တောင်ခိုးတွေဝေနေသော နေ့တစ်နေ့ဖြစ်သော်လည်း သူ့ရင်တွင်းတွင်တော့ မအေး မချမ်းဖြစ်နေမိသည်။ မိုးက ခုတလော ရက်ဆက်ရွာသွားသဖြင့် လမ်းတွေက လမ်းလျှောက်၍မရလောက်အောင် ချော်လွန်းလှသည်။ သူ့လို ဤလမ်း ဤခရီးကို မျက်စိမှိတ်သွားနေခဲ့သူတောင် ယိမ်းထိုး ယိမ်းယှိုင်နှင့် မနည်းထိန်းလျှောက်နေရသည် ဆိုလျှင် အမိုးအဖို့ အတော်ပင် အခက်တွေ့ပါလိမ့်မည်။
မယ့် ကိုကြည့်ရင်းက ရွာတွင် ကျန်နေရစ်ခဲ့သော သမီးဖြစ်သူကို သတိရသည်။ သမီးအပေါ် မယ့်၏ စိုးရိမ်ပူပန်မှုသည် မည်မျှ အတိုင်းအတာရှိသည်ကို သူမှန်းဆမနေတော့။ ဤခရီးကို ရှေ့ကလိုက်ပါနေကတည်းက မယ့်ရင်တွင်းတွင် သံယောဇဉ်မီးတွေ ဟုန်းဟုန်းတောက်လောင်နေပြီဆိုတာကို သူသိရပါသည်။
“မယ့် နားပါဦးလား…။ ဖြည်းဖြည်းလျှောက်ရအောင် လမ်းတွေကချော်တယ် မယ့်ရဲ့”
“မနားတော့ဘူး စိုင်းလုံ..။ ဒီည ဒေါဝယ်ရောရွာကိုရောက်မှ မနက်အစောကြီး ထလာရင် မနက်ဖြန်မနက် ပြန်ရောက်မှာ..။ ပြီးတော့ နင့်သမီး ငါ့မြေးလေးက ငါတို့ကို မျှော်နေမှာလေ..။ “
“ဟုတ်တော့ ဟုတ်ပါတယ် မယ့်ရယ်..။ နားနားပြီး သွားရင်လည်းရောက်မှာပါ အလုံလည်း သမီးကို စိတ်ပူတာပဲ။ ရေသောက်ပါဦး မယ့်ရယ်.။ မယ့်ကြည့်ရတာ အလုံတော့ မောတာပါပဲ”
မနက်ခြောက်နာရီမထိုးခင်ကတည်းက သူနေသော နားအွမ်ရွာမှ ထွက်ခဲ့သည်။ မယ့်ကို မလိုက်ရန်ပြောသော်လည်း မရသဖြင့် ခေါ်ခဲ့ရသော်လည်း အသက်ခြောက်ဆယ်နားနီးနေသော မယ့်က ပြော၍မရ။ မယ့်ကိုယ်တိုင် ဒေါဝယ်ရောရွာက ကျန်းမာရေးဆရာမလေးကို သမီး၏ ရောဂါလက္ခဏာများကို ပြောပြချင်လွန်းလှသည် ဟု တတွင်တွင်ပြောပြီး လိုက်လာခဲ့လေသည်။
လမ်းက တောင်တက်လမ်းတွေချည်းဖြစ်နေသောကြောင့် အသက်အရွယ် ကြီးနေသော မယ့်ကို ပင်ပန်းမည်ကို သူစိုးရိမ်သည်။ နားအွမ်နှင့် ကလာလဲရွာကို သူ့အနေနှင့် တစ်နာရီခွဲလောက်လျှောက်၍ရောက်နိုင်သော်လည်း မယ့်နှင့်ဆို နှစ်နာရီကျော်လျှောက်ချင်လျှောက်ရနိုင်သည် မဟုတ်လား။ ထိုကလာလဲရွာမှ တဆင့် ဆူလဲရွာကိုဖြတ်ကျော်ရဦးမည်။ ထိုမှတဆင့် ဒေါဝယ်ရောရွာကို သုံးနာရီလောက်လျှောက်ရဦးမည် ။ အနည်းဆုံးမရှိဘူးဆိုလျှင် လမ်းလျှောက်ချိန်က ခုနှစ်နာရီ ကျော်ရှိ၏။ ထိုမျှကြာသော ခရီးကို မယ့်တစ်ယောက် လမ်းလျှောက်နိုင်မည်မဟုတ်ဟု သူထင်သည်။ ရှေ့တွင် လမ်းက တောင်တက် သက်သက်ချည်းသာ။ အကွေ့အကောက်နှင့်။ မြေနီလမ်းနှင့်။
@@@@@@@@@@@@@@@@@
(၁)
“ဟာ မယ့်”
မယ့် ရုတ်တရက်ခြေချော်ကာ ဟန်ချက်ပျက်သွားသည်တွင် အချိန်မှီကလေး လက်ကို လှမ်းဆွဲနိုင်လိုက်သည်။ မယ့်လွယ်ထားသော ပလိုင်းကလေးက လမ်းဘေးရှိ ဝါးရုံတောထဲတွင် ညှပ်သွားသည်။ မယ့်ကို သူကြည့်တော့
“ဘာမှမဖြစ်ဘူး စိုင်းလုံ..ဟိုပလိုင်းကိုသာ သွားကောက်လာခဲ့”
အမိုးမှာကြောက်စိတ်သည် စိုးစဉ်မှရှိမနေသည့်ဟန်မို့ သူ အံ့သြရသည်။ သူ ပလိုင်းကိုကောက်ယူလိုက်သည်တွင် ထူးခြားစွာလေးလံနေသည်ကို သတိထားမိသဖြင့် ဆာလာအိတ်နှင့်ထုပ်ထားသော အထုပ်ကို နှီးဖြည်ကြည့်လိုက်မိသည်.။
“ဟင် အမိုး ဒါတွေက….”
မယ့်ကို သူ အံ့သြသည်။ မယ့်က မျက်ရည်များနှင့် သူ့ကို ကြည့်ပြီး ပြုံးပါသည်။ နှိမ့်တုန် မြင့်တုန်ဖြစ်နေသော မယ့်၏ရင်အစုံကို လက်ကလေးနှင့်ဖိပြီး ပြောလာသည်။
“အလုံရယ် ငါ့အသက်တွေကြီးပြီလေ..။ ငါ့မြေးကိုရဖို့ ဘာတွေ ရင်းနှီးခဲ့ရသလဲ..။ ဘာတွေဆုံးရှုံးသွားသလဲဆိုတာ နင်လည်းအသိဟာ..။ ငါ အတ္တတွေကြီးခဲ့ပြီးပြီ။ အစွန်းတွေကိုလိုက်နင်းကြည့်ပြီးပြီ။ နင့် သမီးအတွက် ငါ ဒါတွေကို ခင်တွယ်နေလို့မဖြစ်ဘူးလေ။ ဆုံးရှုံးသွားခဲ့ပြီးမှ နောင်တတွေ တထွေးကြီးနဲ့ ငါဆက်ပြီး အသက်မရှင်ရှင်ဘူး အလုံ။ ဒုတိယအကြိမ် နောင်တတွေနဲ့မနေချင်တော့ဘူး။ ငါ့မြေး နင့်သမီးအတွက် ဒါတွေက ခုချိန်မှာ အရေးမပါတော့ပါဘူးဟယ်….။ ငါ့မြေးအတွက် ငါ ဒီလိုဆုံးဖြတ်လိုက်တယ်ဆိုတာ သူ သာသိရင်….”
အမိုး၏ အသံများ ဆက်မထွက်လာတော့။ တောင်ခိုးတွေကိုကြည့်ပြီး မျက်ရည်ဝဲနေသည်။ အမိုးနှင့်အတူ သူပင် မျက်ရည်ဝဲမိရသည်ပဲ။ ကမ်းပါးစွန်းမှာ သူပါ မယ့်နှင့်အတူထိုင်ချလိုက်သည်။ မယ့်၏ တွန့်လိမ်နေသော လက်နှစ်ဖက်ကို သူ ကိုင်ပြီး ပြုံးပြလိုက်သည်။ မယ့်က ထိုအခါမှ တသိမ့်သိမ့် ရှိုက်ငိုပါ၏။
ထိုစဉ် မိုးသည် တအိအိနှင့် တပေါက်ချင်းကျလာလေသည်။
“ နန်း ရယ် နင် ဒီမြင်ကွင်းကို မြင်ရင် ဘယ်လိုပြောမလဲဟာ…။ နင့်ကို မြင်စေချင်လိုက်တာဟာ…။ “
@@@@@@@@@@@@@@@@@
(၂)
“သဘောမတူဘူး..”
ပြတ်သားမာကျောလှသော ထိုအသံသည် မယ့်၏ အသံမှ ဟုတ်ပါလေစဟု သူ ယုံမှားသံသယဖြစ်မိလိုက်သေးသည်။ မီးဝင်းဝင်းတောက်မတက် မာန်နှင့်ဟန်နှင့် ဒေါသနှင့် ဆူဖြိုးနေသော မယ့်သည် သူ့ကိုပင် စားမတတ် ဝါးတော့မတက် ကြည့်နေလေသည်။ ပြီးတော့ သူ့ဘေးတွင် ပုဆစ်တုတ်ကလေးထိုင်လျှက် တသိမ့်သိမ့်ရှိုက်ငိုနေသော နန်းကိုကြည့်ပြီး စကားလုံးများကို တစ်လုံးချင်း ပီပီသသပြောသည်။
“နင့်ကို လွိုင်ကော်မှာ ကျောင်းသွားတတ်ခိုင်းပြီး အဲလို ဘာမဟုတ်တဲ့ မိန်းမကို ယူလာခိုင်းတာမဟုတ်ဘူး စိုင်းလုံ။ ပညာသင်ခိုင်းတာ နင့်ဘဝမြင့်မားသွားအောင်လို့ သိလား။ ငါတို့လို မွေးကတည်းက ဒီရွာမှာမွေး ဒီရွာမှာကြီး ဒီရွာမှာပဲ ဘဝမဆုံးစေချင်လို့ဟဲ့ သိလား။ ခုကြည့်ဦး နင်လုပ်လာပုံက ရွာမှာ ငါပြောခဲ့သမျှတွေဟာ အလကားပဲ။ ယူလာတဲ့မိန်းမက နင့်လို အဝေးသင်နောက်ဆုံးနှစ်ကိုမပြောနဲ့ ဆယ်တန်းတောင်မအောင်ဘူးဆို။ ငါကြားပါတယ်။ ကုန်ကုန်ပြောမယ် စိုင်းလုံ။ နင့်ကို ဒီကလေးမနဲ့လုံး၀ သဘောမတူဘူး။ ဒါ ငါ့နောက်ဆုံးစကားပဲ”
နန်းသည် ရှိုက်၍ပင် ထပ်၍ငိုသည်။ သူ့တစ်မျက်နှာကိုကြည့်ပြီး သူတို့ရွာတောကျိုအုံကြားကို လိုက်လာခဲ့သည့် နန်း..။ သူ မြတ်နိုးစွာချစ်ရပါသော နန်း။ သူ နန်း၏ လက်ကို ဆွဲပြီး ပြတ်သားစွာ မတ်တပ်ထရပ်လိုက်သည်။
“ရတယ် မယ့်…။ မယ့်ရဲ့နောက်ဆုံးစကားကို အလုံ ဆန့်ကျင်တယ်ပဲထားပါ..။ အလုံ နန်းနဲ့ဘဝတစ်ခုကိုတည်ထောင်ဖို့ ဆုံးဖြတ်ထားပြီးသား။ အလုံ ဦးလေး အိုက်လုံဆီမှာသွားနေမယ်။ မယ့်ရဲ့ စေတနာတွေကို စော်ကားသလိုဖြစ်ရင် ခွင့်လွှတ်ပါ မယ့်..။ နန်း မယ့်ကို ကန်တော့ရအောင်။”
“သွားကြ မကန်တော့နဲ့..။ နင့်လို့ သားမိုက်တစ်ယောက်က အမှားတွေဆက်တိုက်လုပ်ပြီးမှ ထိုင်ကန်တော့တာကို လက်မခံဘူး အလုံ…။ သွားနင်အခု ထွက်သွား…။ ထွက်သွား…။”
သူ ခရီးဆောင်အိတ်ကလေးကိုကောက်ကိုင်လိုက်သည်။ ပြီးတော့ နန်း၏ လက်ကို တင်းတင်းဆုပ်လျှက် မယ့် အိမ်ကိုကျောခိုင်းခဲ့သည်။
သူအိမ်အောက်ရောက်တော့ မယ့်ကို မော့ကြည့်မိသည်။ မယ့်သည် ကြမ်းပြင်ပေါ်ခွေခွေကလေးထိုင်လျှက် ငိုရှိုက်နေသည်ပဲ။ သူ့စိတ်ထဲတွင် မကောင်းလှသော်လည်း မည်သို့မျှ မတတ်နိုင်ပါ။ နန်းသည်ပင် သူ့အတွက်နှင့် ရဲရင့်ခဲသေးလျှင် သူလည်း နန်းအတွက် ပြန်လည် သတ္တိရှိရမည်ပဲ။
ထိုနေ့က ဦးလေးအိုက်လုံက သူတို့လင်မယားပူပူနွေးနွေးကို လှိုက်လှိုက်လဲှလှဲကြိုဆိုသည်။ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်သူမို့ သူတို့လင်မယားရောက်လာသည်တွင် ပျော်နေရှာသည်။ မယ့်အကြောင်းကိုပြောမိသည်တွင် ဦးလေး အိုက်လုံက
“ငါ့အစ်မ မင်းအမေက စိတ်ကြီးတယ် အလုံရ။ သူဖြစ်ချင်တာဆို ဖြစ်အောင်လုပ်တတ်တယ်။ တစ်ခုခုကို နာကျည်းမိပြီဆိုရင်လည်း တစ်သက်လုံးကျေတတ်တဲ့သူမဟုတ်ဘူး..။ ဘာပဲဖြစ်ဖြစ်ပေါ့ အလုံ။ သူလည်း အသက်ကြီးလာပြီပဲ လျော့သင့်တာတော့ လျော့လာမှာပါ။ ငါလည်း ပြောကြည့်ပါမယ်။ ခုတော့ ဒီမှာပဲ နေပေါ့။ ဟုတ်လား”
သို့နှင့် မိုးဦးသည် စောလျှင်စွာကျရောက်လာပြီး သူ့ကို အေးချမ်းစေသကဲ့သို့ နန်းသည်လည်း သူ့ကြောင့်ပင် အေးချမ်းခဲ့သည်ဟု ထိုနေ့က တွတ်တီးတွတ်တာ စကားများပြောရင်း ထိုည အချစ်များနှင့် ညွှတ်နူးခဲ့လေသည်။
@@@@@@@@@@@@@@@@@
(၃)
“အလုံ နင့်မိန်းမ ဘယ်နှစ်လ ရပြီလဲ”
“ဟင် ဘာလဲ”
“နင့်မိန်းမ ဗိုက်ကြီးတာ ဘယ်နှစ်လရှိပြီလဲလို့မေးတာ”
“အင်း လေးလပဲရှိသေးတာ”
ဦးအိုက်လုံက ဆေးပြင်းလိပ်ကြီးဖွာပြီး သူ့ကို စိုက်ကြည့်သည်။ ပြီးတော့
“နင့်လက်ထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိသလဲ”
“မရှိဘူး သောင်းဂဏာန်းပဲရှိတာ”
ဦးအိုက်လုံက သူ့ကိုကြည့်ပြီး ခေါင်းခါသည်။ သူလည်း သိပါသည်။ သူ နန်းနှင့်လက်တွဲလိုက်ကတည်းက အဆင်ပြေမှုသိပ်မရှိခဲ့။ အလယ်တန်းကျောင်းသားလောက်ကတည်းက လွိုင်ကော်မြို့က ဘော်ဒါဆောင်တွင်သာ ကြီးပြင်းခဲ့သည်ဖြစ်ရာ ဤရွာတွင် သူ့အတွက် အဆင်မပြေဖြစ်သည်ကလည်း မဆန်းပါ။ ရွာရှိလူငယ်တွေ တောင်ယာခုတ်၊ လယ်စိုက်ကြသည်။ တစ်ချို့ တောလိုက်ကြသည်။ မြို့ရောက်ပြီး မြို့ပါးဝသည်ပဲပြောပြော ဤရွာသည် သူ့ရွာမဟုတ်တော့သလိုမျိုး ခံစားနေခဲ့ရသည်။
နွေကျောင်းပိတ်ရက်များတွင် ရွာသို့ပြန်လာတိုင်း မယ့်က မည်မျှပျော်အောင်ထားထား သူမပျော်။ အချိန်ရှိသ၍ မြို့ကိုသာ သတိရသည်။ ရွာကို လာရသည်တိုင်း လမ်းလျှောက်၍သာရောက်နိုင်သည် ရွာကိုလည်း မုန်းချင်သည်။ မြို့တွင် စားချင်တိုင်းစားနေရသည် ပါးစပ်က ဟင်းစားရှားသည်ရွာ နှင့် အသားမကျသည်ကလည်း တစ်ပိုင်း။
သို့သော် ယခုမှု ဘာပဲဖြစ်ဖြစ် အသားတကျဖြစ်အောင် သူ့ကိုယ်သူ တည်ဆောက်နေရပြီ မဟုတ်လား။ သူ့မှာ ချစ်စွာသော နန်းနှင့် နောက် မကြာတော့သည့် အချိန်ကာလအတွင်းလူ့လောကသို့ရောက်ရှိလာမည့် သူနှင့်နန်းတို့၏ သွေးသားရတနာ ကြောင့်ပင် ရွာနှင့် တသားတည်းဖြစ်အောင် သူ နေတတ်ခဲ့လေပြီ။
နန်းက မိသားစုအကြောင်းတစ်ခုခုကြောင့် ဆယ်တန်းကို ပြန်တက်ပြီး ကျောင်းမနေခဲ့ရသော်လည်း ယခု ရွာတွင် ကလေးတွေကို ညဘက်စာတွေပြပြပေးနေခဲ့သည်။ ဗိုက်ဖုံးအကျီကလေးတကားကားနှင့် ရွာ၏ မူလတန်းမမည်သော မူလတန်းကျောင်းလေးတွင် က ကလေး ငယ် ချစ်စဖွယ်တွေ သင်ပေး၏။
သူ တောင်ယာသို့သွားတိုင်း ကျောင်းဝန်းကလေးထဲကနေ လက်ကလေးပြ နုတ်ဆက်ပါသည့် နန်း။
“ဟေ့ အလုံ ငါပြောတာ ကြားလား ဟ”
“ဗျာ ဘာ ဘာပြောလိုက်တာလဲ လေးအိုက်ရ”
“ရော် ခက်တော့မယ် အလုံရာ..။ နင့်မိန်းမ ကလေးမွေးရင် ရွာမှာမွေးမှာလား၊ လွိုင်ကော်မှာ ပြန်မွေးမှာလား မေးနေတာ….”
သူ ဦးအိုက်လုံ၏ အမေးကို မဖြေနိုင်ပါ။ အမှန်တကယ်တွင် သူရင်လေးနေသည်မှာ ထိုကိစ္စပင်ဖြစ်ပါသည်။ ရွာတွင် ကျန်းမာရေးဆေးပေးခန်းမရှိ။ အရေးပေါ်ဆေးဝယ်ရလျှင်တောင် ဒေါဝယ်ရောရွာကိုရောက်အောင် သုံးရွာကျော် လမ်းလျှောက်ရမည်။
ခုပင် နန်းက ကိုယ်ဝန်လေးလဆိုလျှင် လွိုင်ကော်ကိုတက်ရန် မည်သို့မျှမဖြစ်နိုင်။ အနီးဆုံးမြို့ဖြစ်သည် ရှားတောမြို့ကိုလမ်းလျှောက်လျှင်လည်း ရှစ်နာရီကျော်လမ်းလျှောက်ရမည်ဖြစ်သောကြောင့် မဖြစ်နိုင်။
နန်း ကတော့…။
“ စိုင်း စိတ်မပူပါနဲ့…။ စိုင်းတို့ရွာမှာ အတွေ့အကြုံရှိတဲ့ လက်သည်တွေလည်းရှိသာပဲလေ။ စိုင်းတောင် အဲဒီ လက်သည်တွေရဲ့လက်နဲ့ လူဖြစ်လာခဲ့သေးတာ။ နန်းတို့ဘက်က မီးဖွားဖို့ လိုအပ်တာတွေ ဝယ်ထားဖို့ပဲ။ စိုင်းရင်သွေးလေး ချောချောရှူရှူနဲ့ လူ့လောကကိုရောက်လာမှာပါ စိုင်းရယ်” တဲ့…။
သူကတော့ နန်း၏ ဗိုက်ပူပူကလေး ပိုဖောင်းလာလေ စိတ်တွေ ပူလေသည်ပဲ။ တစ်ပတ်တစ်ခါလောက်ဖြစ်ဖြစ် ဒေါဝယ်ရောရွာကို ကလေးအတွက်လိုအပ်သည်များကို အင်တွဲသွားရောင်းပြီး ဝယ်ခြမ်းရသည်။ သူလိုချင်သည် ပိတ်အနှီးမရှိသည့်အခါမျိုးမှာ လွိုင်ကော်ကိုမှာခိုင်းရပြီး နောက်တစ်ပတ်ရက်ချိန်းပြီး ပြန်သွားယူရသည်။
ခက်ခဲပင်ပန်းလိုက်သည်ကတော့မပြောတော့နှင့်။
သူ တစ်ခါတစ်ခါတွေးမိသည်မှာ ဤမျှလောက် မြို့နှင့်အလှမ်းဝေးသော ဤရွာကလေးတွင် ဘာကြောင့်များ သူလူလာဖြစ်လာသနည်း ဟု…။
@@@@@@@@@@@@@@@@@
(၄)
“ဘာ ပြောလိုက်တယ် အလုံ..။”
သူနှင့်မတွေ့သည့် အတောအတွင်းလေးအတွင်းမှာ မယ့် နားမကန်းသွားနိုင်မှန်းတော့ သူကောင်းကောင်းကြီး သိသည်။ ခု မယ့်ကို သူလာပြောရသည်ကပင် ဘယ်ကမှ ရှာမရတော့သည့်အဆုံး ခြေဦးလှည့်မိခြင်းဖြစ်သည်။ ပြီးတော့ ဦးလေးအိုက်ကလည်း
“အလုံ နင့်မယ့်ဆီပဲ သွားလိုက်ပါဟာ။ နင့်မယ့်က နင့်ကို ဒီအခြေအနေမျိုးမှာတော့ ပြစ်ပြစ်ခါခါ ပြောလွှတ်မှာမဟုတ်ပါဘူး။ နင့် မိန်းမအတွက် လိုအပ်နေတာပဲ ။ နင်ကလည်း နင့်မာနကိုလျှော့မှပေါ့။ မိဘဆိုတာ အပြစ်လုပ်လို့မှားခဲ့ရင်တောင် ဘယ်လောက်ကြီးတဲ့ အမှားမျိုးပဲဖြစ်ဖြစ် ခွင့်လွှတ်နိုင်ကြတယ်လေ။ မယ့်က နင့်ကိုမျှော်ချင်မျှော်နေမှာပေါ့။
နင့် မိန်းမ ကိုယ်ဝန်ရှိတုန်းကတောင် ငါ့အိမ်ရှေ့ မယောင်မလည်နဲ့ရောက်လာသေးတယ် ဟ…။ နင် သွားရင် နင့်ကိုကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ အလုံရာ”
ဟူသော စကားတွေကြောင့်ရောက်လာခဲ့ရသည်။ ခုလို အမိုးက မျက်နှာလွဲခဲပစ် မေးခွန်းများနှင့် ပြန်လည် ထိုးနှပ်လိမ့်မည်ဟု သူ မထင်ခဲ့မိပါ။
“နင်က နင့်ခြေထောက်ပေါ်နင်ရပ်နိုင်ပြီဆိုတဲ့ သဘောမျိုးနဲ့ အိမ်ပေါ်ကနေ ဆင်းသွားခဲ့သေးတာ။ ငါ့မှာတော့ ဖတဆိုးသားလေးဆိုပြီး ကိုယ်မရခဲ့တဲ့ ဘဝမျိုးရောက်အောင် အမြင့်ကို တင်ပေးခဲ့တာ။ ပြီးတော့ နင် မနေချင်တဲ့ရွာကိုပဲ ပြန်လာတယ်။ နင်မုန်းတဲ့ ခြေလျှင်တောင်တက်လမ်းတွေကိုပဲ နင်က တက်ချည် ဆင်းချည် လုပ်နေတယ်။ နင်မလုပ်ချင်တဲ့ တောင်ယာတွေ နင်ခုတ်နေတယ်။ ဘယ်မလဲ ငါဖြစ်စေချင်ခဲ့တဲ့ ပညာတတ် ဘွဲ့ရ။ အဝေးသင်နောက်ဆုံးနှစ်နဲ့ ရွာကို မိန်းမတစ်ယောက်နဲ့ ဆင်းရဲတွင်းထဲ ဆင်းလာခဲ့ပြီးမှ ခုကျမှ လက်လာဖြန့်ပြီး လိုအပ်တဲ့ငွေကို လျှောခနဲရလိမ့်မယ်လို့များ နင်ထင်နေလား အလုံ။ နင့်အတွက်ဆိုရင် နင့်ကိုပေးမယ်။ ငါသဘောမကျတဲ့ နင့်မိန်းမအတွက်ဆိုရင်တော့ တစ်ပြားတစ်ချပ်မှမရဘူး အလုံ။”
ပြတ်သားလှပါသော မယ့်၏ စကားသံတွေမဆုံးချင်မှာပင် သူ ပြန်လာခဲ့ပါသည်။ ထိုနေ့က စိတ်လေလေနှင့် ရွာကိုပတ်ပြီး စီးဆင်းနေသော စမ်းချောင်းလေးနဘေးတွင် သူ တစ်ယောက်တည်း နေပစ်လိုက်သည်။ ပြည့်စုံမှုဟူ၍ နတ္ထိဖြစ်နေသော ဤရွာတွင် နန်းအတွက် အန္တရာယ်တွေ ခုတလော လတ်တစ်ကမ်းလေးမှာရောက်လာကြသည်ဟု သူထင်သည်။
နန်း အတွက် သူ အာဟာရဖြစ်စေမည့် အစားအစာတွေ မချက်ကျွေးနိုင်။ ပိန္နဲသီးနုနုကို ပြုတ်ပြီး အရည်သောက်ချက်ကျွေးရသည့်နေ့များ။ တောင်ယာကနေ ရလာသည့် ဟင်းသီးဟင်းရွက်များနှင့်လောက်သာ နန်းမှာ ကျေနပ်နေခဲ့သည်ပဲ။ ပြီးတော့ နန်းက ပြောသေးသည်။
“စိုင်းက ဟင်းချက်ကောင်းတယ်နော် ခုမှသိတယ်။ ပိန္နဲသီးဟင်းကလည်းကောင်းတာပဲ။ ဟိုနေ့ကကြော်တဲ့ ဘူးရွက်ဆိုလည်း ကောင်းတာပဲနော်။ ဒါပဲနော် နန်းကလေးမွေးပြီးရင်လည်း စိုင်းပဲ ချက်ကျွေးရမှာ” တဲ့။
နန်း ဟန်ဆောင်ပြီးပြောသော စကားများလေးလားဟု သူ ထင်မိသော်လည်း နန်းကိုကြည့်တော့ စိတ်ပါလက်ပါ ပြောနေသည့် ဟန်မျိုး…မို့ သံသယမရှိတော့။
သူချက်ကျွေးသမျှ ခေါင်းငြိမ်းစားရင် ကလေးတွေကို စာသင်သည်။ သူ တောင်ယာ သွားသည့်အချိန်တွင် ကျောင်းပေါက်ဝထိ မပေါ့မပါးလှမ်းလျှောက်လာရင်း နုတ်ဆက်သည်။
ခုတော့ နင် ဖျားပြီ နန်းရယ်….။
@@@@@@@@@@@@@@@@@
(၅)
မိုးကြီးလေကြီးကျနေလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး လျှပ်ပန်းလျှပ်နွယ်တွေနှင့် တဒိန်းဒိန်း တဒိုင်းဒိုင်း ဆူညံနေသည်။ ရွာနဘေးရှိ စမ်းချောင်းသည်ပင် တောင်ကျမိုးရေများကြောင့် တဝုန်းဝုန်းဆူညံလာနေပြီ။ အငြိုးနှင့်သည်းနေသော မိုးညအောက်တွင် သူ စိုးရိမ်းသောကတွေကလည်း အထွဋ်အထိပ်သို့ရောက်၍နေပြီ။ တစ်ကိုယ်လုံး မိုးရေတွေ ရွှဲရွှဲစိုလျှက် အကာအကွယ်မယ့် ရွာလမ်းမထက်မှာ ပြေးလွှားနေရသည်က သူတစ်ယောက်တည်း။
လျှပ်တစ်ကြိမ်လျှပ်လိုက်တိုင်း ဖွေးခနဲဖြစ်သွားသော အလင်းရောင်အောက်တွင် သူ ခန္ဒာကိုယ်ကြီးတစ်ခုလုံး ကြက်သီးတွေထသွားလိုက်၊ ငုတ်တုတ်ထိုင်ချရလိုက်နှင့် မိုးသည်းညသည် ခြောက်ခြားလွန်းလှသည်။ သူ ဦးတည်ရာဖြစ်သော ခြံထဲသို့ အပြေးတပိုင်း သူဝင်ရောက်လိုက်ရင်း ပါးစပ်ကလည်း တကြော်ကြော်အော်ခေါ်နေမိသည်။
“ဒေါ်မီးမြာ ဒေါ်မီးမြာ”
မည်သူမျှကြားဟန်မတူ။ တခါးများကိုအလုံပိတ်လျှက် တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် သူ အပူတပြင်းနှင့် အခန်းတခါးမကြီးကို တဒုန်းဒုန်းမြည်အောင် ထုနှပ်ရင်းအော်ခေါ်နေလိုက်သည်။ အတော်အတန်ကြာမှ တံခါးက အတွင်းမှာ ချောက်ခနဲမြည်သံအဆုံး ပွင့်လာသည်။
“ဟင် အလုံ “
“ဟုတ်တယ် ငါ အလုံ နင့်အမေ ရှိလား….။ ငါ့ မိန်းမ ဗိုက်နာနေလို့ လာခေါ်တာ…။ “
“အဲဒါမှ ဒုက္ခပဲ…ငါ့အမေ ကလာလဲရွာမှာ မနက်က မီးဖွားဖို့လာခေါ်လို့လိုက်သွားတာ အလုံ….”
“ဟာ………….”
သူ ဘာလုပ်ရမှန်းမသိတော့…။ ဦးအိုက်လုံနှင့် နှစ်ယောက်တည်း ကျန်ရစ်ခဲ့ပါသော နန်း။ မီးဖွားခန်းနီး ဝေဒနာကို အလူးအလဲ ခံစားနေရပါသော နန်း။
“အလုံ”
“နင်အဲလို မနေနဲ့လေ….နင့်အမေကိုသွားခေါ်လေ….”
“ဟင်……..”
“ငါ…..ငါ……….”
“နင့်အမေက အရင်က လက်သည်ပဲဟာ…….ဘာလဲ နင်မခေါ်ရဲလို့လား…။ လာ ငါလိုက်ခဲ့မယ်…..။ ငါပြောပေးမယ်…..။ ခုလိုအချိန်မျိုးမှာတော့ နင့်မယ့် နင်တို့ကို ပစ်ထားရက်မှာမဟုတ်ဘူး။ လာ….မြန်မြန်…။ “
သူ့ သူငယ်ချင်း ကြားမြာက မိုးကာတစ်ထည်ကောက်ခြုံရင်း လက်နှိပ်ဓါတ်မီးဆွဲကာ သူနှင့် မိုးသည်းသည်းထဲတွင် အတူပြေးထွက်လိုက်လာခဲ့သည်။
ခြေလှမ်းတို့သည် မြေပြင်နှင့် ထိသည်ဟု မထင်ပဲ လေအလျှင်တွင် လေဟုန်စီးနေသည်ဟု တစ်မျိုး၊ ဟာခဲဖြစ်သွားလိုက်၊ နန်း၏ မျက်နှာကိုပြန်မြင်ယောင်လိုက်မိတိုင်း စိတ်တွေ မောပြီး နှိမ့်လိုက်ကျလိုက်ဖြစ်နေသည့် ရင်ခုန်ခြင်း၊ စိုးရိမ်းသောကဖြစ်ခြင်းကတစ်မျိုး အမျိုးမျိုးဖြစ်ပေါ်နေလေသည်။
@@@@@@@@@@@@@@@@@
(၆)
“အို မယ့်ကလည်း ဒီအချိန်မှာ ဒီလိုတွေပြောဖို့လိုသေးလို့လား ခု အလုံ့ မိန်းမ မီးဖွားရခက်နေလို့ အမေလည်းမရှိလို့ သမီးကကြားကနေလိုက်ပို့တာ။ ဒီအချိန်မှာမှ မယ့်ကို အလုံက အားမကိုးရင် ဘယ်သူ့အားကိုးရမလဲ။”
သူ ဝင်မပြောချင်တော့ပါ။ မအံသြတော့ပါ။ အသည်းမာလှပါသော မယ့်။ နာကျည်းတတ်လွန်းပါသော မယ့်။
“ဟဲ့ နင်ပြောဦးလေ အလုံ …။ နင် ဘာမှမပြောတော့ဘူးလား..။ တကယ်ပဲ ဘယ်လိုသားအမိတွေလဲ။ ငါ နန်းကို စိတ်ပူလာပြီ အလုံ။ ခေါ်မရလဲနေတော့ အမေမီးဖွားတာတော့ ငါမြင်ဖူးထားတာပဲ….။ ငါတော့ နန်းဆီပြေးတော့မယ် ခေါ်ရလည်း ခေါ်ခဲ့ မရလည်း နေတော့ဟာ”
ကြားမြာက ပြောပြောပြေးပြေးနှင့် မှောင်ကြီးမည်းမည်းထဲ ထွက်သွားလေသည်။ မိုးသည် သည်းနေဆဲ..။ မယ့် နေရာမှ တုတ်တုတ်မလှုပ်ပါ…။…….သူ…။
“မယ့် အလုံကို မွေးခဲ့တုန်းက ပေါ့က ဘယ်လိုနေနေခဲ့သလဲ မယ့်”
မယ့်သည် သူ့ကိုလှည့်ကြည့်လာသည်။
“ဘာမှမခံစားရပဲ ငုတ်တုတ်ထိုင်နေခဲ့သလား။ သားဦးဆိုတဲ့ စိတ်နဲ့ ယောက်ယက်မခတ်နေဘူးလား မယ့်။”
“………………………”
“မယ့်ကရော မယ့်မီးဖွားဖို့ဆဲဆဲမှာ အဖေကို တမ်းတမနေခဲ့ဘူးလား… ။ ပြီးတော့ အလုံဖြစ်လာမယ့် ကလေးကို လူ့လောကထဲမရောက်မှာ မစိုးရိမ်ခဲ့ဘူးလား…..ဟင် မယ့်။ နန်းလည်း အခုဆို အလုံကို တမ်းတနေရော့မယ်။ ပြီးတော့ အလုံတို့ရဲ့ရင်သွေးလေးကို လူ့လောကကိုရောက်စေချင်လွန်းတော့မယ် “
“အခု အလုံ့ မိန်းမ နန်း အလုံ့ရင်သွေးကို မွေးတော့မယ်။ အလုံ အလုံ့သွေးသားကို လူ့လောကထဲရောက်လာစေချင်တယ်။ နန်းခံစားနေရတာတွေ သက်သာအောင်လည်း အခန်းအပြင်ဘက်ကနေ အားပေးစကားတွေပြောနေချင်တယ် မယ့်။ မယ့်က လူတစ်ယောက်ကို ပြုစုပျိုးထောင်လို့မရတော့တာနဲ့ စိတ်အနာကြီးနာပြီး သံယောဇဉ်တွေဖြတ်တောက်တော့မလို့လား..။ ခု မွေးလာမယ့် ကလေးဟာ နန်းနဲ့အလုံ့ရဲ့ ရင်သွေး။ ပြီးတော့ မယ့်ရဲ့ မြေး…..။.”
“…………………………..”
“မယ့်ရဲ့ မြေးကို မယ့် ပြုစုပျိုးထောင်လို့မရတော့ဘူးလား။ အလုံ့တုန်းက မယ့်ဆုံးရှုံးခဲ့ရတာတွေကို မယ့်ရဲ့မြေးက ပြန်လည် မပေးနိုင်ဘူးလို့ထင်သလား မယ့်…….။ မိခင်တစ်ယောက်ရဲ့ အသက် ဆုံးရှုံးလုနီးနီး အခြေအနေတစ်ခုကို မယ့် ခံစားဖူးပါတယ် မယ့်ရယ်..။ မယ့်တောင် မယ့်အသက်နဲ့ရင်းပြီး အလုံ့ကို မွေးခဲ့သေးရင်…….. နန်း လည်း…………။
မယ့်သည် မျက်ရည်များနှင့် သူ့ကိုကြည့်ပါသည်။ ပြီးတော့ သူ့ကို ဘတ္ထရီအိုးပေးသည်။ သူ ရုတ်တရက်ကြောင်နေစဉ်မှာပင်…..။
“ဘာလုပ်နေတာလဲ ရှေ့က မြန်မြန်သွားတော့လေ…..”
သူ ဘာမှမပြောနိုင်ခင်မှာပင် မယ့်သည် သူ့ကိုကျော်က ရှေ့မှ ခြေလှမ်းကျဲကျဲဖြင့် ဦးဆောင် သွားနေလေပြီ။
@@@@@@@@@@@@@@@@@
(၇)
“အူဝဲ…အူဝဲ”
ကလေး၏ အသံကိုကြားလိုက်ရသည်နှင့် သူ စိတ်ထဲတွင် မည်သို့မျှမပြောပြနိုင်သော ခံစားချက်များနှင့် ပျော်သွားသည်။
“အလုံ နင့်ကလေးက မိန်းကလေးဟဲ့”
ကြားမြာ၏ အသံကို သူကြားလိုက်ရသည်။ သို့သော် ကြားမြာ၏ ရှိုက်သံကို ဆက်ကြားလိုက်ရသဖြင့်
“နန်း နန်းရော…….”
“…………………”
အခန်းထဲမှာ မည်သူ၏ အသံကိုမျှမကြားပါ။ ဦးအိုက်လုံသည် ဆေးပြင်းလိပ်ကိုသာ တရှိုက်မတ်မတ် ရှူရှိုက်နေရင်း မျက်ရည်များဝဲ၍သာ သူ့ကိုကြည့်နေသည်။
မိုးသည် တိတ်သွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ပြင်တွင်ပင် ကြယ်ကလေးများ တစ်လုံးစ နှစ်လုံးစကို မှိတ်တုတ်မှိတ်တုန်ဖြင့် မြင်လာရပြီ။ အခန်းထဲကို သူ ဝင်လိုက်သည်။ ဘတ္ထရီမီးရောင်အောက်တွင် ပိတ်ဖြူဖြူ အနှီးထုပ်ထဲမှာ သမီးကလေး…။ မျက်လုံးကလေးမှိတ်လျှက် ။ ထို့အတူ နန်းသည်လည်း မျက်လုံးကလေးမှိတ်လျှက်…။
ကြားမြာသည် သူ့ကိုကြည့်ပြီး အိခနဲ ရှိုက်သည်။ မယ့်၏ မျက်ဝန်းမှာ မျက်ရည်တွေဝိုင်းနေသည်။ နန်းသည် မောပန်းစွာဖြင့် အိပ်ပျော်သွားခဲ့သည့်ပမာ….။
သူ့ရင်ဘတ်ကြီးတစ်ခုလုံး တစ်တစ်ဆို့ဆို့နှင့် လည်ချောင်းဝတွင် အလုံးကြီးပဲဆို့လာသလိုမျိုး…။
မျက်ရည်သည်မကျ….။
သမီးလေးကိုကောက်ချီပွေ့ဖက်လိုက်ရင်းက သူ နန်းကို ပြုံး၍ကြည့်မိပါသည်….။
“နန်း ရယ်……စိုင်းအတွက် နန်းနဲ့ စိုင်းရဲ့ ကိုယ်ပွားလေး မွေးပေးခဲ့တယ်နော်……။ ကျေးဇူးတင်လိုက်တာ နန်းရယ်..။”
@@@@@@@@@@@@@@@@@
(၈)
ခုတော့ မယ့်သည် သူ့သမီးလေးကို သိပ်ချစ်နေခဲ့ပြီ။ ချူချာလွန်းလှသော သမီးလေးအတွက် မည်သည့်အရာကိုမဆို ဖြည့်ဆည်းပေးရန်အဆင်သင့်ဖြစ်ခဲ့ပြီ။ ခုပင်လျှင် အပင်ပန်းခံပြီး ပလိုင်းထဲ ဘိုးဘွားပိုင်ရွှေတိုရွှေစအချို့နှင့် ငွေဒင်္ဂါးတွေထည့်လာခဲ့သည်။
@@@@@@@@@@@@@@@@@
(၉)
နန်း မရှိတော့သည့်နောက်တွင် သူ ရွာလေးတွင်ပင် သက်ထက်ဆုံးနေထိုင်တော့မည်ဟု ဆုံးဖြတ်ချက်ချမိသည်။ မည်သည့်အရာမှမရှိသော်လည်း သံယောဇဉ်တွေရှိသည်။ မေတ္တာတရားတွေရှိသည်။ ဘိုးဘွားဆွေမျိုးတွေရှိသည်။ တောင်ယာတွေရှိသည်။ ပြီးတော့ သမီးလေး ရှိသည်။
@@@@@@@@@@@@@@@@@
(၁၀)
ရှေ့တွင် တောင်ခိုးများကြားမှ ဒေါဝယ်ရောရွာကို မြင်နေရပါပြီ..။
မယ့်= အမေ
ပေါ့=အဖေ
သော်ဇင်(လွိုင်ကော်)
မဟေသီမဂ္ဂဇင်း ၊ နိုဝင်ဘာ၊ ၂၀၁၅
https://www.facebook.com/tzloikaw/photos/a.487689207966617/3103599356375576/
No comments:
Post a Comment