နေပူကျဲတဲအောက်တွင်တချိန်လုံး လမ်းလျှောက်နေရရင်းမှရုတ်တရက်နေရိပ်အောက်ထဲ ဝင်လိုက်သဖြင့် မျက်စိတို့ပြာဝေသွားရသည်။
“ အောင်မလေး သေပါပြီတော့် “
သူ သည်လောက်အော်နေတာတောင်မည်သူမျှလာရောက်ဖေးမထူခြင်းမရှိ။ ရှက်ကိုးရှက်ကန်းနှင့် လူးလဲထရင်း ခပ်လှမ်းလှမ်းကမြောင်းထဲသို့ကျသွားသော ဗန်းကို ပြေးကောက်ရသည်။နီရဲစွာ ကျဲပြန့်နေသော ဖရဲသီးစိတ်များကတော့ရစရာမရှိတော့။သူ့ရင်ဘတ်အိတ်ထောင်ထဲတွင်ငွေနှစ်ရားငါးဆယ်ထဲရှိသေးသည်။သည်နေ့အဖို့အရင်းရဖို့မပြောနှင့် အမြတ်ပင်စုန်းစုန်းမြုပ်နေပြီဆိုသာ သူသိလိုက်ပါသည်။
ဖရဲသီးစိတ်များကို နှမြောတသစိတ်ဖြင့် ကြည့်နေရင်းက ပတ်ဝန်းကျင်ကို မျက်စိက ကစားဖြစ်သည်။သူ့အား ရယ်ကျဲကျဲဖြစ်ကြည့်နေသော ကောင်လေးတွေ၊ကောင်မလေးတွေကိုတွေ့ရသည်။ရယ်ရက်လိုက်လေခြင်း။
သူ သိမ်ငယ်စွာခံစားလိုက်ရသည်။
(၁)
“မနေ့က နင်ဖရဲသီးဗန်းမောက်ကျလို့ဆို“
အမေးနှင့်အတူ ဗြန်းခနဲထိုင်ချလိုက်သော ခင့်ကို သူမုန်းပါသည်။ နုတ်သွက်အာသွက်နှင့်စပ်စုလွန်းလှပါသော ခင်သည်သူ့အတွက်တော့အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ်နေပြန်ပါသည်။
“ဟုတ်တယ်ဟဲ့။ “
“နင်ကလည်း နင်ပဲ နေရာတကာ နမော်နမဲ့နဲ့ကိုး“
“နေပူကနေ နေရိပ်ထဲအဝင် မျက်စိတွေ ပြာသွားလို့ပါဟယ်။ဒါတောင်ဖေးမမယ့်သူ တစ်ယောက်မှမရှိဘူး“
ခင်က စိတ်မကောင်းသည့်ဟန်နှင့်သူ့ကိုကြည့်သည်။ထိုအကြည့်တွေကိုလွဲဖယ်ရင်း ကောက်လက်စ စပါးလုံးတွေကိုသာ ခေါင်းငုံ့ပြီး ရွေးနေလိုက်တော့သည်။ခင့်မျက်ဝန်းဆီက အားပေးနှစ်သိမ့်နေသည်ကို သိသည်နှင့်သူလည်း အလိုလို အားငယ်လာရသည်ပဲ။ သူ သည်နေ့ဈေးမထွက်ဖြစ်။မနေ့က မောက်ကျသွားခဲ့သော ဖရဲသီးဗန်းက အမြတ်ရော အရင်းပါပါသွားခဲ့သဖြင့်သူ သည်နေ့ဈေးမထွက်နိုင်ခြင်းဖြစ်သည်။
ဖရဲဆိုင်က လက်လီစိတ်သည်တွေကြားထဲ သူ အမြဲနောက်ကောက် ကျန်ခဲ့ရသည်ချည်း။ တခြားသူတွေအရင်းမပေးနိုင်လည်း နောက်တစ်ရက်နှင့်ပေါင်းပြီး ရောင်း၍ပေးလို့ရသည်။သူ ဆိုလျှင်။
သူ ထိုအကြောင်းတွေမတွေးချင်တော့။
“နင်ဈေးမထွက်နိုင်ဘူးဆို သန်းအေးပြောတယ်။ရော့“
သူ မယူချင်ပါဘူး။ ခင့်လက်ထဲက ငွေတစ်ထောင်တန်ကလေးသည်သူ့အတွက်ဈေးရင်းလို့ရသည်။သူ ခင့်ဆီက အကူအညီမယူချင်။
“ရပါတယ်ဟာ။ မနက်ဖြန်တော့ငါဈေးထွက်နိုင်မှာပါ“
“နင်နေ့ပြန်တိုးချေးဦးမလို့မလား။ လုပ်မနေပါနဲ့။ဒီက ယူလိုက် ။အတိုးရော၊ အရင်းရော နင်ပြန်ပေးစရာမလိုပါဘူး။ နင့်ကို ကူချင်လို သက်သက်ငါလာခဲ့တာ။ ကဲ ငါသွားမယ်။“
ငွေတစ်ထောင်က ဆန်ဗန်းထဲမှာ။ ဘာလုပ်လုပ်တင့်တယ်နေသော ခင်နှင့်သူသည်တစ်ရက်ပြီးတစ်ရက် ဝေးကွာနေခဲ့ပြီဟု သူထင်လိုက်သည်။
(၂)
ည သန်းခေါင်ကျော်နေပြီ။ မေမေ ချောင်းဆိုးနေဆဲ။ ရာသီဥတု အကူးအပြောင်းကြောင့်မေမေ တစ်နေ့က စဖျားသည်။နေကုန်နေခမ်း အဝတ်လျှော်နေရသော မေမေကို့သူသနားသည်။သူ ဖရဲသီးစိတ် ရောင်းရသည့် အမြတ်ငွေလေးက မစို့မပို့။မနေ့က သူ ဖရဲသီးဗန်းမောက်ကျသည်။သူ့လက်ထဲတွင်ဈေးရင်းမရှိတော့။ဖရဲသီးဆိုင်ကို အရင်းမပေးနိုင်သည့်အကြောင်း မျက်ရည်ခံထိုး၍ ပြောရသည်။မယုံချင်ယုံချင်နှင့်နောက်နေ့ဈေးရင်းပါလာမှလာခဲ့ဟု ဆောင့်ကြီးအောင့်ကြီးပြောလွှတ်သည်။ထို့ကြောင့်သည်နေ့ဈေးမထွက်နိုင်။ညနေကမှခင်က ဈေးရင်း ငွေတစ်ထောင် လာပေးသွားသည်။တစ်နေကုန်တစ်နေခမ်း ဗန်းရွက်ဖရဲသီးရောင်းပါမှတစ်ထောင့်ရှစ်ရာ နှစ်ထောင်လောက်ရသည်။ဒါသည်ပင် ဆန်ဝယ်လိုက်လျှင်ငွေနှစ်ရာပျော့ပျော့သာကျန်၏။
“အဟွတ်…အဟွတ်….အဟွတ်“
မေမေ ချောင်းတွေတရစပ်ဆိုးလာသည်။သူ ဖယောင်းတိုင်မီးညှိလိုက်သည်။မေမေ နဖူးပြင်ကိုစမ်းကြည့်တော့ ခြစ်ခြစ်တောက်ပူနေသည်။မေမေ အဖျားတွေတက်နေသည်ကော။ မေမေ့ခေါင်းရင်းက ပလပ်စတစ်ခြင်းထဲတွင်မနေ့က ဝယ်ထားသော ငန်းဆေးထုပ်ပင်မရှိတော့။မေမေဆေးမရှိတော့သည်ကို သူ့ကိုမပြော။ ကျိတ်မှိတ်နေခဲ့သည်ကော။
တရုတ်ဖြစ်တိုင်ကပ်နာရီကလေးကိုကြည့်တော့ဆယ့်နှစ်နာရီခွဲ။
သည်အချိန်သူ့တို့ရပ်ကွက်ကလေးထဲရှိ မည်သည့်ဈေးဆိုင်မျှမဖွင့်တော့သည်ကို သူသိသည်။သူတို့ရပ်ကွက်နှင့် တစ်လမ်းကျော်တွင်ရှိသော ဆေးဆိုင်ကြီးတစ်ဆိုင်ကို အမှတ်ရသည်။သူ့ခေါင်းဦးအောက်ကို လက်နှင့်စမ်းပြီး နှိုက်လိုက်သည်။ ညနေက ခင်ပေးသွားသော ငွေတစ်ထောင်။
နက်ဖြန်မနက်..ဈေးရင်းရမည်ငွေတစ်ထောင်။နက်ဖြန်မနက် ဈေးမထွက်နိုင်လျှင်ထိုနေ့အဖို့ချက်စရာဆန်ကလွဲ၍ ဟင်းစားမရှိ။ ညနေကတည်းက မီးဖိုချောင်ထဲတွက်ပြောင်သလင်းခါနေသော ဆားဗူး၊ အချိုမှုန့်ဗူးတွေကိုတွေ့ရသည်။လက်တစ်လုံးသာကျန်သော ဆီပုလင်းကိုလည်းတွေ့သည်။
ခု နေမကောင်းသော မေမေ့ကိုတွေ့သည်။မရှိသာချင်းအတူတူ မေမေမရှိလို့ သူ့ဘဝမဖြစ်။လက်နှိပ်ဓါတ်မီးကိုကိုင်ဆွဲပြီး အိမ်ကထွက်လိုက်သည်။မထွက်ခင်မေမေ့ကိုယ်ပေါ်သို့သူခြုံသည့်စောင်ကို ထပ်ပေးခဲ့သည်။
ညကောင်းကင်ယံတွင် ကြယ်များ မှိတ်တုတ်မှိတ်တုတ်ဖြင့်လင်းနေသည်။
(၃)
ခွေးများ ဟောင်လွန်းလှသည်။ခွေးကြောက်တတ်သော သူ့အဖို့ချွေးတွေတောင်ပြန်လာရသည်။တစ်ချို့အိမ်တွေ ခြံစည်းရိုးမလုံသဖြင့်ခွေးတွေက ခွေးတိုးပေါက်တိုင်းကနေ ပြေးပြေး ထွက်လာလိုက်ကြသည်များ တစ်ကောင်ကပင် နှစ်ကောင်အထက်များလာသည်။လက်နှိပ်မီးလေး ထွန်းလျှက်က လမ်းဘေးတွင်တွေ့ရသော ဒုတ်တစ်ချောင်းကို လက်နက်သဖွယ်ကောက်ကိုင်လိုက်ရသည်။
သူ့လက်ထဲတွင်မေမေ့အတွက်ချောင်းဆိုးပျောက်ဆေးနှင့် အပူကျဆေးတွေပါလာသည်။သည်ဆေးတွေသည်ပင်သူ အောက်ကျ နောက်ကျခံ၍ဝယ်လာရသောဆေးတွေဖြစ်သည်။
ရှုပ်ရှုပ်ယှက်ယှက်တွေဟူသော အကြည့်တွေနှင့်သင်ကာမကင်းရှိနေသော အကြည့်တွေက သူ့စာရိတ္တတွေကို မထီမဲ့မြင်ပြုနေသည်။ပိတ်ထားသော ဆေးဆိုင်ရှေ့တွင်မယောင်မလည်နှင့်မတ်တပ်ရပ်နေရင်း သူ့အသံနွဲ့နွဲ့ကလေးဖြင့်ဆိုင်ရှင်တွေကိုအသံပြုနေရသည်။တိတ်ဆိတ်သော ညသည်သူ့အသံကြောင့်နိုးထမလာ။ ကံကောင်းထောက်မစွာဖြင့်ကားတစ်စီး ဆေးဆိုင်ရှေ့ထိုးဆိုက်လာသည်။
ကားပေါ်ကလူတွေပျာယာခတ်နေကြသည်။ဆေးဆိုင်တံခါးကို တဘုန်းဘုန်းထုသည်။အော်ခေါ်သည်။အထဲက ချောက်ဟူသော ချက်ချသံကိုကြားလိုက်ရသဖြင့်သူပါဝမ်းသာသွားရသည်။
“ဘာလဲ“
“ဆေးလိုလိုပါ။ “
“ဘာဆေးတွေလဲ“
“ဒီမှာ ဆေးရုံက ဆရာဝန်တွေရေးပေးလိုက်တဲ့ ဆေးစာပါ“
လိုချင်သည့်ဆေးတွေရသည်နှင့်ကားငယ်လေးသည် မြှားတစ်စင်းပမာ လစ်ခနဲမြင်ကွင်းမှပျောက်သွားသည်။ခုမှသူ ဆေးဆိုင်ရှေ့သို့ရောက်နေရခြင်းအကြောင်းကို အမှတ်ရသည်။ကပျာကယာဖြင့်ပင်တံခါးကို ဆွဲပိတ်နေပြီဖြစ်သော ဆေးဆိုင်ရှင်ကို လှမ်းတားလိုက်ရသည်။
“ဟို ချောင်းဆိုးပျောက်ဆေးနဲ့အပူကျဆေးလိုချင်လို့ပါ“
သူ့ကိုကြည့်သော အကြည့်တွေသူမကြိုက်ပါ။
“ပိုက်ဆံဘယ်လောက်ပါသလဲ“
“တစ်..တစ်ထောင်ပါ“
“ပေး သုံးကြိမ်စာကြည့်ထည့်ပေးလိုက်မယ်“
ဆေးဆိုင်ကအပြန်သူ့ခြေလှမ်းတွေသွက်နေသည်။လမ်းတွင်လူသူလေးပါး ကင်းမဲ့နေသည်။တစ်ချက်တစ်ချက်လမ်းသွယ်လေးဆီမှာ ပြေးပြေးထွက်လာသော ခွေးလေ ခွေးလွှင့်များမှာလွဲ၍ မည်သည့်သက်ရှိမျှမတွေ့မိ။ ရပ်ကွက်ထိပ်ကင်းတဲနားသို့သူရောက်လာသည်။ကင်းသမားတွေသံသေးသံကြောင့်ဖြင့်ညသန်းခေါင်ကိုနှိပ်စက်လျှက်သီချင်းအော်ဆိုနေကြသည်။ကင်းတဲတွင်လူ လေးယောက်ခန့်ရှိမည်ဟု သူသိသည်။သူတို့ရပ်ကွက်ထိပ်သည်မှောင်မည်းနေသည်။မီးမပါရေမပါသော အိမ်ဌားတွေသည်ရပ်ကွက်ကလေးတွင်စုပြုံနေသည်။
“ဟေ့ရပ်လိုက်စမ်း“
သူ ထိတ်ခနဲဖြစ်သွားရသည်။ကင်းသမားက လက်နှိပ်မီးဖြင့်သူ့ကိုထိုးကြသည်။ ပြီးတော့
“ဟေ့ကောင်တွေရှေ့ကဘယ်သူများလဲ မှတ်တယ်..။ဖရဲသီးစိတ်သည်ကလေးပါလားဟေ့“
သူ့မျက်နှာတွင်ချွေးသီးချွေးပေါက်များ သီးထလာသည်။သူနှင့် ခြေဆယ်လှမ်းအကွာတွင်ကင်းသမားတစ်စု…။
(၄)
မေမေဆေးသောက်ပြီး ပြန်အိပ်ပျော်သွားပြီ။ သူလုပ်ခဲ့သော လုပ်ရပ်သည်မှန်သလား မှားသလား ခုချိန်ထိ ဝေခွဲမရဖြစ်နေသည်။ အချိန်သည်မနက်သုံးနာရီကိုပြနေသည်။လှိုက်ဖိုနေသော ရင်ဘတ်ကြီးသည်ခုထိ ဖုလိုက်ဖောင်းလိုက်ဖြစ်နေဆဲ။ စောစောက မေမေ့ကိုဆေးတိုက်သည်ပင်တုန်ယင်နေသော လက်အစုံကို သတိကြီးစွာထားလျှက်ရေခွက်ကို မနည်းမနှောကိုင်ထားခဲ့ရသည်။အဖျားကြီး၍ မျက်လုံးပိတ်လျှက်မှိန်းနေရသော မေမေ့ကို သူကျေးဇူးတင်သည်။သို့မဟုတ်လျှင်သူ့မျက်နှာထက်ဆီမှစိုးရိမ်ပူပန်မှုများ၊ ကြောက်ရွံ့အားငယ်စိတ်များကို မေမေ တွေ့သွားပေလိမ့်မည်။နံနက်မိုးသောက်လျှင်ခင်နှင့်သူမတွေ့နိုင်တော့။ရခဲလှသော ဘဝကြီးတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင်ကပြောင်းသိ ကပြောင်းပြန်ဖြစ်အောင်လုပ်ခဲ့ပါသော သူ။ သည်ရပ်ကွက်ထဲတွင်ရှိမနေလောက်တော့။
ခင်ပေးသော ငွေတစ်ထောင်သည်မေမေ့အတွက် ဇီဝိတဒါနတစ်ခုဖြစ်သွားခဲ့သည်ဆိုလျှင်ခင်ကျေနပ်နိုင်ပါလိမ့်မည်။ခင်သူ့ကိုခွင့်လွှတ်လိမ့်မည်ဟု သူ ထင်သည်။
နားထဲတွင်
“ဟေ့ကောင်တွေရှေ့ကဘယ်သူများလဲ မှတ်တယ်..။ဖရဲသီးစိတ်သည်ကလေးပါလားဟေ့“ဆိုသည်ကိုပြန်ကြားယောင်မိသည်။
(၅)
လူလေးဦး သူ့အနားရောက်လာကြသည်။သူ့နှာခေါင်းဝတွင်အရက်နံ့ကချဉ်ချဉ်စူးစူးဖြင့်ထောင်းခနဲ။ ခြေလှမ်းတွေက ယှိုင်တိုင်တိုင်အခြေအနေ။
“သြော်ဘယ်သူများလဲမှတ်တယ်မိအုန်းကြည်သား အခြောက်ကလေးကို၊ ဟေ့ကောင်တွေကြည့်စမ်း ဒီကောင်က ဒီလိုတော့လည်း မိန်းမချောချောသားဟ၊ ကြည့်စမ်း၊ ကြည်စမ်း“
သူ့မေးစေ့ကို လက်ကြမ်းကြမ်းကြီးဖြင့်ကင်းသမားအဖော်တွေကို ဆွဲပြနေသည်။သူကြောက်နေပြီ။ တစ်ကိုယ်လုံး တုန်ရီလာခဲ့ပြီ။ သွေးတို့ခေါင်းတွင်လာလာဆောင့်နေပြီ။
“ဟုတ်သားဟ၊ ကြည့်ဦး ကိုယ်လုံးကိုယ်ပေါက်ကလဲ မိန်းမတစ်ယောက်လိုပဲကွ။နေပါဦး မင်းက ဒီအချိန်ကြီး ဘ.ယ်က ပြန်လာတာလဲကွ။ ပြောစမ်းပါဦး ၊ ကိုကြီးတို့ကို“
သူ့ပခုံးကိုသိုင်းဖက်လာသည်။သူတစ်ဘက်ကိုယှိုင်သွားခဲ့သည်။
“ဆေး…ဆေး..ဆေးဆိုင်ကပါ။“
“ဘာဆေးဆိုင်ဟုတ်လား။ မင်းကွာ လာလိမ်နေသေးတယ်။မင်းတို့အထာတွေငါတို့နှပ်နေပြီကွ“
“တ….တကယ်…တကယ်ပြောတာပါဒီ …ဒီမှာ ဆေးတွေပါ“
သူပြသော ဆေးထုတ်တွေကိုကြည့်ပြီး တစ်ယောက်က အော်ရယ်သည်။
“ဟား……ဟား…ဟား…..ဟား ဟေ့ကောင်တွေ “
“ဟေ “
“မလောက်လေး မလောက်စား အခြောက်က ငါတို့ကို လာလိမ်နေတယ်ဟေ့။ငါတော့သိပ် စိတ်မရှည်ချင်တော့ဘူး…။“
“ဒီတော့“
သူတို့မျက်လုံးတွေခက်ထန်နေသည်ဟု သူထင်လာသည်။ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေမြဲ တိတ်ဆိတ်နေ၏။ သူ့တစ်ကိုယ်လုံး ပူထူလွန်းလှသည်ဟု ခံစားမိသည်။
“ဇာတ်တူသားချင်းစားရင်ပိုချိုတယ်ဆိုကွ“
“သဘောပေါက်ပြီကွာ လာစမ်း“
သန်မာသော လက်ကြီးနှစ်ဖက်က သူလက်မောင်းသေးသေးလေးကိုဆွဲပြီး ကင်းတဲအနောက်ဘက် ခြုံစပ်သို့ဆွဲခေါ်သွားခဲ့သည်။သူ ရုန်းကုန်ပြီး ပြေးဖို့ကြိုးစားသည်။ပါးစပ်ကလည်း။
“လင်း လင်းကို ဘာမှမလုပ်ပါနဲ့။လင်းအဲလို လူမဟုတ်ဘူး။ လင်းကို လွှတ်ပေးပါမေမေ မေမေ ဖျားနေတယ်လင်းကိုလွှတ်ပေးပါဟီး…ဟီး..ဟီး“
သူတို့ရမ္မက်သွေးများသည်ဆာလောင်မွတ်သိပ်နေကြလျှက်သူ့စကားသံကိုမျှမကြားတော့ပဲ အရှက်တရားကင်းမဲ့လျှက်အတွေ့ထူးတစ်ချို့ကို ဝိုင်းဝန်း စားသောက်ခဲ့ကြသည်။လူလေးဦးနှင့် လူတစ်ဦး ဘယ်မှာ အင်အားမျှမည်နည်း။
(၆)
မျက်စိရှေ့သွေးအိုင်ထဲတွင်မှောက်ယက်လဲနေကြသော လူလေးဦး။ ထင်းခွဲပုဆိတ်ကိုကိုင်ထားသော သူ မလှုပ်မယှက်ကြီးကြည့်နေမိသည်။သူ့ပုဆိုးလေးတစ်ထည်လုံး အညစ်အကြေးများနှင့် ပေကျံနေသည်။
စောစောတုန်းက သူ ထိုလူလေးဦးလက်မှရုန်းထွက်လာခဲ့သည်။ကင်းတဲနားအရောက်သူ မီးပုံဘေးရှိ ထင်းခွဲပုဆိန်ကိုတွေ့လိုက်ရသည်နှင့်ခြေလှမ်းများတုန့်ခနဲရပ်သွားခဲ့သည်။ ဘဝတွင် ဝဋ်ကြွေးရှိခဲ့၍ ပြန်လည်ပေးဆပ်နေရသော သူ့အဖြစ်က ခုတော့ရှက်ခြင်းကြောက်ခြင်း၏ အခြားတစ်ဖက်မှာ အစွန်းရောက်ခဲ့ရပြီ။ လက်ထဲတွင်မေမေ့အတွက်ပါလာသော ဆေးထုပ်ကလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
သူ စိတ်ထဲတွင်တစ်ခါမှမဖြစ်ဖူးသော မပေါ်ပေါက်ခဲ့ဖူးသော စိတ်ဓါတ်တို့ရှင်သန်လာသည်ဟု ထင်နေသည်။ယုံကြည်မှုတစ်ခုသည်ခုမှ ဖြစ်တည်လာရသည်။
မျက်ဝန်းများဆီမှာ မျက်ရည်တွေတစိမ့်စိမ့်ထွက်လာနေသည်။သူ့အကျီၤတစ်ခုလုံး စုတ်ပြဲနေသည်။မက်မောစရာမရှိသော ပုရိသယောကျာ်းတစ်ယောက်၏ရင်ခွင်တစ်ခုကို အဆန်မရှိသော ဟန်ဖြင့်ခုဖြည့်ဝတ်ထားခဲ့သောဇာဘော်လီပင်တစ်ပိုင်းတစ်စပေါ်နေ၏။ သူ အကျီကို ဆွဲချွတ်လိုက်သည်။ထို့နောက်ဘော်လီကို ..။
ပုဆိုးကို ပုဆိုးလို သူဝတ်သည်။ မိန်းမပုံပုဆိုးဝတ်ပြီး မှောက်ယက်လဲခဲ့သောနေ့လည်ခင်းတစ်ခု။ ဖရဲဆိုင်က မဲ့ကာရွဲ့ကာဖြင့်နောက်နေ့မလာနဲ့ဟုပြောသော မြင်ကွင်းတစ်ခု။ ဆေးဆိုင်က ကြည့်သော အကြည့်။ ပြီး ခင်၏ မျက်ဝန်းဆီမှာရိပ်ရိပ်ပြေးနေသော အကြင်ပါသော စာနာနှစ်သိမ့်နားလည်မှု..။
သူ ပုဆိန်ကိုကိုင်မိလိုက်ချိန်တွင်ဘာကိုမှမသိတော့။
စောစောက ခြုံထဲကို တရှိန်ထိုးပြေးဝင်ပြီး မူးငိုက်နေသော လူလေးဦးကို အပိုင်းပိုင်းခုတ်ချလိုက်သည်။သွေးတို့ဖျာခနဲ။ သူ့ပါးစပ်က
“ဇာတ်တူသားစားရင်ပိုချိုတယ်ဆိုတာ မဟုတ်ဘူး..အဲဒါဇာတ်တူသားစားလို့ဟင်္သာ ကိုးသောင်း ပျက်စီးတာကွ..။အဲဒါဟင်္သာကိုးသောင်းဒီလိုပျက်စီးတာကွ။ဇာတ်တူသားစားလို့ကွ…ကဲ..ကွာ…ကဲကွာ..ဟီး…ဟီး..ဟီး“
သော်ဇင်(လွိုင်ကော်)
ရွှေအမြုတေမဂ္ဂဇင်း၊ ဩဂုတ်၊ ၂၀၁၄
https://www.facebook.com/tzloikaw/photos/a.487689207966617/3104261672976011/
No comments:
Post a Comment