စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။ လက်ထဲမှာတင်းကျပ်စွာ ဆုပ်ကိုင်ထားတဲ့လက်ကလေးတစ်ဖက်ကို ရုတ်ချင်းဖြေလျော့ပစ် လိုက်တာတောင်သူက မြင်ဖြစ်အောင်မြင် လိုက်သေးတယ်။ဟင့်အင်းမလာပါနဲ့။ကျေးဇူးပြုပြီး ခြေလှမ်းတွေ အဲဒီမှာရပ်ပါ။ကျေးဇူးပြုပြီး သူ မမြင်ချင်ယောင် ဆောင်သွားပါတော့လား။
~~~~~~~~~~~~~~~~~~
၁။ ။
“အစ်မဆုံးပြီ” တဲ့။
လက်ဖျားတွေအေးစက်သွားလိုက်တာများ ဖူး ကိုယ်တိုင်နားနဲ့ကြားရတဲ့အတွက်မူးမေ့ချင်သလို။ သတိထားစမ်း။ ဒီနွေဦးမှာ အစ်မအတွက်သေချာတယ်လို့အားလုံးက ခန့်မှန်းကြ ပြောခဲ့နေကြတာ ဖူး ကြားရဲ့သားနဲ့။ မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်နဲ့ဖူး မငိုမိအောင်တော်တော်ကြိုးစား ယူနေရတယ်။နင်မငိုနဲ့ ဖူး မနက်ဖြန်တွေမှာ မျက်လုံးပေါင်းများစွာရဲ့အကြည့်တွေကို နင်ပူပြင်းနေအောင်ခံယူရဦးမယ်။နောက် အဝေးကနေရောက်လာမယ့်မေမေ့ရဲ့ရှက်ဒေါသနဲ့သောကဗျာပါဒတွေကို နင်မြင်ရဦးမယ်။ ပြီးတော့ရိုးသားလှတဲ့ဖေဖေ့ရဲ့နံရံကိုပစ်ဖောက်ခွင်းမယ့်လက်သီးတွေကို နင့်ခန္ဓာပိန်ပိန်ပါးပါးနဲ့ဆွဲလွဲရဦးမယ်။ခုချိန်မှာ ငိုလိုက်လို့လျော့သွားမယ်ခွန်အားတွေနင်ချန်ထားစမ်း မိဖူး။
တဆတ်ဆတ် တုန်ယင်နေတဲ့ နှုတ်ခမ်းတစ်စုံကို လက်ဖဝါးနဲ့အုပ်ပြီး နင်မငိုရဘူး ဖူး လို့သတိပေးရပြန်တယ်။မိုးသားပြာ ကောင်းကင်ကြီး ကို နင်ကြည့် မသွားတော့ဘူးလား အစ်မ။ လာပြီ သက်ပျောက်တရားနာဖို့သံဃာတော်တွေကြွချီလာကြပြီ။ ဘာသံကိုမှ မကြားရဘူး။ လက်အုပ် နှစ်ဖက်ချီပြီးတော့ကျောက်ရုပ်လို မလှုပ်မယှက် နေနေမိတယ်။ဒါတောင်ဘယ်သူမှန်းမသိတဲ့လက်တစ်စုံ ဖူး ပခုံးကိုဖေးမ မတ်တပ်ရပ်စေမှ သတိကဝင်လာတာ။အစ်မအလောင်းကို ပြင်ဆင်နေပုံကို ဖူးမကြည့်ချင်ဘူး။ ပြီးတော့သိမ်ငယ်စိတ်။
အထပ်ထပ် ထုတ်ပိုးနေကြတာကို ဖူးမတားမိဘူး။ လောကရဲ့ သန့်ရှင်းစင်ကြယ်တဲ့လေဟာနယ်ထဲမှာ ဘာကို မပျံ့နှံ့စေချင်တာလဲ။ ဖူးတို့အိမ်လေးမှာ လူသူက သိပ်မရှိဘူး။ မိတ်ရင်း ဆွေရင်းတွေလောက်ပဲ ရောက်နေတော့အစ်မကို မချိတင်ကဲလေသံနဲ့ဖူး တမ်းတပြောမိရပြန်ရော။ အဲဒီအသံနောက်မှာ ဂရုဏာဒေါသသံပါရင်လည်း နင်ခွင့်လွှတ်ပါအစ်မရာ။
“နင်ခင်လှပါတယ်ဆိုတဲ့နင့်သူငယ်ချင်းတွေ ငါ့အိမ်က လေကိုရှူမိမှာစိုးလို့တဲ့အစ်မရေ။ နင်ဖြောင့်ဖြောင့်သွားတာ အရေးမကြီးဘူး။ ငါ အဲဒီမျက်ဝန်းတွေကို မသသီဘူး အစ်မ၊“
~~~~~~~~~~~~~~~~~~
၂။ ။
ခုချိန်မှာ ဖူး ကြားချင်တဲ့ စကားတွေဟာ လူသားချင်းစာနာပြီး နှစ်သိမ့်ပေးတဲ့စကားတွေကိုပဲ။ ကြီးစဉ်ငယ်လိုက်ဖေးမတွဲကူ ဆုံးမကြရတာဟာ လောကရဲ့ဓမ္မတာ မဟုတ်ဘူးလားလို့မေမေ့ကို ဖူးမမေးချင်ဘူး။ ဒီကနေ့က အစ်မရဲ့ရက်လည်နေ့။ဒီနေ့မှာပဲ မေမေပြောလာတဲ့ စကားတွေဟာ ဖူး အတွက်ခါးနေတယ်။ဖေဖေက အစ်မမြေချတဲ့ ရက်မှာပဲ ရှက်လွန်းတယ်ဆိုပြီး ကောက်ခါငင်ခါပြန်သွားတယ်။ဖေဖေ တိတ်ချစ်တဲ့အစ်မအတွက်ဖေဖေ့ရဲ့နောက်ဆုံး အချိန်မှာ ဖြည့်တင်းပေးမှုက လျစ်လျူရှုခြင်း။ မေမေကလည်း ထိုနည်းလည်းကောင်းပဲ။ ဖူးကို မေမေ ပြောလို့ဝပြီးလား။ မေမေ့ပါးစပ်တွေပိတ်သွားတဲ့အချိန်အထိ ဖူးစောင့်နေလိုက်တယ်။
“မေမေ့မြေးအတွက်“
“ညည်းနဲ့ထားခဲ့မှာ ဖူး“
“ရှင်“
“ငါ ဘယ်လိုမျက်နာနဲ့ ဒါသေသွားတဲ့ ငါ့သမီးရဲ့ရောဂါသယ်မြေးလေးပါလို့အရပ်ထဲပြမွေးရမလဲ။ သမီးတစ်ကောင် နွားတစ်ထောင်တဲ့။ပြောမရဆိုမရတဲ့မိန်းမ။ ခုသေတဲ့အထိတောင် ငါ့တို့မျက်နာကို အိုးမည်းသုတ်ပြီး လူမမည်ကလေး တစ်ယောက်ကို ထားသွားခဲ့သေးတယ်။နင့်အစ်မ မိုက်လိုက်တာ။ ဘယ်မလဲ ငါတို့သိက္ခာ။ ပြီးတော့ဒီကလေးကို ဘယ်လိုပြုစုစောင့်ရှောက်ရမှာလဲ။ ဒီကလေးမှာလည်း နင့်အစ်မလို“
“တော်ပြီမေမေ။ ဖူးနဲ့ဒီကလေးကို မေမေထားခဲ့ချင်တာမလား။ ရတယ်ထားခဲ့လိုက်။ “
“ဟဲ့ညည်းလေသံက ဘာလဲ။ ညည်းလည်း အစ်မတစ်ယောက်လုံးမပြောမဆိုလွှတ်ထားခဲ့တာ။ ညည်းအစ်မသေတာ ညည်းစနက်လည်းမကင်းဘူးသိလား။ “
“မေမေ အဲလိုမပြောပါနဲ့။လူတွင်ပါမှ နွားကျားကိုက်တာပါ။အစ်မလိုခေါင်းမာတဲ့သူကို မေမေမပြောနဲ့ဖေဖေရော ထိန်းရခဲ့လို့လား။ ဖူးလို့အငယ်တစ်ယောက်က မိချောင်းမင်း ရေကင်းပြသလိုသွားလုပ်လို့ရမတဲ့လား မေမေတွေးကြည့်ပါဦး။ မေမေ့ကို ဖူး လိုရင်းပဲမေးမယ်။ဒီကလေးကို ဖူးမွေးရမှာလား စွန့်ရမှာလား။“
မေမေဘာမှပြောမသွားခဲ့ဘူး။ ခုတော့ရက်လည်လည်းပြီးတော့အိမ်ကြီးဟာ တိတ်ဆိတ်နေတယ်။ဖူး ဘာလုပ်ရမလဲ။ ပုခက်ထဲထည့်သိပ်ထားတဲ့တူလေးအတွက်ဖူးဘာကိုလုပ်ရမလဲ။ ဖူးမှာ တိုင်ပင်စရာ အပေါင်းအဖော်တွေလည်း မရှိတော့ဘူး။ အစ်ကိုမြေချမယ့်ရက်က ဖူး သူငယ်ချင်း နှင်းအိ လာတယ်။ဖူး နှင်းအိကိုမြင်တော့အားတက်သရောဖြစ်သွားလိုက်သေးတာ။ နှင်းအိက အသုဘအိမ်တွေသွားရင်သုံးတဲ့လက်သုံးစကားအတိုင်း စိတ်မကောင်းကြောင်းတွေပြောတယ်။ ပြီးတော့ဖူး ကိုလည်း အားနှစ်သိမ့်လိုက်သေးတယ်။အဲဒီစကားတွေထဲက ဖူး နှင်းအိရဲ့စကားတစ်လုံးကို မှတ်မိနေတယ်။
“ဖူး သူငယ်ချင်း၊ နင်စိတ်အားမငယ်နဲ့နော်။ ငါ ကြားလာတဲ့စကားတွေက နင့်အတွက်လည်း မကောင်းနေဘူး။ဒီနေ့မှ ငါမမေးချင်ပါဘူး။ ဒါပေမယ့်စကားလုံးကို သဲသဲကွဲကွဲ သိချင်နေတာတော့အမှန်ပဲ။ နင့်အစ်မလိုမျိုး နင့်ကိုလည်း ရပ်ကွက်ထဲက ပြောနေကြတဲ့အပေါ် ငါနင့်သိက္ခာကိုငဲ့ပြီး မယုံချင်ဘူးဟာ။ နင်အဲလိုမဟုတ်ဘူးမလား“
ဖူး နှင်းအိရဲ့လက်ကလေးတွေကို ဖြေချလိုက်တယ်။မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာတာ ထိန်းမရ။ အစ်မ ကဲ ခုတော့ဘယ်လိုရှင်းမလဲ ဖူးရဲ့အရှက်နဲ့သိက္ခာကို အစ်မ ခု မကာကွယ်နိုင်ဘူးမလား။ ပတ်ဝန်းကျင်ဆိုတာ ကဲ့ရဲ့ခုနှစ်ရက်၊ချီးမွမ်းခုနှစ်ရက်ဆို။ တစ်အိမ်တည်းနေတဲ့ညီအစ်မ နှစ်ယောက်အတွက်တစ်ယောက်ရဲ့သိက္ခာပွန်းပဲ့မှုက နောက်တစ်ယောက် အပေါ်မှာလည်း အရိပ်မည်းကြီးဆိုတာ အစ်မ နင်မသိဘူး။
“နင်အဲလို မဟုတ်ဘူးမလား“
နှင်းအိရဲ့စကားလုံး။ တူလေးရဲ့ပုခက်နားကိုထိုင်ချပြီး အိပ်မောကျနေတဲ့မျက်နာလေးကို နမ်းလိုက်တယ်။ဖူး မျက်ရည်က တူလေး ပါးပေါ်မှာ ပူနွေးနေလိမ့်မယ်။နောက်ထပ်ဖူးအတွက်ရလဒ်မကောင်းတဲ့စကားလုံးတွေကြားဖို့ခံနိုင်ရည်ရှိရဦးမယ်။အိမ်ပြင်ဘက်မှာ နွေဦးက လေရူးတွေနဲ့ရဲရဲရင့်ရင့် ဝေ့ဝှက်လို့ဖူးစိတ်တွေကို မျက်ရည်မြစ်တွေကြား လက်ပစ်ကူးစေခဲ့ပြီ ထင်ပါရဲ့။
~~~~~~~~~~~~~~~~~~
၃။ ။
“ဖူး ကို့ကို မထိနဲ့“
“ဆောရီး ဖူး“
ဆောရီး ဆိုတဲ့စကားလုံးနဲ့တော့ဖူး စိတ်ကို အရင်လို ခဏလေးနဲ့မပြေစေတော့ဘူး။ ဒီခဏလေးမှာ မောင်ဟာ ဖူးနဲ့ဝေးတော့မယ့် သူလို့ဖူး မြင်လာနေတယ်။ အစ်မ အပျိူကြီးတွေရဲ့ကြားမှာ ကြီးပြင်းလာရတဲ့ မောင့်မှာ သြဇာ လွှမ်းမိုးမှုတွေ ရှိနေခဲ့တာလည်း ဖူးသိသားပဲ။ ဖူး သတင်း၊ ဖူးရဲ့အစ်မသတင်းကို ဘယ်နေရာကပဲကြားရ ကြားရ လူတို့ရဲ့ ထုံးစံအတိုင်းပဲ မကောင်းတာကို အဟုတ်လို့မောင်အစ်မကြီးတွေလက်သင့်ခံကြမှာပဲ။ သူတို့ မောင်ကိုချစ်လွန်းလို့သာ မထင်ရင် မထင်သလို လုပ်တတ်တဲ့မောင့်အကျင့်ကြောင့်ဖူးကို သူတို့မောင်ရဲ့ချစ်သူအဖြစ်လက်သင့်မခံချင်ပဲ ခံထားရတာ။ ခု မောင်ကိုယ်တိုင်က ဖူး ကို။
“ဖူး သတင်းတွေကြားခဲ့ပြီးပြီလား မောင်“
တိတ်ဆိတ်စွာ ဘီလူးချောင်း တစ်ဖက်ကမ်းကို မောင်ငေးတယ်။ဟိုမှာ ဗေဒါပင်တွေလို့တော့အရင် နှစ်ဦးသား ကြည်နူးစဉ်ကလို မပြတော့ဘူးလား။
“အဲဒီ ရောဂါသယ်ကလေးကို ဖူးက တကယ်ပဲ မွေးစားတော့မှာလား။ “
“ဖူးမှာ ရွေးချယ်စရာလမ်းမရှိဘူး မောင်။ ပြီးတော့ဒီတူလေးရဲ့လတ်တလော နွေးထွေးမယ့်ရင်ခွင်ဟာ ဖူးရင်ခွင်မှမဟုတ်ရင်ဘယ်ရင်ခွင်မှမရှိနိုင်ဘူး။ နောက်ရောဂါသယ်ကလေးလို့မသုံးနှုန်းပါနဲ့မောင်။“
ဟက်ခနဲ မောင်လှောင်ရယ်တယ်။ ပြီးတော့
“ဖူး မှာလည်း အဲဒီရောဂါရှိနေပြီလား“
ဒါဟာ ဖူး ပါးပြင်ကိုဖြတ်ရိုက်လိုက်သလိုမျိုး နာကျင်စေတယ်။အရှိုက်ကိုထိစေတယ်။ဖူး ပြုံးမိရတော့တာပေါ့။ ဖူး ရဲ့အစ်မကိုမီပြီး ဖူးကိုယ်တိုင်အဲလိုမျိုးဖြစ်နေလိမ့်မယ်လို့မောင်တောင်အထင်သေးတတ်နေခဲ့ပြီကိုး။
“မစိုးရိမ်ပါနဲ့မောင်။မောင်ဖူးကို နမ်းပဲ နမ်းဖူးတာပါ။ဖူး မောင့်ကို ဒီထက်ပိုတဲ့ အခွင့်အရေး မပေးခဲ့ဖူးပါဘူး။ ဒီရောဂါက နမ်းရုံလောက်နဲ့တော့မကူးစက်နိုင်ပါဘူး။ သြော်ပြီးတော့အစားအသောက် တူတူစားလည်း မကူးဘူးနော်။“
ဖူး ရဲ့လေသံမှာ အနည်းငယ်ရွ့ဲ စောင်းနေမှာ သေချာတယ်။ ရင်ဘတ်ထဲမှာ တနုံ့နုံ့နဲ့ ။နောက်ထပ်မကြားချင်။မမြင်ချင်တော့ပါဘူး။ ဒီမျက်နာကိုကြည့်ပြီး ရင်ကွဲသလိုမျိုးလည်း ဖူးအဖြစ်မခံနိုင်တော့ဘူး။
လမ်းခွဲခြင်းလား ဘာလား ညာလားလည်း တိတိပပ မပြောဖြစ်ခဲ့ကြဘူး။ လတ်ဆတ်သန့်ရှင်းနဲ့မိန်းမမျိုးကိုပဲ မောင်လိုချင်နေလိမ့်မယ်။ဖူးက ခုချိန်မှာ မလတ်ဆတ်မသန့်ရှင်းတော့ဘူးလို့မောင်ယုံကြည်လိုက်သတဲ့။အစ်မ နင်ပြောတာ သိပ်မှန်တယ်။
“ ယောကျာ်းတွေက အညီတော့ကြိုက်ပါရဲ့အမွေးအကြိုင်လေးတော့ခပ်ထားဦးမှဆိုသလိုမျိုး ဖူးရဲ့။အသား ကောင်းစားတော့မယ် ဆိုရင်တောင်လတ်ဆတ်သန့်ရှင်းတာကိုပဲစားတာ။ နည်းနည်းလေး ညှီတယ်ဆိုတဲ့ အနံ့ကိုရကြည့်တန်းလစ်တာ။“ တဲ့။
ဒါပေမယ့်အစ်မရယ်နင်ခပ်တဲ့အမွေးအကြိုင်က ခု ဖူးမှာ စွဲကျန်ခဲ့တာတော့မကောင်းဘူး ဟာ။
~~~~~~~~~~~~~~~~~~
၄။ ။
အမြင်ကျဉ်းနေတဲ့ အတိုင်းအဝိုင်းကြားကနေ အစ်မဟာ အရှက်သိက္ခာကို ချနင်းပြီး ဖူး ကို ဘဝမှာ သက်တောင့်သက်သာဖြစ်အောင်ထားသွားခဲ့တယ်။မိန်းမသား တစ်ယောက်ရဲ့သွေးသားကို ရောင်းချပြီးမှအစ်မက ဒါဟာ ဖူးအတွက်လို့ ပြောခဲ့တာ ဖူး ဘယ်လိုမျိုးစိတ်မျိုးနဲ့တွန်းလှန်နိုင်ခဲ့မလဲ။
အစ်မ နင်မလုပ်သင့်ဘူးလို့ဖူး ဘယ်လောက်ပဲ ပေါက်ကွဲပြောပြော ရယ်ရယ်မောမောနဲ့အပြုံးမပျက် နုတ်ခမ်းဆိုးမပျက်အစ်မနေနိုင်ခဲ့တာပဲ။ အစက ကုန်ပွဲစား၊ နောက်ခြံပွဲစား၊ နောက်တော့ညစဉ်ဘီယာဆိုင်မှာ ပွဲစားတွေနဲ့စားစား လာခဲ့ရင်းကနေ အစ်မဟာ အိပ်တန်းပျံမလာတော့တာပဲ။
ဖူးနဲ့ နှစ်နှစ်ကြီး နှစ်နှစ်ငယ်မို့နင်နဲ့ငါညစဉ်ရန်ပွဲစခဲ့ရတာပဲ။ ဘာက အစ်မအတွက်အဆင်မပြေစရာလဲ။ လောကကြီးက အစ်မကို ဘာတွေလုပ်ခဲ့လို့လဲ။ ဖေဖေ မေမေတို့မပေးနိုင်ခဲ့တဲ့ ပြည့်စုံခြင်းကို အစ်မ ရူးမူးခဲ့တာလား။ဖူး မသိဘူး။ အစ်မက အဆောင်ကနေ ပြောင်းမယ်လို့ပြောတဲ့တစ်ရက်ဟောဒီလက်ရှိ ဖူးတို့နေတဲ့အိမ်ကို ရောက်လာခဲ့တာပဲ။ အဲဒီအိမ်မှာပဲ ဘယ်သူနဲ့ရမှန်းမသိတဲ့ခု တူလေးကိုမွေးတယ်။ ပြီးတော့ပေယျာလကန်ပဲ ဖူးနဲ့ပစ်ထားလိုက်ကာ အစ်မက နေမြဲအတိုင်း ပိုနေမြဲ ကျားနေမြဲပစ်လိုက်တယ်။
ဖူးက အစ်မကို ဘာတွေ လွန်ဆန်နိုင်တာမှတ်လို့။အစ်မက ဖူးကိုတော့ကာကွယ်ပေးခဲ့ပြန်တယ်။ အစ်မရဲ့တရားဝင်စံအိမ်လေးရှိတဲ့ အချိန်ကစလို့အစ်မနဲ့စရိုက်သူတွေက အိမ်မှာအပြည့်။ယောကျာ်း မိန်းမ ဖဲကစား ဘီယာ အရက်ဝိုင်အစ ဆေးလိပ်အဆုံး မရှုချင်မှအဆုံး။
ဖူး အဲဒီတုန်းက အိမ်ကထွက်ရင် ပျော်တယ်။ဒါပေမယ့်အိမ်ပြင်ရောက်တာနဲ့ မပျော်တော့ဘူး။ အစ်မအိမ်က နေထွက်လိုက်တာနဲ့ရိသဲ့သဲ့ယောကျာ်းလေးများရဲ့နောက်ပြောင်မှုတွေက ဖူးကို အရှက်ရနေစေခဲ့တာကိုး။
“အစ်မ ခြေရာနင်းမယ့်ညီမပေါ့“တဲ့။ အဲဒီလှောင်ထေ့ထေ့ စကားလုံးတွေထဲက မူကွဲထွက်လာတဲ့တစ်ချိန်မှာ မောင်ဖြစ်လာမယ့်ဖူး ရဲ့ချစ်သူ ဟာ ခုတော့လည်း သံတူကြောင်းကွဲ အဓိပ္ပါယ်များနဲ့ရွံ့ရှာသွားခဲ့ပြီ။
~~~~~~~~~~~~~~~~~~
၅။ ။
ကျေးဇူးပြုပြီး ခြေလှမ်းတွေ ရပ်တန့်ပေးပါ။ဆယ်စုနှစ် တစ်နှစ်စာလောက် မှဖူးက မိန်းမတွေထဲက မိန်းမကောင်း အဖြစ်ရပ်တည်ရုံလောက်နဲ့သူ့ခြေလှမ်းတွေဖူးဆီ လျှောက်လာရဲသတဲ့လား။ ဖူးလက်ထဲက လက်ကလေးတစ်ဖက်ကို ပြန်ဆုပ်ကိုင်လိုက်ပြီး ဖူး ခြေလှမ်းတွေရှေ့ဆက်ဖို့အားတင်းလိုက်တယ်။
သူနဲ့ခြေလှမ်း လေးငါးလှမ်းအကွာမှာ သူ ဖူးကို ကြည့်တယ်။ ပြီးတော့ဖူးရဲ့လက်ကလေးကို သူက လှမ်းဆုပ်ကိုင်မယ် အပြုမှာပဲ။
“ဖူး ကို မထိလိုက်ပါနဲ့မောင်“
~~~~~~~~~~~~~~~~~~
သော်ဇင်(လွိုင်ကော်)
ရင်နှင့်ရင်းသည့် နှင်းစက်များ စုစည်းမှု၊ နိုဝင်ဘာ၊ ၂၀၁၄
https://www.facebook.com/tzloikaw/photos/a.487689207966617/3103570876378424/