်းကိုတောင်ကောက်စားလိုက်သေးသည်။ ရေနွေးတစ်ခွက်ကိုငဲ့ပြီး ဟန်ပါပါ မှုတ်သောက်နေလိုက်သေးသည်။ ကျွန်မက ဝမ်းဗိုက်ကလေးကို ကိုင်ပြီး မကြာခင်လူ့လောကထဲ ဒီကလေးရောက်လာခဲ့လျှင် အဖေဟု အမည်ခေါ်စရာ ကိုထွန်းရှိန်မရှိတော့မှာကိုတွေးပြီး ဝမ်းနည်းလာသလိုလိုရှိလာသည်။
“ဒီမယ်သမီး။ အမေ့ကို အမွေကိစ္စထည့်ပြောလာလို့တစ်မျိုးတော့မထင်နဲ့။ သမီးက သမီးအတွက် မလိုဘူးဆိုတာ မှန်တယ်။ ငါ့သမီးအကြောင်း ငါပဲသိတယ်။ ငါပြောတာ ငါ့မြေးအတွက်။ ပြီးတော့ သမီးဗိုက်ထဲက ကလေးအတွက်ပြောတာ။ ခုချိန်မှာ ပြန်ပြီး လက်အုပ်ချီတောင်းပန်ပြီး ပြန်နေ။ သမီးယောကျာ်းကို ဆေးကု။ မရတော့ဘူးဆိုတာတော့ သိတယ်။ အေး အဲဒီလိုနေပြီး သည်းခံ။ ဘာဖြစ်ဖြစ် နောက်တစ်ခေါက် သူ့အိမ်ပေါ်က မဆင်းမိစေနဲ့။ တစ်ချိန်မဟုတ်တစ်ချိန်မှာ သမီးမျက်နာကို မကြည့်ရင်တောင် သူ့သားနဲ့ရတဲ့ သူ့မြေးတွေရဲ့မျက်နှာကိုတော့ သူမြင်မိလာလိမ့်မယ်။ သွေးဆိုတာ စကားပြောတတ်တယ် သမီးရဲ့။ ကုန်ကုန်ပြောမယ် သမီး မနက်ဖြန် အမေကိုယ်တိုင် လိုက်ပို့မယ်အေ“
အမေကထိုသို့ပြောတော့လည်း ကျွန်မ မျက်ရည်ဝဲလည်ဝဲလည်ဖြစ်လာမိသည်။ သူငယ်ချင်းတွေက ပြောဖူးသည်။
“ခင်ခင်သန့် နင် လင်ကုန်ရှုံးတယ်ဟာ“တဲ့။
မည်သို့ပင်ပြောပြော အမှန်သည် အမှန်ပဲမို့ ဘာမှ တုန့်ပြန်ရန်မရှိ။ ပြုံးစစနှင့် ကျွန်မ ပြန်ပြောခဲ့ဖူးပါသည်။
“အရှုံးအမြတ်ထက် အချစ်ကို အချစ်လို့မြင်ဖို့ပဲလိုတာ မဟုတ်လား။ ဘာပဲပြောပြော ကိုယ်ချစ်တဲ့သူနဲ့ လက်တွဲနေခဲ့ရတာကိုပဲ ကျေနပ်ရမှာပေါ့။ ကျန်တာတော့ ဝဋ်ကြွေးကြမ္မာ မမြင်သာဆိုသလိုပဲ ဖြစ်လာသမျှ အကောင်းချည်းပါပဲ ဟယ်။ ကြီးကြီးကျယ်ကျယ် ပြောရင်တော့ သဗ္ဗေသတ္တာ ကမ္မသကာပဲပေါ့“
(၄)
မျက်နှာကြီးက မည်းမှောင်လှသည်။ သားလက်ကိုတွဲပြီး သည်တိုက်ကြီးကို တက်လာခဲ့တာ မှားများမှားပြီလား။ အမေကတော့ ရှေ့မှာ စကားတွေကို ရိုကျိုးစွာ၊ အောက်ကျို့စွာ တောင်းတောင်းပန်ပန်ပြောနေသည်။ တစ်ချက်တစ်ချက် သားကို ကြည့်လာသော အကြည့်တွေမှာ အကြင်နာ အရိပ်အငွေ့တွေများ ပါလာမလားလို့ ယောက္ခ၏ မျက်လုံးထဲမှာရှာကြည့်သည်။ သို့သော် စိုးစဉ်မျှမရှိ။
အစကတည်း ထင်ပြီးသားမို့ ထူးပြီး ကျွန်မခံစားရ။
“ရှင့်သမီး ကျွန်မတို့ကိုဘယ်လိုဆက်ဆံသွားခဲ့သလဲ မေးကြည့်လိုက်ဦး လုံချည်ကိုလှန်ပြီးတော့များ ပြောရတာ အော့နှလုံးနာတယ်“
ထိုအသံနားထဲဝင်လာတော့ ကျွန်မ စိတ်က ဆတ်ခနဲ။ ချက်ချင်းဆိုသလို ပဲ ပက်ခနဲပြန်ပြောမိလိုက်သည်။ အမေပင် ကျွန်မကိုတားချိန်မရလိုက်။
“အန်တီတို့လုပ်ပုံကိုလည်း စဉ်းစားကြည့်ုလိုက်ပါဦး။ လင်မယားရန်ဖြစ်တာကိုအကြောင်းပြုပြီး ဆွဲသလို ရွဲသလိုလုပ်။ မိန်းမတစ်ယောက်ကို ချုပ်ပြီး ရိုက်နှက်ခဲ့ကြတာတွေလေ။ တကယ်ဆို ပြဿနာကိုမီးမွေးတာ အန်တီပါ။ ကိုထွန်းရှိန်ကို အတို့အထောင်လုပ်တာလည်း အန်တီပါ။ ပြီးတော့မှ လင်မယားချင်းရန်တိုက်ပြီး ရန်ဖြစ်တော့မှ ဝိုင်းဆွမ်းကြီးလောင်းသလိုဖြစ်နေတာ ကျွန်မမသိဘူးထင်သလား။ တရားသလား မတရားသလားဆိုတာကို ကိုယ်စောင့်နတ်က သိပါတယ် အန်တီ။ ကျွန်မပြုမူခဲ့တယ်ဆိုတဲ့အပြူအမူကို အန်တီတို့နဲ့ထိုက်အောင် ကျွန်မ လုပ်ခဲ့တာ။ ငရဲအိုးထဲပဲ ဇောက်ထိုးကျကျလို့တွေးခဲ့တာ“
“တော်စမ်းသမီး။ နင်ရိုင်းလှချည်လား။ ကျွန်မ တောင်းပန်ပါတယ်ရှင် ဒေါ်သက်သက် ဗွေမယူပါနဲ့။“
အမေ ဝင်ပြောသဖြင့် စကားတွေဘရိတ်အုပ်လိုက်ရသည်။ နို့မို့ဆိုလျှင် ကျွန်မ ဘယ်အတိုင်းအတာထိဆက်ပြောဖြစ်လိမ့်မည်မသိ။
“ပြန်ခေါ်လိုက်ပါ ရှင်။ ရှင့်သားလည်း တော်တော်လေးကိုမထောင်နိုင်ဖြစ်နေတယ်။ သမီးလည်း ကလေးကလည်း မွေးခါနီးဖွားခါနီးနဲ့။ ကသီလင်တဖြစ်နေတာပါ။ လူကြီးဆိုတာ လူငယ်တွေနဲ့အပြိုင် စိတ်တွေမထားပဲ ခွင့်လွှတ်ပေးရမှာမလား။ ရှင်တို့ ကျွန်မတို့ဆိုတာလည်း ဒီအရွယ်တွေကတက်လာကြတာပဲလေ။ ကျွန်မတို့ လူငယ်တွေကို ငရဲမပေးမိဖို့ကပဲ အဓိကကျနေတာ။ ခုရှင့်သား အတော်လေးအခြေအနေဆိုးနေပြီ။ ရှင်ကြည့်ရက်တယ်ဆိုရင်လည်း ကြည့်ပေါ့။ ပြီးတော့ ရှင့်မြေးတွေ။ ကျွန်မတောင် နယ်ကနေ ကျွန်မမြေးတွေများ ဘာဖြစ်နေမလဲဆိုတဲ့ စိတ်နဲ့ပြေးလာနိုင်သေးရင် ရှင့်စိတ်ထဲသေချာတွေးဖို့လိုတယ် ဒေါ်သက်သက်။ ကဲ သမီးလာ ဒီမှာထိုင် လက်အုပ်မိုးရှိခိုးကန်တော့လိုက်။ ဟဲ့ လာလို့ဆိုနေ။ အမေခေါ်နေတယ် နော် သမီး။“
ကျွန်မအတွက်မဟုတ်ပါပဲ ကျွန်မသားနှင့် ဗိုက်ထဲက ကလေးအတွက်ဆိုသည့်သဘောကို နှလုံးပိုက်ပြီး ကန်တော့လိုက်တော့ မျက်ရည်တစ်ပေါက်က အလိုလိုကျသွားမိသည်။
“ကိုထွန်းရှိန် ရှင့်ကြောင့်နဲ့ ကလေးတွေကြောင့်မဟုတ်ခဲ့ဘူးဆိုရင် ကျွန်မ မနှစ်မြို့တဲ့ အလုပ်ကို ကျွန်မ လုပ်ဖြစ်ခဲ့လိမ့်မယ် မဟုတ်ဘူးနော်။“
~~~~~~
ဓမ္မနှင့် အဓမ္မမှာ ကျွန်မ ဘယ်အရာမှာ အားသာခဲ့သလဲဆိုသည်ကို တိတ်ဆိတ်စွာ ခံစားခဲ့ရသော နေ့ရက်များထဲတွင်ရှာနေမိသည်။ သို့သော် ကျွန်မရှာဖွေချိန်တွင် အသံတိတ်ရုပ်ရှင်ကားသည် ပြီးဆုံးတော့မည်ဖြစ်သည်။ စကားတွေတစ်လုံးမျှမပြောပါ။ လှုပ်ရှားမှုပုံရိပ်တွေကိုကြည့်ပြီး အဓိပ္ပါယ်ဖော်ကြည့်မိသည်။
လင်တော်အိမ်ဦးနတ် ကြွေလွှင့်သွားခဲ့သည်ပင် ငါးနှစ်။ အကြီးကောင်က လေးနှစ်။ အငယ်ကောင်ပင် နှစ်နှစ်ပြည့်ခဲ့ပြီ။
မနက်ဖြန် ရှေ့နေလာမည်။ အိမ်ဦးခန်းက ပြင်ဆင်ပြီးစောင့်ပါဟု ဒေါ်သက်သက်ပြောလာသည်။ ပြီးတော့ထပ်ပြောသေးသည်။
“ငါ့မြေးတွေကို ငါမသေခင်လေးတွေ ထွန်းရှိန်ကိုမပေးလိုက်ရတဲ့ အမွေလေးခွဲပေးထားခဲ့ချင်တယ် ခင်သန့်ရယ်“ တဲ့။ 

 

သော်ဇင်(လွိုင်ကော်)

Look Magazine , နိုဝင်ဘာလ၊ ၂၀၁၅

Saturday, October 8, 2022

အငွေ့ပျံ မျက်နာ

 

 

အို
ရင်တွေတလှပ်လှပ်ခုန်လိုက်တာ။ ပျော်လွန်းလို့ ဝမ်းသာနေမိရတဲ့ ကျွန်မအဖြစ်ကသူများကြားရင်အံ့သြချင်စရာ။ သမီးသမီးဘယ်ရောက်သွားသလဲ။ အရေးထဲဆို ဒီအိမ်ကျဉ်းကျဉ်းလေးထဲမှာကို သားအမိချင်းရှာမတွေ့ချင်ဘူး။ နေဦးနေဦးမှတ်ပုံတင်မှတ်ပုံတင်ဘယ်နားထားမိပါလိမ့်။အဲဒါအရင်ရှာရမယ်။လောလောဆယ်သမီးကအရေးမကြီးဘူး။ မှတ်ပုံတင်ကအရေးကြီးတယ်..။

မှတ်ပုံတင်….။
သြော်မှန်တင်ခုံအံဆွဲမှာထားတာ။ ဟုတ်တယ်။ဟုတ်တယ်။အသက်ကြီးလာလို့ခဏခဏမေ့နေမိတယ်။မှန်တင်ခုံနားသွားပြီးအံဆွဲကို ကျွန်မကမန်းကတန်း ဆွဲထုတ်လိုက်ပြီး မှတ်ပုံတင်ကိုယူလိုက်တယ်။ ပြီးတော့မှန်ထဲကို ကြည့်လိုက်မိတယ်။
“ဟင်“
မှန်ထဲမှာလေ ကျွန်မ………….။
(၁)
“အမေကလည်း မြန်မြန် လာပါလို့ဆိုနေ”
“ဟဲ့ဘာလို့အဲလောက်လောနေတာလဲ၊ “
“သုံးနာရီမကျော်ခင်လာပါလို့မှာထားတယ်ဆိုတော်တော်ကြာနောက်နေ့မှထုတ်နေရမှာပေါ့“
ကျလောက်ကျလောက်တဲ့သမီး။ နောက်နေ့မှထုတ်ရတော့ရောဘာများဖြစ်သွားမှာလဲ။ ကြည့်ဦး။ ကျွန်မမှတ်ပုံတင်ကို ပိုက်ဆံအိတ်ပြားချပ်ချပ်ထဲထည့်လို့လက်မှာဟန်ပါပါ ချိတ်ထားလိုက်တာများ သူ့နာမည်နဲ့ပဲ ငွေတွေလွှဲလာသလိုလို။ ကျွန်မနေရာမှာသာ သမီးဒီလိုရုပ်ပျက်ဆင်းပျက် ဖြစ်သွားကြည့်ခုလောက် တက်ကြွပါ့မလားလို့တွေးမိတယ်။
တွေးကြည့်လိုက်ရင်မျက်ရည်လည်ရွှဲနေ့ရက်တွေက မနေ့တစ်နေ့ကလိုပဲ လွမ်းလို့မှမပြီးသေးဘူး။ ခုရမယ့်ငွေတွေကလည်း လွယ်လွယ် အလကားရတာမဟုတ်ဘူး။ လူတစ်ယောက်လုံးရဲ့မျက်နှာတပြင်လုံး မိမွေးတိုင်းဖမွေးတိုင်း အဖြစ်ကနေ အရုပ်ဆိုး အကျည်းတန်ဖြစ်မှရတာ။ ကံများဆိုးပုံပြောပါတယ်ကားတစ်စီးလုံးမှောက်တာ ကျွန်မ တစ်ယောက်တည်းကွက်ပြီး ဘဝသုဉ်းရတယ်လို့။ ဒါကြောင့်ပြောတာ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာလို့။ ပြီးတော့ကုလိုက်ရတဲ့ ဆေးတက်လိုက်ရတဲ့ဆေးရုံး နှစ်ရုံတောင်ပြောင်းတက်ခဲ့ရတာလေ။ ကျွန်မမျက်နှာဆိုတာရစရာကို မရှိတော့တာ။ လက်ကလေးနဲ့ စမ်းကြည့်မိလိုက်တိုင်း လူတောမတိုးတော့ဘူးလို့တွေးပြီမျက်ရည်တွေသွေသွေကျခဲ့ရတာ။ တက်နိုင်တဲ့ သူများကတော့ဘာအရေးလဲ။ ပလပ်စတစ်ဆာဂျီရိဆိုလားလုပ်လိုက်ရင်နဂိုပကတိအတိုင်းပြန်ရတယ်တဲ့။
အဲဒီအတွက်ဘယ်မလဲငွေတွေ။နဂိုအတိုင်းမရရင်တောင် ကြည့်ကောင်းအောင်မနည်းလုပ်လိုက်ရတယ်။ ဟောပြီးပြီလာဆိုတော့ယာဉ်ပိုင်ရှင်ကမသိတတ်တော့တရားပဲဆွဲရတော့မလိုလို။ ဒရိုင်ဘာကလည်း သူလိုကိုယ်လို နဂိုကမွဲဆိုတာလိုပေါ့။ဒါနဲ့ဟိုလူ့သံတော်ဦးတင်ရတော့မလိုလို။ ဒီလူ့သံတော်ဦးတင်ရတော့မလိုလို။ နောက်ဆုံးတော့လည်း တရားရင်ဆိုင်လို့ကုန်ရမယ့်ငွေတွေအစားဆေးကုရာမှာအကုန်ခံလို့မေတ္တာဂရုဏာရှင်ဘွဲ့ကိုခံယူလိုက်ရတယ်။
ဒါတောင်ဟိုရုံးသွားဒီရုံးသွားရတဲ့စရိတ်ကအိတ်ဆိုက်။အဲဒီတုန်းကများမိတ္တူကူးဖို့၊ဓါတ်ပုံကူးဖို့၊ထောက်ခံစာယူဖို့ ဆိုတဲ့နေရာတွေမှာ သမီးကမျက်စောင်းကို ယောင်လို့ခဲခဲ့တာ မဟုတ်ဘူး။ ဟောခုငွေလည်းရမယ် လုပ်ရော သမီးကရှေ့ကနေ တက်ကြွနေလိုက်တာ။ ပြီးတော့လည်း
“အမေဘယ်လောက်ရမလဲမသိဘူးနော်“
“ဟဲ့ဘယ်သိမလဲဟဲ့ပေးသလောက်တော့ရမှာပေါ့“
“အမေနော်သမီးကိုမုန့်ဖိုးပေးရမှာနော်တဲ့“
(၂)
အပြုံးယဲ့ယဲ့အောက်မှာ သိမ်ငယ်မှုတွေများ ပေါ်သွားလေမလား။ မှင်ဗူးထဲကဖော့ကလေးပေါ်မှာ ဘယ်ဘက်လက်မလေးကို ဖိပြီးတဖက် စာရွက်လေးပေါ်မှာ နှိပ်လိုက်တော့ ကျွန်မလာရင်းကိစ္စကပြီးပြီတဲ့။ခေါင်းမော့ပြီးပြန်ပြုံးပြမိတော့စာနာပြုံးလို့ယူဆရမယ့်အပြုံးကိုမြင်ရတယ်။
“ကျေးဇူးတင်ပါတယ်အစ်မ“
ဒါပဲ ..။ ကျွန်မနှုတ်ဖျားကထွက်သွားတာ။ ပြီးတော့သုံးနာရီမထိုးခင်အရောက်သွားနော်လို့ ကျွန်မကိုမှာတယ်။ဘုရားသိကြားမလို့အချိန်မလွန်ပါစေနဲ့လို့ကျိတ်ပြီးဆုတောင်းရတယ်။အရေးထဲအရာပေါ်ဆိုသလို အပြင်ဘက်မှာကလည်း ဇူလိုင်မိုးကဖွဲလာပြန်ရော။ မိုးမိရင် ကျွန်မဖျားမလား။ လူကခုတလောမောမောနေတာ၊ နည်းနည်းအေးတာနဲ့ ဖျားချင်တာ ဘာညာသာရကာတွေက စုံအောင်ဖြစ်ချင်နေတာ ကျွန်မသိတယ်။
“အမေမိုးသည်းမှာမဟုတ်လောက်ဘူးသမီးတို့သွားရအောင်“
ဒါပဲအမေဘာဖြစ်နေလဲ။ မောသလား။ ပမ်းသလားထည့်ကို မစဉ်းစားတဲ့သမီး။ ပြောလိုက်ရင်တော့သမီးကကလေးတွေနဲ့ မအားလို့လေဆိုတာနဲ့ပဲ ကျွန်မနေမကောင်းနေုတုန်းက အနားတောင်ကပ်ခဲ့တာ မဟုတ်ဘူး။ မရှိမဲ့ရှိမဲထဲက လူနာစောင့်ငှား။ စိတ်သွားတိုင်းကိုယ်မပါတဲ့ ကျွန်မကမကျေနပ်တာတွေ၊စိတ်တိုင်းမကျတာတွေကိုလည်း ရင်ထဲသိမ်းခဲ့ရတာပဲ။ ခုများတော့ ကျွန်မထက်သမီးကပိုစိတ်စောနေတယ်။အရွယ်ကောင်းတော့ဒီမိုးကဖွဲသလားပေါ့လေ။
“အေးအေးသွားမယ်လေထီးနဲ့ဆိုင်ကယ်စီးရတာစီးတတ်ပါ့မလားသမီး“
“ရပါတယ်အမေရဲ့ “
ဆယ်မိနစ်နီးနီးလောက်ဆိုင်ကယ်စီးလိုက်တော့ဘွားခနဲပေါ်လာတဲ့အဆောက်အဦးကြီးကိုကြည့်ပြီး ရင်တွေလှိုက်ဖိုလာရပြန်တယ်။ဆိုင်ကယ်တွေကားတွေရပ်ထားလိုက်တယ်ဆိုတာများမှများ။ ဒီနေရာ ကျွန်မရောက်ဖူးလိမ့်မယ်လို့ မထင်တဲ့နေရာ။ ခုမှဆိုက်ဆိုက်မြိုက်မြိုက် ရောက်ဖူးတာကိုပဲကျေးဇူးတင်ရမှာလား။ ဟင့်အင်းမတင်ပါဘူး။ လူတော့မတိုးတဲ့အချိန်မှ ရောက်ရတာကိုတော့ဘယ်လိုမှကျေးဇူးမတင်နိုင်ပါဘူး။ တစ်သက်နဲ့တစ်ကိုယ်ဒီနေရာကိုဒီတစ်ကြိမ် ပထမဆုံးရောက်ဖူးတာပဲ။
“အမေ ဝင်ရအောင်လေ“
“အေးအေးသမီး………….“
မိုးအေးနေရဲ့သားနဲ့နဖူးပြင်စမှာ သီလာတဲ့ချွေးစက်တွေကို လက်ကိုင်ပုဝါလေးနဲ့ အသာတို့ပြီးခြေစလှမ်းတော့အိုဒူးများတောင်ညွှတ်ချင်နေပါ့ပေါ့လား…။
ဘုရား……….ဘုရား။
(၃)
ကြွေပြားတွေက ပြောင်ချောနေတာများ ကျွန်မအရိပ်ကို ကျွန်မ ပြန်မြင်နေရတယ်။ မိုးကအေးနေရတဲ့အထဲမှာ လေအေးပေးစက်တွေကတစိမ့်စိမ့်ပိုအေးလာနေစေတယ်။
မျက်နှာကို လက်ကိုင်ပုဝါတစ်ထည်နဲ့ ကာကာနေရတာကလည်း အလုပ်တစ်ခု။ ခုမှအသိအကျွမ်းတွေကို တွေ့ရင်တောင် ပြုံးပြဖို့လည်းမရဲသလိုရယ်ပြဖို့လည်းမသင့်ဘူးလို့ခံစားနေရတာကယုံကြည်ချက်တွေပျောက်ဆုံးနေခဲ့သလိုပဲ။
ကွက်ကြည့်ကွက်ကြည့်နဲ့စပ်စုနေကြတဲ့မိန်းမတချို့ရဲ့အကြည့်တွေကို လွဲဖယ်တဲ့အနေနဲ့ ခေါင်းကိုငုံ့ထားလိုက်တယ်။ ကျွန်မပေါင်ပေါ်ကပိုက်ဆံအိတ်ပြားချပ်ချပ်ကလေးကိုလည်းမသိမသာလက်နဲ့ချေရင်းပေါ့။သမီးက
“အမေခဏနေဦးနော်….ဒီမှာရေးထားတာတော့ငါးထောင်လားငါးသောင်းလားမသိဘူး။ “
“ဟင်သေချာဖတ်ပါဦးသမီးရယ်ငါးထောင်ဆိုရင်တော့အမေမထုတ်ရဲဘူး“
“ငါးထောင်တော့မဟုတ်နိုင်ဘူးငါးသောင်းဖြစ်မှာအင်္ဂလိပ်လိုရေးထားတာအမေရဲ့“
သမီးပြောမှပိုရင်ခုန်လာရတယ်။ဒီလိုလူစည်ကားနေတဲ့ဘဏ်အတွင်းမှာငွေငါးထောင်ကိုအကျည်းတန်တဲ့မျက်နှာနဲ့လာထုတ်ရတယ်ဆိုတာ။ ကျွန်မဘာမှန်းမသိ ရှက်ချင်လာတယ်။ပိုက်ဆံငါးထောင်ဆိုတာ ကျွန်မတစ်ရက် ဈေးရောင်းရတာလောက်မရှိပါဘူး။ အဲဒီငါးထောင်ရဖို့အတွက်ဆိုရင် ကျွန်မဒီလိုအချိန်တွေပေးပြီးရုံးတွေဘာတွေသွားခိုင်းဖြစ်မှာမဟုတ်ဘူး။
လူလူချင်း စာနာသနားငဲ့ညာခဲ့လို့တာ ကျွန်မအလုပ်တွေရှုပ်နေမိတာပဲ။ မမျှော်လင့်ခဲ့ဘူးလို့ပြောခဲ့ပေမယ့်တကယ်တမ်းတော့တိတ်တခိုးမျှော်လင့်မိခဲ့တာပဲ။ ဒီငွေဘယ်တော့ရောက်လာမလဲလို့ပေါ့။ခုမနက်ဖုန်းလာတော့ ကြားကြားချင်းပျော်နေတာ။
ပျော်ပြီးမှနောင်တရမိတာရှိတယ်။
ဒါပျော်စရာမဟုတ်ဘူးဆိုတာလည်းသိလိုက်တယ်။
(၄)
“ဒေါ်ခက်မာငွေထုတ်လို့ရပါပြီရှင်”
ထိပ်ခနဲဖြစ်သွားရတယ်။ ကျွန်မနာမည်ကိုခေါ်လိုက်တော့ဘေးနားမှာ ကျွန်မနည်းတူပိုက်ဆံထုတ်ဖို့စောင့်နေကြတဲ့လူတွေကဘာရယ်မဟုတ်ကြည့်နေကြတယ်။အဲဒီဘာရယ်မဟုတ်ဆိုတာက ကျွန်မရဲ့ခြေလှမ်းတွေကိုတော့မှားစေနိုင်တယ်။သတိကိုမပြတ်ထားပြီးခြေလှမ်းတွေလှမ်းနေပေမယ့် ကျွန်မလက်ကတော့သမီးလက်မောင်းကလေးကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိတာပဲ။
“ဒီနေရာမှာလက်မှတ်ထိုးပေးပါရှင်“
ဘုရားဘုရား။ အဲဒါမှဒုက္ခအစစ်။ ကျွန်မက သမီးကိုယောင်ယောင်ကန်းကန်း ကြည့်လိုက်တော့သမီးက သဘောပေါက်တယ်။
“ဟိုလေအစ်မလက်ဗွေနှိပ်လို့မရဘူးလားရှင့်ဒါမှမဟုတ်ကိုယ်စားထိုးပေးဆိုလည်းထိုးပေးပါ့မယ်“
“မရဘူး….ညီမရဲ့ကိုယ်စားလည်းမရဘူးလေ ။ ဒီကအဒေါ်ကြီးရဲ့ နာမည်နဲ့လွဲလာတာဆိုတော့လက်မှတ်ကို အဒေါ်ထိုးမှပဲရမှာ..လက်ဗွေနှိပ်ဖို့ရာတော့အဆင်မပြေဘူး။ မထိုးတတ်လည်းလက်မှတ်ဖြစ်အောင်ပဲရေးခဲ့လည်းရတာပဲလေ။“
ဘဏ်ဝန်ထမ်းလေး မိန်းကလေးရှင်းပြနေတာကို ကျွန်မကောင်းကောင်းမကြားဘူး။ ခုမှကိုယ့်အထုပ် ကိုယ်လာဖြည်ချနေရသလို ခံစားနေရတယ်။
စာတတ်မတတ်ဘူးဆိုတဲ့အသိကအများအမြင်မှာကဲ့ရဲ့စရာများဖြစ်သွားလေမလား။ ဒီလိုတွေလုပ်ရမယ်မှန်းသိရင် ကျွန်မမလျှောက်ခိုင်းခဲ့ပါဘူး။ ဒါပေမယ့်လည်းပေါ့မျှော်လင့်မိတာကလည်းဒီငွေတွေပဲလေ။
ဒီငွေတွေကြောင့်ပဲလဲလှယ်ခဲ့ရတဲ့အရာတွေ၊ဆုံးရှုံးခဲ့တဲ့အချိန်တွေ၊ယုံကြည့်မှုတွေအားလုံးလုံးပါးပါးခဲ့တာပဲလေ။
“အမေရော့ဘောလ်ပန်အမေရေးတတ်သလိုသာရေးလိုက်“
လက်တုန်တုန်ချိချိနဲ့ဘောလ်လေးကို ကိုင်ပြီးကျွန်မဘဝမှာစာရေးတယ်ဆိုလို့ နှစ်လုံးတည်းသာ ရေးခဲ့ဖူးတဲ့ခက်မာဆိုတဲ့စာလုံး နှစ်လုံးကိုရွဲ့တီးရွ့ဲစောင်း ကျွန်မရေးချလိုက်တယ်။
“ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဒီမှာငါးသိန်းပါရှင်“
သမီးရော ကျွန်မပါမျက်လုံးလေးတွေအရောင်တောက်သွားတယ်။
ငါးသိန်းတဲ့…။ကယောင်ကတမ်းနဲ့ ကျွန်မပါးပြင်ကိုလက်ကစမ်းတပ်မိလိုက်တယ်။ဒီမျက်နှာ…။
(၅)
“သမီးဘယ်ကိုသွားနေတာလဲ“
“အလှပြင်ဆိုင်လေ”
“ဟဲ့ဘာလုပ်ဖို့လဲ ..။သမီးမှာပိုက်ဆံပါလာသေးလို့လား။ သမီးရယ်ကလေးပဲနှစ်ယောက်ရနေပြီ။ အပိုကုန်မှာတွေလုပ်မနေပါနဲ့“
“အိုအမေကလည်း အမေထုတ်ထားတာပဲလေ ခုကသူတစ်ပါးအာမခံတဲ့ ပြီးရင်အမေကထပ်ရဦးမှာ ခရီးသွားအာမခံကြေးက ဘယ်လောက်ရမလဲမသိဘူး။ ခုတောင်ငါးသိန်းဆိုတော့နောက်တစ်ခါဆိုရင်များချင်များမှာအမေရဲ့။ သမီးငယ်နဲ့သမီးကြီးအတွက်ကျောင်းစိမ်းတွေလည်း ဝင်ဝယ်မယ်နော် အမေ။ သမီးတော့ကျေးဇူးတင်လိုက်တာ။ အမေရော ဝမ်းသာတယ်မလား။“
မြတ်စွာဘုရား။
နောက်တစ်ခါဆိုရင် များချင်များမှာဆိုပဲ။ ပြီးတော့ ဝမ်းသာတယ်မလားတဲ့။ ကျွန်မမျက်နှာတပြင်လုံးရစရာမရှိမှရလာရတဲ့ငွေကိုအလကားများရတယ်လို့ထင်နေသလားသမီးရယ်လို့ ကျွန်မ စိတ်ထဲမှာပဲပြောနေမိတယ်။ ကျွန်မ သိမ်ငယ်နေခဲ့တာတွေ၊ယုံကြည်မှု ပျောက်ဆုံးနေတာတွေက လက်ထဲက ငွေငါးသိန်းက ဖုံးအုပ်သွားခဲ့တယ်ထင်ပါရဲ့။ ကျွန်မ မျက်နှာမှာဒဏ်ရာတွေနဲ့ ဆိုတာကာလကြာလာလို့ပဲ သမီးမေ့သွားခဲ့လေသလားလို့တွေးလိုက်မိပါတော့တယ်။ မျက်စိထဲမှာတော့ခုချိန်ထိပြန်မြင်နေရတဲ့မြင်ကွင်းက
ကားတစ်စီးပေါ်မှာဒလိမ့်ခေါက်ကွေးအမှောင်ဖုံးသွားခဲ့တဲ့ ည။
သွေးစိမ်းရှင်ရှင်ထွက်သွားခဲ့တဲ့ဒဏ်ရာများနဲ့ညတစ်ည…..။
ကျွန်မမျက်နှာကိုအယောင်ယောင်အကန်းကန်းနဲ့ပွတ်သပ်မိချိန်မှာသမီးကဆိုင်ကယ်ကိုရပ်လိုက်တယ်။
“မာမီရေသမီးမျက်နှာကိုပေါင်းတင်မယ်၊ရွှေသွင်းမယ်နော်။“
“အမလေးဟယ်လာလာထိုင်ပါရှင်လှသွားဦးမှာ မာမီကကိုင်ပေးဦးမှာ …..သမီးမျက်နှာလေးလှသွားဦးမှာ“
အပြန်အလှန်အချီအချ ပြောနေလိုက်တာများ ကျွန်မမျက်နှာကိုမကြည့်မိကြဘူးထင်ပါရဲ့။ ကျွန်မမှာတော့ လက်ကိုင်ပုဝါလေးမျက်နှာကိုအုပ်ပြီးဟိုကြည့်ဒီကြည့်။


သော်ဇင်(လွိုင်ကော်)

အနော်မာ မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၁၄

အားနာ ပါးနာ


သူတို့မို့အားမနာတယ်ဗျ။တစ်ကြောင်း တစ်ကြောင်းဆွဲရတာ လွယ်တယ်မှတ်လို့။အသွားအပြန်တွေကို ရေကြည့်ရင်လက်ဆယ်ချောင်း ပြည့်တော့မတတ်ပဲ။ ခုချိန်မှာ အဟက်အဟက်လို့တောင်မရယ်နိုင်ပါဘူး။ ဟန်ဆောင်ပြုံးရတဲ့အလုပ်လောက်ပင်ပန်းတာမရှိဘူးဆိုတာ မှန်တယ်။ပြောကြမှာပေါ့။ ပြုံးရတာများ ဘာဖြစ်သွားမှာမှတ်လို့ဆိုပြီ။ ဒီလိုဆို ခင်ဗျားတို့ပဲ တစ်နေကုန်တွေ့တဲ့လူတိုင်းကိုပြုံးပြကြည့်စမ်းပါ။ ကျွန်တော်က အပြောမဟုတ်ဘူး။ ပြီးတော့စိတ်မပါလက်မပါပြုံးနေရတော့ပိုပင်ပန်းတယ်။ဒီကြားထဲ ကျွန်တော်က သိပ်အားနာတတ်တော့ ကျွန်တော်ထည်လဲသုံးနေတတ်တဲ့ရပါတယ်ဗျာ ဆိုတဲ့စကားနဲ့ကိုယ့်ရှူးကိုယ်ပတ်နေတာဗျ။ဒီကြားထဲ သူတို့က အမေးအမြန်းထူတဲ့အခါမှာ ကျွန်တော့်မှာ မဖြေချင့်ဖြေချင်နဲ့ဖြေနေရတာလောက်စိတ်ပျက်မိတာ ပြောမကုန်လောက်ဘူး။ ခုကြည့်ပါဦး။

သူတို့မို့အားနာ ပါးနာမရှိတယ်ဗျာ။
(၁)
လောပိတဘက်ဆိုတော့ အတက်အဆင်းတွေချည်းပဲ။ ကျွန်တော့်မှာ လမ်းကြောကို ဂရုတစိုက်မောင်းနေရတဲ့အထဲ နောက်ဘက်က သူတို့တွေကလည်း မေးခွန်းတွေချည်း ဇွတ်မေးနေတယ်။ပြောကြပါလား။ အချင်းချင်း။ ခုတော့အချင်းချင်းအပြင် သူတို့စကားဝိုင်းထဲ ကျွန်တော့်ကိုပါဆွဲထည့်လို့ဒါက ဘာရွာတွေလဲ၊ ဟိုတောင်က ဘာတောင်လဲ၊ ဟိုစိုက်ခင်းက ဘာစိုက်ခင်းလဲ စတဲ့မေးခွန်းတွေကို အားမနာလျှာမကျိုး မေးတယ်။ ကျွန်တော့်မှာလည်း သူတို့တွေက ဧည့်သည်တွေဆိုပြီးတော့ဖြေပေးတယ်။တကယ်က ဘာမှထူးဆန်းတာမဟုတ်ဘူး။ ရွာတွေကလည်း ထူးခြားတာမပါဘူး။ တောင်တွေကလည်း မထူးခြားဘူး။ စိုက်ခင်းဆိုပိုဆို။ သူတကာနယ်တွေလိုပဲ ရာသီပေါ်သီးနှံတွေစိုက်ကြတာပဲ။ ခုချိန်က ပြောင်းပင်တွေတောင်ခြောက်သယောင်းလို့နေပြီ။
“မင်းတို့မြို့ကိုတော့ ကြိုက်သွားပြီ မောင်ရင်ရေ“
“ဟုတ်ကဲ့ဘာလို့လဲ ဦးကြီးရ“
“ဘာလို့ရမလဲ မောင်ရင်ရဲ့ မြို့ကလူဦးရေကလည်းနည်းသေးတော့မျက်စိရှင်းနားရှင်းတယ်။ဆိုင်ကယ်မရှုပ်၊ကားမရှုပ်တာကိုသဘောကျတာ။ ရာသီဥတုကလည်း တောင်ကြီးလိုလို ပြင်ဦးလွင်လိုလိုနဲ့နေလို့ကောင်းတယ်။ ဦးကြီးတော့အသက်ကြီးလာရင်ဒီမှာလာနေမှထင်တယ်။“
နေပေါ့ဦးကြီးရာလို့ ကျွန်တော်မပြောဖြစ်ဘူး။ အဲဒီဦးကြီးဆိုသူက သိပ်စကားများတာ။ ခုတောင်သူ့စကားကို မထောက်မဖြစ်ထောက်လိုက်ပေမယ့်ခုပဲ စကားစကရှည်နေပြီ။
“မီးကလည်း နှစ်ဆယ့်လေးနာရီရ“
အဲဒီစကားကိုကြားတော့ ကျွန်တော်ပြုံးမိတယ်။
“ရေကလည်း ပေါ။ရာသီထွက်သီးနှံတွေကလည်း ပေါဆိုတော့အဆင်ပြေတယ်ကွဒါနဲ့ရောက်တော့မလား လောပိတ ရေအားလျှပ်စစ်စက်ရုံဆိုတာက၊ ဟင်မောင်ရင်“
(၂)
လောပိတရေအား လျှပ်စစ်စက်ရုံက ပြန်တက်တော့ ကျွန်တော့်ဆိုင်ကယ်က တော်တော်ရုန်းလိုက်ရတယ်။လောပိတရှမ်းရွာကို ရောက်တော့ခဏနား။ ဆီပြန်ဖြည့်။သူတို့တွေကလည်း လမ်းဘေးမုန့်ဆိုင်လေးမှာ အအေးဝယ်သောက်ကြတယ်။ ကျွန်တော်က သူတို့နဲ့ခပ်လှမ်းလှမ်းမှာနေပြီး ဆေးလိပ်သောက်ချင်လာလို့ရူဘီတစ်လိပ်ထုတ်ပြီး ဖွာတယ်။
“မီးခြစ်ပါလား မောင်ရင်“
“ဟုတ်ကဲ့ပါပါတယ်။ “
လာပြန်ပြီ။ ခပ်ခွာခွာနေချင်တယ်ဆိုမှအဲဒီဦးကြီးက ကျွန်တော့်အနားကိုရောက်လာသေးတယ်။မီးခြစ်ခြစ်ပြီး မီးတို့ပြီးတော့ ကျွန်တော့်ကိုဆက်ပြောတယ်။
“မောင်ရင်တို့ ပြည်နယ်က ဟိုတုန်းက တော်တော်လမ်းပန်းဆက်သွယ်ရေးမကောင်းဘူးဆို“
“ခုလည်းမကောင်းသေးပါဘူး ဦးကြီး“
“မဆိုးပါဘူးကွ။ဈေးရှိတယ်။လေယာဉ်ကွင်းရှိတယ်။ရထားဘူတာရှိတယ်။ကားဂိတ်ရှိတယ်။ ပြီးပြီပေါ့။ဒါနဲ့ပလပ်စတစ်အမှိုက်တွေသိပ်မတွေ့ရဘူးနော်။ဒါတော့ဦးကြီးပိုကြိုက်တယ်။“
“လူနေလည်းကျဲတာကိုးဗျ။ မြို့ပေါ်ရပ်ကွက်က အိမ်တွေတောင်ကျဲသေးတာ။ အမှိုက်နည်းတာလည်းမပြောနဲ့လေ ဦးကြီးရ။ “
“ပိုသဘောကျတာက လျှပ်စစ်မီး နှစ်ဆယ့်လေးနာရီရတာ“
ကျွန်တော်စကားထောက်ပေးလိုက်ပြန်တော့အဲဒီဦးကြီးက ထက်ပြီး စောစောက မီးတစ်နေကုန်ရတာကိုပြောပြန်တယ်။ဒါကတော့ ကျွန်တော်တို့ မြို့ကလေးကိုလာတိုင်း လောပိတရေအားလျှပ်စစ်ကြီးရှိနေတာကိုကြည့်ပြီး မီးအချိန်ပြည့်ရတာကို ချီးကျူးမဆုံး။ အားကျမဆုံး ပြောနေကြစကားပါပဲ။ ဧည့်သည်တွေက အပေါ်ယံကြောလောက်ပဲသိပြီး ကျွန်တော့်တို့ မြို့ကလေးမှာ နေရတဲ့အခိုက်အတန့်လေးမှာပဲ မြင်တွေ့ရတော့ဒီလိုပဲပြောကြတာပါ။ ကျွန်တော်တို့ကလည်း တကူးတက ပြန်မဖြေရှင်းပါဘူး။ ဒါပေမယ့်ခုဦးကြီးကိုတော့ ကျွန်တော်ပြောပြမိတော့မယ်။
“သိပ်ပြီးလည်းသဘောကျမနေနဲ့ဦးကြီးရ။“
“ဘာဖြစ်လို့တုန်းမောင်ရင်ရဲ့“
“ဦးကြီးက မြို့ပေါ်ပဲနေတာကိုဗျ။ ကျွန်တော်တို့ကယားပြည်နယ်တစ်ခုလုံး မီးမရသေးတာ ရွာပေါင်း ငါးရာကျော်ရှိ နေသေးတယ်ဗျ။ဒါဘာထူးသေးတုန်း။ ဟိုတုန်းက ခုလောပိတဓါတ်အားလိုင်းဆွဲထားတဲ့လမ်းတလျှောက်က ရွာတွေတောင်ခုမီးရတာမကြာသေးဘူး။ ဦးကြီးက ကံကောင်းတယ်ထင်မယ်။ကံက သူ့ဖာသာ သူကောင်းတာ မဟုတ်ဘူးဗျ။လက်ညိုးညွှန်ပြီး ဟိုနေရာပေး ဒီနေရာပေးဆိုမှရတာ“ ဒီတော့အဲဒီဦးကြီးက ပါးစပ်ကလေးပိတ်လို့။
(၃)
ခုလည်း တောင်ကွဲတက်မယ်ဆိုတော့ရောက်ရပြန်တယ်။ ကျွန်တော့်စိတ်တောင်တော်တော်မောလာတယ်။လွိုင်ကော်ကို ရောက်တုန်းရောက်ခိုက်လေး အထင်ကရ တောင်ကွဲစေတီကြီးကို မော်ဖူးချင်ပါတယ်တဲ့။ပို့တာပေါ့။တစ်နေကုန်အော်ဒါမိထားတယ်ဆိုတဲ့ အတွေးနဲ့။ ကျွန်တော့်အဖေကလည်း
“သားရာ ဖေဖေ့အုံနာတွေရဲ့ဧည့်သည်တွေဆိုတော့ဖေဖေ့ဧည့်သည်လိုပဲသဘောထားပို့ပေးလိုက်ပါ။“တဲ့။ပြောတော့လွယ်တယ်။မနေ့တုန်းကလည်း လောပိတကအပြန်သုံးဘီးခပေးရဦးမယ်ပေးရဦးမယ်နဲ့ဘယ်သူမှပိုက်ဆံ ထုတ်မလာဘူး။ ထုတ်နိုးနိုးနဲ့ စောင့်နေတာလည်း မထုတ်ကြဘူး။ လူက စုစုပေါင်းဆယ်ယောက်။ဒီကြားထဲ ကလေး သုံးယောက်ပါလိုက်သေး။ ထားပါသိပ်မကြီးသေးတော့ ဝန်တစ်ခုလိုမလေးပါဘူး။ဖေဖေ့အုံနာအိမ်ကိုပို့ပြီးပြန်တော့မယ်လုပ်မှအုံနာက
“သုံးဘီးခ ဘယ်လောက်ကျလဲ ကွ“ ဆိုပြီးမေးတယ်။ဖေဖေ့အုံနာဆိုတော့ပြောရမှာအားနာတာနဲ့ပဲ
“ကြည့်ပေးပါအန်ကယ်လ်။ “
“အော်အေး ရော့ကွာ ငါးထောင်“
“ဗျာ ..သြော်ဟုတ်ကဲ့ “
ကျွန်တော့်လက်ထဲ ဆင်တစ်ကောင်တည်းရောက်လာတယ်။ ကျွန်တော့်ကိုကြည့်ပြီးမေးသေးတယ်။
“နည်းသလားကွ။နောက်နေ့မှပိုပေးမယ်ကွာ ။ ဟုတ်ပလား။ မင်းအဖေကိုလည်းပြောလိုက်ဦး.။ မနက်ဖြန်အန်ကယ်လ်ပစ္စည်းပို့စရာရှိတယ်လို့“
ပြောပြီးသာနဲ့ ချက်ချင်းအိမ်ထဲဝင်သွားတယ်။လောပိတနဲ့လွိုင်ကော်အသွားအပြန်အပြင် မြို့ထဲ တစ်ပတ်လောက်ပတ်ပေးတာ ဆင်တစ်ကောင်တဲ့။ဧည့်သည်တွေကလည်း မေးဟယ် မြန်းဟယ်မရှိပဲ အလျှိုလျှို အိမ်ထဲဝင်ကုန်ကြတော့ ကျွန်တော့်မှာ တိတ်တိတ်ကလေး ပြန်ထွက်လာခဲ့တယ်။ စိတ်ထဲမှာ ကျွန်တော့်ကိုယ် ကျွန်တော့် ပြန်ဆဲတယ်။
“မင်းအဲလောက်အားနာရလား“လို့။
ဒီနေ့တော့အားနာလို့မဖြစ်ဘူး။ သုံးဘီးက အကြွေးကျေသေးတာမဟုတ်ဘူး။ လူရင်းတွေမို့သာ အကြွေးတစ်ဝက်ချေ၊ တစ်ဝက်ဆိုင်းပေးထားတာ။ ဒီကြားထဲ မိန်းမက ဘယ်တော့မွေးမလဲဆိုတာရှိသေးတယ်။ကျွန်တော်လှေကားထစ်တွေ တစ်ထစ်ချင်းဆီ တက်လာရင်း စိတ်ထဲမှာတွက်ချက်နေရတယ်။ပေးရမှာရယ်။ကုန်ရမှာရယ်နဲ့တောင်ကွဲစေတီမှာ ရင်ဘတ်ကြီးဟက်တက်ကွဲသလို အမောဆို့လာတယ်။သူတို့ကတော့ရှေ့ကနေ လှလိုက်တာ။ မြို့အပေါ်စီးက ကြည့်ကောင်းလိုက်တာ။ လယ်ကွင်းတွေမှအများကြီးပဲ။ စိမ်းစိုနေတာပဲနဲ့။အင်းလေ ဧည့်သည်နဲ့အိမ်ရှင်ဘယ်အတွေး တူပါ့မလဲ။ အလည်လာသူကအလည်လာသလို စိတ်ကိုပေါ့ပေါ့လေးတွေးထားတယ်။အိမ်ရှင်က အိမ်ရှင်လို ပူရပန်ရသေးတယ်ဆိုတာ ရှိတယ်မလား။
(၄)
မြို့နာမ်စေတီလည်းပို့ပြီးပြီ။ နောင်ယားကန်လည်းပို့ပြီးပြီ။ ညနေလည်းဆောင်းပြီ။ ဒါတောင်လွိုင်ကော်နည်းပညာတက္ကသိုလ်နောက်ကျောက မြကလပ်စေတီနဲ့ နေစက်လစက်ဘုရားကိုတောင် ကျွန်တော် ဝင်ပို့ရသေးတယ်။လမ်းမှာဆီပြတ်လို့ဆီနှစ်ပုလင်း လောက်ထည့်ရသေးတယ်။နေစက်လစက်ဘက်ရောက်တော့အပြန်မှာ ရွှေလက်ဝါးတောင်ဘက် လမ်းကဖြတ်ပြန်ခဲ့တယ်။လမ်းကြမ်းလို့သုံးဘီးမှာ လူးလူးလိမ့်လိမ့်။အဲဒီလမ်းမှာ ပလပ်စတစ်အမိုက်ပုံတွေကိုတွေ့တော့ဟိုဦးကြီးက ဘာမှမပြောဘူး။ အနံ့ဆိုးတွေကလည်း ဖြတ်သွားဖြတ်လာလေနဲ့မို့ ရှုူရှိုက်လိုက်ရသေးတယ်။
မြို့ထဲမှာ ဟင်းထုပ်ဆိုင်ပို့။ ကယားလုံချည်တွေဝယ်ချင်တယ်ဆိုတော့လိုက်ပို့။ ဝယ်သလားဆိုတော့လည်းတောင်ရွေးမြောက်ရွေးနဲ့တစ်နာရီလောက် စောင့်ရတာပဲအဖတ်တင်တယ်။ဆိုင်က အအေးဗူးတစ်ဗူးလာတိုက်တယ်။မိတ်ခေါ်တဲ့သဘော။ သူ့ဆိုင်ကိုခေါ်လာပေးလို့တိုက်တာ။ သူတို့အဖွဲ့ပြန်ထွက်လာတော့တစ်ယောက်မှဘာမှ မဝယ်လာကြဘူး။
“အကြိုက်မတွေ့ဘူး“ဆိုတဲ့စကားနဲ့သုးံဘီးပေါ်တက်လာကြတော့ ကျွန်တော့်မှာ ဆိုင်ထဲက ဆိုင်ရှင်မမကိုကြည့်ပြီး အားတွေနာ နေရတယ်။ဆိုင်ရှင်မမကတော့ ပြုံးရုံလေး။ အဲဒီကနေလှည့်ထွက်တော့ယိုးဒယားအထည်ဆိုင်ဆိုလို့လိုက်ပို့ ဖြစ်သေးတယ်။ ဒီမှာ ကျွန်တော်ဆိုင်ထဲလိုက်ပြ။သူတို့တွေကလည်း ဟိုမေး ဒီမေးနဲ့။အပြင်ပြန်ထွက်လာပြီး သုံးဘီးပေါ်ပြန်ထိုင်လိုက်တော့ဆီနှစ်ပုလင်းဖိုးထွက်သွားတာကို သတိရတယ်။မနေ့တုန်းကလို ဆင်တစ်ကောင်နဲ့တော့ မရဘူးလို့ ကျွန်တော့်ကို ကျွန်တော့်သတိပေးတယ်။မနက်တုန်းကတောင်
“ဖေဖေရာ ဖေဖေ့အုံနာ ဧည့်သည်တွေက ကပ်စေးတွေပါဗျာ။ အလိုက်လည်းသိတာမဟုတ်ဘူး။ မေးလိုက်မြန်းလိုက်တာလည်း နားငြီးတယ်။ပေးတော့လည်း ဆီဖိုးတောင်အနိုင်နိုင်။ဒီနေ့ပို့ရရင် ကျွန်တော့်ကတော့ ကျွန်တော့်နေ့တွက်စေ့အောင်တောင်းမှာနော်“
“အေးပါကွာ တအားတော့မရိုက်နဲ့ပေါ့ကွာ။ လျှော့ပေါ့တောင်းပေါ့။သူတို့က ဧည့်သည်တွေမလား“
“ဧည့်သည်လည်း ပိုက်ဆံတော့ပါမှာပါ။ဖေဖေ့အုံနာရဲ့သမက်ဘက်က ပိုက်ဆံရှိတယ်ဆို ဖေဖေပြောတော့။“
“အင်းဒါတော့ဒါပေါ့ဒါပေမယ့်ဧည့်သည်လေ။ ကိုယ့်မြို့ကိုလာတာ ကောင်းကောင်းဆက်ဆံဂရုစိုက်လိုက်ပါကွာ“ တဲ့.။
ပြောတော့လွယ်လွယ်လေး။ ကျွန်တော့်မှာ သုံးဘီးဆွဲနေရင်း အတွေးက သုံးဘီးခတောင်းဖို့ကိုပဲ စိတ်ရောက်နေတယ်။မနေ့ညက မိန်းမကပြောတယ်။မလိုလောက်တော့ဘူး မွေးခါနီးပြီထင်တယ်တဲ့။သုံးဘီးဖိုးကျန်တဲ့အကြွေးကိုပေးဖို့ကလည်း ရှိနေတော့အိပ်ခါနီး ကျွန်တော့်မှာမောတယ်။တွေးရင်းမောင်းလာလိုက်တာ ဖေဖေ့အုံနာအိမ်ရှေ့လမ်းကိုရောက်တယ်။ဒီမှာ သူတို့တွေက ဦးကြီးကလှမ်းပြောတယ်။
“မောင်ရင်မောင်ရင်အိမ်ကျော်သွားပြီ။“တဲ့လှမ်းအော်တယ်။
“ဟုတ်ကဲ့ဆော်ရီးဗျ“
“ဘာတွေအတွေးလွန်နေတာလဲ မောင်ရင်ရ“
“ဘာမှမဟုတ်ပါဘူးဗျာ ပိုက်ဆံတွက်နေတာ ဘယ်လောက်ကျမလဲလို့“
………………..
ညနေအိမ်အပြန် ကျွန်တော်လေလေးချွန်ပြီး မောင်းပြန်ခဲ့တယ်။ဖေဖေ့အုံနာနဲ့ဧည့်သည်တွေဘာစိတ်ကူးပေါက်တယ်မသိဘူး။ ဒီနေ့ကျမှ အလုအယက်ပေးနေလိုက်ကြတာ ကျွန်တော့်မှာ အားနာနာနဲ့ပဲ ဖေဖေ့အုံနာပေးတာလည်း ယူခဲ့တယ်။ဧည့်သည်တွေပေးတာကိုလည်း ယူခဲ့တယ်။

သော်ဇင်(လွိုင်ကော်)


Look Magazine, မတ်လ၊ ၂၀၁၅

ရင်လွဲမိုး




တနေဝင် တမိုးသောက်ဆိုတဲ့အတိုင်း ခုတော့နေလုံးကြီးဝင်သွားခဲ့ပြီ။ မနက်ဖြန်မနက်မှာ နေ့သစ်တစ်နေ့က သူ့ကို ဆီးကြိုနေဦးမှာပေါ့။ ဒါ သေချာရဲ့လားလို့ မေးခွန်းပြန်ထုတ်မိတယ်။ ဟင့်အင်း သေချာမှုတွေဟာ လူတစ်ဦးတစ်ယောက်ချင်းဆီမှာ ဘယ်တော့မှရှိခဲ့တာမဟုတ်ဘူး။ သူ့ရှေ့မှာရှိနေခဲ့တဲ့ သူ့ သူငယ်ချင်းတွေတောင် သေချာတယ်ဆိုတဲ့ စကားကို ပြောသွားခဲ့ကြတာမှမဟုတ်ဘဲ။
ခနိုးခနဲ့ရယ်သံနဲ့ လောကကြီးက သူ့ကိုနုတ်ဆက်တယ်။ သူကတော့ ငိုကြွေးခြင်းနဲ့ စခဲ့တဲ့ ဘဝကို ခုထိ အံ့သြနေတုန်း။ ငိုတယ်။ရယ်တယ်ဆိုတာ အသက်ရှင်သန်လာခဲ့တဲ့ ဘဝတစ်လျှောက်လုံး နပမ်းလုံးလာခဲ့ကြတာ ခုထိတောင် သူ ဖျန်ဖြေလို့မရသေးဘူး။ တော်တော်ကြာ ရယ်တယ်။ မပွင့်တပွင့်ကနေ ဟက်ဟက်ပက်ပက်၊ ပြီး အူလိုက်သည်းလိုက်။ တခဏကြာတော့ မျက်ရည်တွေ စီးလိမ့်လာပြန်ရော။ တသိမ့်သိမ့်ရှိုက်ငိုခြင်းနဲ့ ယူကြုံးမရ သလိုငိုခြင်း။ သူ အဲဒီ ရယ်ခြင်း ငိုခြင်းကြားကာလမှာရှိနေသ၍ စိတ်ပျက်စရာကောင်းတဲ့အရာဟာ ဘာလဲလို့မေးလာခဲ့ရင် ခု သူရရှိပိုင်ဆိုင်ထားတဲ့ လူ့ဘဝကြီးပါပဲ။ မဟုတ်သေးဘူး။ သူ ငှားရမ်းထားတဲ့ လူ့ဘဝကြီးပါပဲ။
သူအခု အသက် အစိတ်ရှိပြီ။ ဘဝတစ်လျှောက်လုံးကို ပြန်စဉ်းစားကြည့်တဲ့အခါ အစကနေ ဒီကနေ့အထိ သူမမှတ်မိ။ တစ်ချို့အကြောင်းအရာတွေက ရိုးတိုးရိပ်တိတ်။ တစ်ချို့အကြောင်းအရာတွေက ကွက်ကွက်ကွင်းကွင်း။ သူငယ်ငယ်က အမုန်းဆုံး စကားလုံးတစ်စုရှိတယ်။ အဲဒါက သာယာခြင်း။
တစ်ချို့ သူငယ်ချင်းတွေက ရှုခင်းတစ်ခုကို သိပ်သာယာတာပဲလို့ ပြောရင် သူ့အဲဒီရှုခင်းကို မကြည့်ချင်တော့ဘူး။ ကြာတော့ သူငယ်ချင်းတွေကပြောတယ်။ ကန့်လန့်လူသား ဂွသမားတဲ့။ ဟုတ်တယ်။သူမခံစားတတ်တဲ့ ရှုခင်းတွေ အကြောင်း သူငယ်ချင်းတွေမပြောကြတော့ဘူး။ ပြီးတော့ သူငယ်ချင်းတွေ သူ့မှာ မရှိတော့ဘူး။ဒါနဲ့ပဲ မိုးချုပ်နေဝင် နေ့ရက်တွေဟာ အချိန်တန်ကုန်ဆုံးလိုက်နဲ့ သံသရာလည်နေခဲ့တာပဲ သူ့ဘဝမှာ နေသားကျနေခဲ့တာကြာခဲ့ပြီပဲ။
ဒါပေမယ့် လှိုင်းဆိုတာ ဘယ်အချိန်လောက်မှ ထရိုက်မလဲဆိုတာ သူမှ မသိလိုက်ပါပဲ။
(က)
ဒီမနက်မှာပဲ ပြဿနာကစတယ်။ မဟုတ်ဘူး။ သူက ပြဿနာဆိုတဲ့အကောင်ကို ခေါ်လာခဲ့တာ။ သူ့ရဲ့ရှေ့မှာ စူးရဲတောက်ပလွန်းနေတဲ့ မျက်လုံးတစ်စုံနဲ့ လူတစ်ယောက် သူ့ကိုမျက်နှာချင်းဆိုင်ကနေ စူးစူးကြီးကြည့်တယ်။ အရင်တုန်းက အဲဒီမျက်လုံးတွေရဲ့အောက်မှာ သူက နေစရာတောင်ရှိခဲ့တာမဟုတ်ဘူး။ ခုတော့ သူ့မှာ သတ္တိတွေရှိနေပြီ။ ပြန်လည်ပြီးကြည့်ရဲပြီ။ သူ့ကို အဲဒီလူကြီး ပြောစရာတွေ တစ်ပုံတစ်ပင်ရှိနေမှာသေချာရဲ့သားနဲ့ သူ့ကိုဘာမှ မပြောသေးဘူး။ အင်းလေ မေမေ့ကိုစောင့်နေတာနေမှာပေါ့။ ပြီးမှ နှစ်ယောက်ပေါင်းပြီး…..။ ထားပါတော့။ သူခပ်တည်တည်နဲ့ ဧည့်ခန်းထဲမှာထိုင်နေလိုက်တယ်။ တိတ်ဆိတ်ခြင်းဆိုတာ ဒီဧည့်ခန်းထဲမှာ ဘယ်လောက်အထိ အချိန်ကြာကြာ ရှိနေနိုင်မလဲ။
မေမေ အပေါ်ထပ်ကနေ ဆင်းလာတာကိုတွေ့လိုက်တယ်။ မေမေ့မျက်နှာမှာ တင်းမာခက်ထန်မှုတွေက အပြည့်။ မျက်မှောင်ကြီးကုတ်ပြီး သူ့ကိုအပေါ်စီးကနေကြည့်နေပုံက သူငယ်ငယ်လေးတုန်းက အတိုင်း တစ်စက်ကလေးမှာ ပုံစံပြောင်းမသွားသေးဘူး။
မကြာမီ ဒီအခန်းထဲမှာ ဆူပူမှုတွေသောင်းကျန်းတော့မှာဆိုတော့ ဘယ် အိမ်အကူမှလဲ အခန်းထဲမှာရှိမနေ။ အို ကုန်ကုန်ပြောရရင် အခန်းရဲ့ အနားကိုတောင် ဝေ့သီ ဝေ့သီ လုပ်ကြမှာမဟုတ်ဘူး။
“ဘာပြဿနာဖြစ်ပြန်တာလဲ ကို“
“အသုံးမကျတဲ့ ကေသီ့သား အခုရှာလိုက်တာ ပြဿနာက အရင်ကလို သေးသေးမဟုတ်ဘူး“
သူ့ကို မေမေက ဆက်ခနဲကြည့်လာတယ်။ နူးညံ့မှုမရှိတဲ့ မေမေ့ရဲ့မျက်ဝန်းတွေ အရောင်တမျိုး လွင့်စင်နေတယ်။ ဒါပေါ့။ မေမေ ဒီလိုကြည့်လာခဲ့တာ နှစ်ပေါင်းဘယ်လောက်ကြာခဲ့ပြီလဲ။ သူ ပေပြီး ပြန်ကြည့်လိုက်တယ်။
“မင်း ဘာတွေလျှောက်လုပ်နေတာလဲ စနေ၊ မင်းဘယ်လောက်အထိ မေမေ့ကို စိတ်ဒုက္ခတွေပေးဦးမလို့လဲ“
သူ ဆိတ်ဆိတ်သာနေလိုက်ခြင်းက ဒီအချိန်မှာအကောင်းဆုံးလို့ ယူဆတယ်။ ပြောချင်တာပြောကြတော့။ စိတ်ဒုက္ခ ဆိုတာ သူက မေမေ့ကို ပေးခဲ့ခြင်းမမဟုတ်ဘူး။ မေမေ မေ့နေတယ်။ မေမေပေးခဲ့တဲ့ ဒဏ်ရာတစ်ချို့ ခုထက်ထိ သူ့ရင်မှာ မပျောက်သေးဘူးဆိုတာကိုလေ။
“ကေသီ သားက ခု ဟိုဘက်အိမ်က အိမ်တံခါးမှန်တွေကို ခဲနဲ့ပစ်ခွဲတယ်။ ပြီးတော့ အဲဒီအိမ်က မောင်နှမနှစ်ယောက်စက်ဘီးစီးနေတာကို ဆွဲလှဲပစ်တယ်။ ဒါ ဘာလုပ်တာလဲ။ သောင်းကျန်းတာ။ ပရမ်းပတာနိုင်တာ။ စည်းမရှိ ကမ်းမရှိဘူးဆိုတာကိုပြတာ။ ကိုတို့ ဘယ်လောက် သိက္ခာကျသလဲ ကေသီ။ ဒီလိုသားမျိုး မွေးထားတဲ့ မိဘတွေကို တစ်ဘက်က ဘာထင်မလဲ။ ကိုတော့ တောင်းပန်ခဲ့တယ်။ ကျေနပ်လောက်တဲ့အထိ တောင်းပန်ခဲ့တယ်။ မှန်တွေလဲ အသစ်တပ်ပေးလိုက်တယ်။“
“မေမေတို့ သိက္ခာကျအောင် ဘာလို့ စနေလုပ်ချင်နေရတာလဲ ပြောစမ်း။ “
သိက္ခာ..။ သိပ်ကိုလှပတဲ့ စကားတစ်လုံး။ လူမှုဝန်းကျင်မှာ သိက္ခာဆိုတဲ့ စကားတစ်လုံး ဘယ်လောက် အရေးပါသလဲ ခုမှ မေမေနဲ့ အဲဒီလူကြီးသိတာလား။ သူ့နှုတ်ခမ်းတွေ ခပ်မဲ့မဲ့ ပြုံးမိသွားတယ်။ သူ ထိုင်ရာကနေထတယ်။ ပြီးတော့ အပေါ်ထပ် သူ့အခန်းရှိရာကို ထွက်လာခဲ့လိုက်တယ်။ ဧည့်ခန်းထဲမှာ မတ်တပ်ရပ်ပြီး ဒေါသထွက်နေတဲ့ လူနှစ်ယောက်တော့ ကျန်နေခဲ့တယ်။ ဒါတောင် သူ့နောက်ကျောဆီကနေ စကားလုံးတစ်ချို့ အပြေး လိုက်လာ ကြသေးတယ်။ ဘာတဲ့…။
“တွေ့လား။ ကေသီ ။မင်းသားက ပြန်မပြောနားမထောင်တဲ့ကောင်။ ကြာရင် ကိုနဲ့ မဖြစ်ဘူးနော် ကေသီ။“
(ခ)
အိမ်ဆိုတာ မိသားစုအတွက် ဘေးကင်းလုံခြုံရာရိပ်မြုံကလေးတစ်ခုတဲ့။ အိမ်ကလေးထဲမှာ ရယ်မောခြင်း၊ ကြည်နူးခြင်း၊ ပျော်ရွှင်ခြင်းတွေ အပြည့်ရှိတယ်တဲ့။ သူ့အတွက်တော့ အိမ်ဆိုတာ အဲဒီအရာတွေ တစ်ခုမှ မရှိတဲ့ နေရာတစ်ခု။ အေးချမ်းတယ်ဆိုတဲ့ စကားလုံးကို သူမုန်းတယ်။ သူ့အခန်းထဲမှာ အောင်းနေခဲ့တာ ကြာပြီ။ မှောင်မိုက်ခြင်း တွေနဲ့တောင် သူက အသားကျနေပြီ။
မီးရှိပါရက်နဲ့ တမင်သက်သက် မီးမထွန်းပဲ သူ နေရာတာကို ကျေနပ်နေခဲ့ပြီ။ အမှောင်ကိုအသားကျနေတဲ့ မျက်လုံးတွေက အခန်းထဲမှာ ဘာတွေရှိတယ်ဆိုတာ သိနေပြီ၊ မြင်နေပြီ။ သူ သိခဲ့တဲ့ အမှောင်ရဲ့တခြားတဘက်မှာ ကြေကွဲစရာတွေရှိနေတယ်။
တစ်ခါတစ်ခါ အိမ်ဖော်တစ်ချို့ အခန်းတံခါးလာခေါက်တယ်။ သူဖွင့်ပေးဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး။ အိမ်မျက်နှာကျပ်က အိမ်မြှောင်ကလေးတွေနဲ့ စကားပြောရတာ သူကျေနပ်တယ်။
ပြီး စိတ်လိုလက်ရနဲ့ ကွန်ပျူတာဖွင့်ပြီး စာရေးရတာကိုကြိုက်တယ်။ ဒါပေမယ့် ရေးမိတဲ့ အကြောင်းအရာတွေကိုပြန်ဖတ်ရင် သူ မျက်ရည်တွေ ခဏခဏကျရတယ်။ အဲဒီအခါ လက်ဖမိုးနဲ့ မျက်ရည်ကို ဘယ်ပြန်ညာပြန်သုတ်ရင်း စိတ်တွေတိုလာမိရော။ ဒါလား လူတစ်ယောက်ရဲ့ ဖြစ်တည်မှု။ သွားစမ်းပါ။ သူပစ္စည်းတွေကို ကန်ကျောက်ပစ်လိုက်တယ်။ သူ့ခြေထောက်မှာ ဓါတ်ပုံအယ်လ်ဘမ်လေးကျလာတယ်။
သူကောက်ကိုင်ပြီး လှန်ကြည့်လိုက်တယ်။ ပထမဆုံးဓါတ်ပုံလေးတောင် အရောင်တွေ လွင့်နေပြီ။ ဒါပေမယ့် သဲသဲကွဲကွဲတော့မြင်နေရသေးတယ်။ မိသားစု သုံးယောက် ရယ်ပြုံးနေတဲ့ပုံ။ သူက အလယ်က။ သူ့ဘယ်ဘက်ဘေးမှာ မေမေ။ ပြီးတော့ သူ့ညာဘက်ဘေးမှာ………။ သူ့နှုတ်က လှုပ်တယ်ဆိုရုံကလေး ရေရွတ်မိတယ်။ သူ့အဲဒီ စကားလုံးနှစ်လုံးကို မပြောခဲ့တာ ကြာခဲ့ပြီလေ။ အသံတွေ မထွက်မိဘူး။
သူ့စိတ်ထဲမှာ
“ဖေဖေရယ် သိက္ခာမရှိတဲ့ သူတွေက ခုသားကို သိက္ခာအကြောင်းပြောလာကြပြီ ဖေဖေ။ “
(ဂ)
သူ အခန်းထဲကနေ ထွက်လာပြီး အပေါ်ထပ်ကနေ ဆင်းမယ်လုပ်တုန်း လှေကားနားရောက်တော့ အောက်ထပ် ဧည့်ခန်းက စကားသံတွေကိုကြားလိုက်ရတယ်။ သူ တုန့်ခနဲရပ်ပြီး နားထောင်နေလိုက်မိတယ်။ ဒီလိုပဲ သူနားထောင်တတ်ခဲ့တာ ကြာပေါ့။ ခုသလော မေမေ အလုပ်ရှုပ်ပြီး အိမ်ကို ညဘက်မိုးချုပ်မှ ပြန်ပြန်ရောက်နေတယ်။ ပြီးတော့ ဟိုလူကြီးလဲ အလုပ်ရှုပ်နေတဲ့ ပုံနဲ့ ပြန်လာလိုက် ပြန်ထွက်သွားလိုက်လုပ်နေတယ်။ အဲဒါတွေကလွဲလို့ သူ ကျန်တာတွေကို လိုက်ပြီး စိတ်မဝင်စားတတ်ဘူး။ ခု မေမေနဲ့ ဟိုလူကြီး တီးတိုးတီးတိုးပြောနေတာကို သူကြားတယ်။
“ကေသီ သားကိစ္စ ဘယ်လို စီစဉ်ထားလဲ။“
“တစိတ်ရှိ ဒါပဲမေးနေတာပဲ။ ဒီမယ် ကို ခု သားကို ကေသီ အမျိုးတစ်ယောက်အိမ်မှာ သွားထားမလို့လုပ်ထားတယ်။ သူ့အတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို ကေသီတို့က တစ်လတစ်ခါ ပို့ပေးရုံပဲ။ “
“ဒါကောင်းတယ်။ ကိုတော့ စိတ်ရှုပ်လွန်းလို့ ဒီကောင်မရှိလေ အေးလေပဲ။ ဒီကောင်ရဲ့ ကို့ကိုကြည့်တဲ့ မျက်လုံးတွေကို မကြိုက်ဘူး။ “
“ကို အဆင်ပြေအောင် ကေသီက လုပ်သာ လုပ်ရတယ်။ သား ကေသီ့ကိုမုန်းသွားမလားပဲ စိုးရိမ်တယ်။ “
“စိုးရိမ်မနေနဲ့ ကေသီရာ။ ခုလည်း ကေသီ ဗိုက်ထဲမှာ သားသားလား မီးမီးလားမသိတဲ့ ကို့ရင်သွေးရှိနေပြီပဲ။ ဒီကောင်ရှိနေရင် ကိုနဲ့ ကေသီ သိက္ခာကျစရာအဖြစ်တွေ ခဏခဏဖြစ်နေဦးမယ်။ ခု ကေသီ လုပ်တာ မဆိုးဘူး။ ကေသီ့ကို ကျေးဇူးတင်တယ်ကွာ“
“ဟာ ကိုကလည်း ဧည့်ခန်းကြီးထဲမှာ “
ပလူးပလဲဖြစ်နေကြတဲ့ မြင်ကွင်းကို သူ ဝိုးသိုးဝါးတားပဲမြင်ရတယ်။ မျက်ရည်တွေလား။ ဒါဖြစ်သင့်ရဲ့လား။ နောက်တစ်ယောက်ရဲ့ လာခြင်းကို အရင်တစ်ယောက်ကို ဖယ်ခွာခြင်းနဲ့ ကြိုဆိုရမယ်။ တရားသလား။ ဘယ်သူတွေက တရားပြီး ဘယ်သူတွေ မတရားခဲ့တာလား လောကကြီးမသိဘူးလား။ အမှန်တရားဆိုတာ ရုပ်ရှင်တွေ ဗွီဒီယိုတွေထဲကလို ဇာတ်သိမ်းခန်းရောက်မှာ ဘွားခနဲပေါ်လာတတ်တာလား။
သူ အခန်းထဲပြန်ပြီး အိတ်တစ်လုံးထဲ အဝတ်အစားတွေထည့်လိုက်တယ်။ အန်ဆွဲထဲက ပိုက်ဆံတစ်ချို့ကို လုံလောက်အောင် အိတ်ထဲထည့်တယ်။
နောက် ဓါတ်ပုံအယ်လ်ဘမ်ကို ထည့်တယ်။ နွေးထွေးတဲ့ အိမ်ရဲ့ရိပ်မြုံဆိုတာ ငှက်သိုက်တစ်ခုလောက်တောင် တန်ဖိုးမရှိဘူးလို့ သူ တွေးလိုက်မိတယ်။
ခြေလှမ်းတွေ ကတ္တရာလမ်းထက်မှာ။ ဦးတည်ရာတော့မရှိဘူး။ ရောက်ချင်ပေါက်ချင်တဲ့ နေရာကိုရောက်ပါစေပေါ့။
(ဃ)
ဒီကန်လေးကို သူမှတ်မိတယ်။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်နဲ့ အသားကျနေတဲ့ကန်ကလေး။ သူငယ်ငယ်တုန်းက ဒီကန်လေးကို တနင်္ဂနွေနေ့တိုင်း ရောက်ရောက်နေကြ။ ကန်လည်က တံတားဖြူဖြူကလေးပေါ်မှာ လေတဖြူးဖြူးနဲ့ သူရယ် မေမေရယ်၊ ဖေဖေရယ် လမ်းလျှောက်ကြတယ်။ နောက်သူက ဖေဖေကို ပူဆာတယ်။
ကန်ထဲက ကြာဖူးလေတွေ ခူးပေးဖို့။ ဒါပေမယ့် ရေမကူးတတ်တဲ့ ဖေဖေက ဘယ်တုန်းကမှ သူ့ကို မခူးပေးနိုင်ခဲ့ပါဘူး။ အဲဒီထဲက သူဟာ လိုချင်တာဆို ဘယ်တုန်းကမှ အလွယ်တကူ မရတတ်ခဲ့တာပဲနေမှာ။ ဖေဖေက ငါးမျှားတယ်။ မေမေက ဘေးကနေထိုင်ပြီး စာအုပ်ဖတ်လိုက် သူနဲ့ ဆော့လိုက်။ ကြည်နူးပျော်ရွှင်တဲ့ မိသားစုဘဝဆိုတာ ငယ်ငယ်တုန်းက မက်ခဲ့တဲ့ အိပ်မက်တွေပဲ။
ခု နောင်ယားကန်ကို ပြန်ပြီးပြင်ဆင်နေကြတယ်။ တံတားဖြူဖြူကလေးကခုတော့ သစ်လွင်တောက်ပလို့။ ကန်ပတ်ပတ်လည်မှာ လျှောက်လမ်းလေးဖောက်ထားတယ်။ ကန်ထဲမှာ လှေကလေးတွေရှိတယ်။ တကယ်ဆိုရင် ခုချိန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ သူနဲ့ မေမေ ဖေဖေ အတူလျှောက်နေရမယ့်လမ်းကလေး။
တကယ်တမ်း အတူလျှောက်သွားခဲ့တာက မေမေနဲ့ ဟိုလူကြီး။
သူ့အိမ်ကို အဲဒီလူကြီးစရောက်လာတာ မှတ်မိနေတယ်။ ဖေဖေရဲ့အချစ်ဆုံး သူငယ်ချင်းတဲ့။ ရုပ်ရည်ကတော့ ဖေဖေ့ထက်ချောမောတာကို သူတောင်သတိထားမိတယ်။ မေမေ့နားကိုတိုးတိုးလေးကပ်ပြောခဲ့တဲ့
“ဦးလေးကြီးက ချောတယ် မေမေ“ဆိုတဲ့စကားကို ခုပြန်တွေးမိရင် သူမှားခဲ့တာကို ပြန်မှတ်မိရတယ်။ မေမေအဲဒီတုန်းက ပြောခဲ့တာက။
“သား ဖေဖေထက်ချောတာတော့ သေချာတယ်“တဲ့။
အဲဒီလူကြီး ဖေဖေနဲ့အလုပ်တွေတွဲလုပ်တယ်။ အိမ်ကို ခဏခဏလာတယ်။ ဖေဖေမရှိတဲ့ အချိန်တွေမှာလည်း အိမ်ကို ခဏခဏလာတယ်။ ပြီးတော့ မေမေနဲ့ရယ်ရယ်မောမော စကားတွေပြောကြတယ်။ လက်ဆောင်တွေပေးတယ်။ သူ့ကိုလည်း မုန့်ဖိုးတွေပေးတယ်။ အစကတော့ သူပျော်ခဲ့ပါတယ်။ ဒါပေမယ့် မိုးသည်းညတစ်ညမှာမြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့် သူမပျော်တော့ဘူး။
လျှပ်ရောင်တွေ တဝင်းဝင်းနဲ့ မိုးတွေ သည်းကြီးမည်းကြီးရွာနေတယ်။ လေတွေ တဝေါဝေါတိုက်ပြီး မိုးကြိုးတွေတစ်ချက်တစ်ချက်ပစ်နေတာကြောင့် သူအိပ်ယာကလန့်နိုးလာတယ်။ အနားမှာ မေမေရှိမနေဘူး။ ဖေဖေ မနက်က အလုပ်ကိစ္စတစ်ခုနဲ့ ခရီးထွက်သွားတယ်။ မိုးတွေရွာရင် သူကြောက်တတ်တယ်ဆိုတာ မေမေ သိရဲ့နဲ့ ဘယ်သွားနေလဲ။ သူ အိပ်ယာကနေ ထပြီး အခန်းအပြင်ဘက်ကိုထွက်ခဲ့တယ်။ မိုးခြိမ်းသံတွေကြားမှာ ကြောက်ကြောက်နဲ့ မေမေ့ကိုရှာရင်း မီးဖိုခန်းဘက်ကိုရောက်တော့ လျှပ်ရောင်ဖွေးဖွေးနဲ့မြင်လိုက်ရတဲ့ မြင်ကွင်းဟာ ။
သူ့ပါးစပ်ကို လက်တစ်ဖက်က လာပိတ်လိုက်တယ်။ သူ့လှည့်ကြည့်လိုက်တော့ မိုးရေတွေ တစ်ကိုယ်လုံးရွှဲစိုနေတဲ့ ဖေဖေရယ်လေ မျက်ရည်တွေ သွင်သွင်စီးလို့။ သူ့မျက်ဝန်းမှာလဲ….။
(င)
မေမေနဲ့ဖေဖေ အဲဒီညမှာ စကားများကြတယ်။ ဟိုလူကြီးကတော့ ဧည့်ခန်းထဲမှာ ခေါင်းကြီး ငိုက်စိုက်ချလို့။ ဖေဖေ ခရီးမထွက်ဖြစ်ခဲ့ဘဲ ပြန်ရောက်လာခဲ့တာဟာ ဒီကိစ္စကိုရှင်းဖို့တဲ့။ ဖေဖေ့လုပ်ဖော်ကိုင်ဖက် ပတ်ဝန်းကျင်မှာ ဖေဖေ သိက္ခာကျသတဲ့။ အပြန်အလှန် ဟစ်အော်နေတဲ့ မေမေနဲ့ဖေဖေရဲ့ အသံတွေဟာ မိုးလေတွေထဲမှာပဲ ပျောက်ပျောက်သွားခဲ့တယ်။
ဖေဖေအဲဒီည အိမ်ကနေ မိုးလေတွေထဲမှာ ထွက်သွားတယ်။ မေမေက တင်းမာခက်ထန်နေတဲ့ မျက်ဝန်းတွေနဲ့ကျန်ခဲ့တယ်။ ဖေဖေကိုမြင်လိုက်ရတာဟာ အဲဒီည နောက်ဆုံးပါပဲ။ မိုးရေတွေနဲ့အတူ မိုးတိတ်တော့ ဖေဖေ မရှိတော့ဘူး။ ဖေဖေ ကန်ထဲမှာ ရေနစ်သေသွားတယ်ဆိုတာပဲ သူသိလိုက်တယ်။ အဲဒီကတည်းက အမှောင်တခြမ်းဟာ သူကဘဝအတွက် ကောင်းကင်တစ်ခြမ်းဖြစ်သွားခဲ့တာပေါ့။
နှစ်လအကြာမှာ မေမေ လက်ထပ်လိုက်တယ်။ သူလည်း………….။
သံတိုင်တစ်ဘက်ခြမ်းမှာ မျက်ရည်တွေနဲ့ မေမေ သူ့ကိုကြည့်နေတယ်။
“အဲဒီကလေးဟာ ဒေါ်ကေသီရဲ့သားဆိုတာ သေချာလား။ ကြည့်ပါဦး။ သေချာတယ်ဆိုရင်တော့ ဘယ်လိုလုပ်ချင်သလဲဆိုတာ ဆရာတို့တိုင်ပင်ကြတာပေါ့။“
ဝတ်စုံဖြူဖြူဝတ်ထားတဲ့ လူကြီးက မေမေကိုပြောနေတဲ့ စကားသံ။
“သူ့ကို ဘယ်မှာတွေ့တာတဲ့လဲ ဒေါက်တာ ။ ဒါ ကျွန်မ သားပါ။ ကျွန်မသားလေးပါ။ ပြောပါဦး ဒေါက်တာ“
“နောင်ယားကန်မှာပါ“
“ရှင်.. “
ပြူးကျယ်သွားတဲ့ မေမေ့မျက်ဝန်းတွေကိုကြည့်ရင်း သူကျေနပ်တယ်။ သူ့ကို လူတွေက ရူးနေတယ်ထင်ကြတယ်။ တကယ်တမ်း သူမရူးပါဘူး။ အားလုံးကိုသိတယ်။ သူ့ကိုယ်ပေါ်က အဝတ်တွေ ညစ်နွမ်းသွား တာလဲသိတယ်။ သူ့ဆံပင်တွေရှည်သွားတာလဲ သိတယ်။ သူ့လက်သည်းတွေ ရှည်လာတာလဲသိတယ်။
တစ်ခုပဲ သူများမိသားစုတွေ ပျော်ရွှင်နေတာကို သူမသိချင်တာပဲ။ ဒါကြောင့် အဲလိုမြင်ကွင်းတွေမြင်ရင် ခဲနဲ့ပစ်တယ်။ လက်ချင်းချိတ်ထားရင် လက်တွေ ပြေးဆွဲပစ်လိုက်တယ်။ အဲလို ခဏခဏဖြစ်ပြီး လူတွေ သူ့ကိုကြောက်လာတယ်။ တစ်ချို့က အရူးလို့ ခပ်ကျယ်ကျယ်ပြောတယ်။
တစ်ချို့က ခပ်တိုးတိုးလေးနဲ့
“သနားပါတယ်…ဟယ်“ တဲ့…။

သော်ဇင်(လွိုင်ကော်) 

ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၁၃

ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ

စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...