Sunday, October 9, 2022

ကာလာဘလိုင်းရဲ့လိပ်ပြာကြယ်



သဘာဝမီးအရောင်ကြောင့် လင်းနေတာမဟုတ်ဘဲ လူတို့ဖန်တီးပြုလုပ်ထားတဲ့ လျှပ်စစ်မီးအရောင်ကြောင့်လင်းနေတဲ့ အဲဒီမြို့ရိုးကို ကျွန်တော်ကြည့်ပြီး ရင်နာနေတယ် မေမေ။ လူတိုင်းစိတ်လွတ် လက်လွတ်ငေးမောခွင့်မရှိတဲ့ အဲဒီမြို့ရိုးကိုရှေ့ကို ကျွန်တော်မရောက်တာလည်း ကြာပြီမေမေ။ တစ်ခုတော့ရှိတယ်။ ဒါကတော့ ကျွန်တော် အပတ်စဉ်တိုင်း ဒီတောင်ပေါ်ကနေ အဲဒီမြို့ရိုးကို ငေးမောဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါ ဝေဝိုးနေတဲ့ မျက်ဝန်းထဲက မြို့ရိုးဟာ ကျွန်တော့်အတွက် တစ်ခုခုလိုအပ်နေသလိုပါပဲ။
၁။
အပူတွေရှပ်တိုက်ပြေးလွှားနေတဲ့ မန္တလေးမြို့ရဲ့ နေ့လယ်ခင်းဟာ ကျွန်တော့်ရင်ထဲက ဖြစ်တည်မှုအပူစုတွေကို ဖယ်ရှား မပစ်နိုင်တာကတော့ သေချာနေတယ်။ ဆိုင်ကယ်သံတွေဆူညံနေပြီး နန်းမြို့ရိုးရှေ့မီးပွိုင့်ထောင့်မှာ လူတွေပြွတ်သိပ်နေတော့ လူ့ပင်လယ်လှိုင်းလုံးကြီးဟာ တစ်ခုခုကိုရိုက်ခတ်တော့မယ့် အသွင်နဲ့ တာထွက်ဖို့ ဆိုင်းပြင်နေကြတယ်။ ဆိုင်ကယ်လီဗာလေးကို အသင့်အနေအထားဖြစ်အောင် ကိုင်ထားရင် မြင်နေရတဲ့ မီးနီလေး စိမ်းဖို့ စက္ကန့်ဒိုင်ခွက်ပေါ်က တရွေ့ရွေ့ အနုတ်လက္ခဏာဆောင်သွားတဲ့ ဂဏာန်းလေးတွေရဲ့ ရွေ့လျားမှုကိုကြည့်နေရတာလည်း ရင်တမမပါပဲ။ မျက်နာမှာ ဖုန်ကာနှာခေါင်းစွပ်ကိုတပ်၊ တရုတ်ဖြစ်မျက်မှန်လေးကို တပ်ဆင်ထားတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ဆိုင်ကယ် ဘက်မှန်ထဲကနေ မြင်နေရတယ်။ အဲဒီမျက်နာပေါ်မှာ တစ်ခုခုကိုဆိုးထင့်မှုတွေတွေ့မလားလို့ရှာဖွေရင်း ပူပြင်းလှတဲ့ မန္တလေးနေရဲ့ အောက်မှာ သက်ပြင်းတွေချနေမိတယ်။ မီးစိမ်းလေးတစ်ချက်လင်းလိုက်တာနဲ့ ဝေါခနဲထွက်သွားတဲ့ ယာဉ်တန်းနောက်မှာ အလိုက်သင့် လီဗာဆွဲရင်း ကျွန်တော်သွားနေတဲ့ လိုရာခရီးဟာ ဘယ်ကိုများလဲလို့ ပြန်မေးနေမိတယ်။ နားထဲမှာလဲ မေမေ့ရဲ့စကားသံတွေက ပဲ့တင်ထပ်လို့။ စိတ်မကောင်းခြင်းကြီးစွာနဲ့ စိတ်ထဲက ကျွန်တော့်ကိုခွင့်လွတ်ပါ မေမေလို့ လမ်းတလျှောက် တွေးနေ ပြောနေမိခဲ့တယ်။ မေမေကတော့ ကျွန်တော့်မျက်နာထက်က အပူအပင်တချို့ကို မရိပ်မိဘဲ တွေ့တိုင်းဆုံးမနေကျစကားတွေကိုသာ ပြောခဲ့တာပါပဲ။ ဒီတစ်ခေါက်အမေ့ကိုတွေ့တော့ မျက်နာလေးချောင်ကျနေတဲ့ ကျွန်တော့်ကို တွေ့တွေ့ချင်း
“အရမ်းပူလို့လား အသားတွေလည်း မည်းသွားသလိုပဲ“လို့ဆိုလိုက်တော့ ငိုချချင်နေတဲ့စိတ်ကိုထိန်းရင်း မုသားစကားတွေနဲ့ ကျွန်တော့်ကို ကျွန်တော်ကာကွယ်ခဲ့ရတယ်။
“အရမ်းပူတာပဲ မေမေ၊ ခုတောင် မရောက်တာကြာလို့ မေမေ့ဆီလာခဲ့တာ၊ အလုပ်သစ်ကလည်း ထင်သလောက် အဆင်မပြေဘူးလေ၊ အဆောင်ကလည်း စရိတ်တွေတက်တော့ တခြားအဆောင်ပြောင်းဖို့ ရွှေ့ဖို့ပြင်ဆင်ရတာလည်း စိတ်ပင်ပန်းလို့နေမှာ“ လို့တခါမှ ကိုယ့်အခက်အခဲတွေကိုမပြောပြဖူးဘဲနဲ့ ခုတကြိမ်တော့ ဟန်ဆောင်ပြောရတာ လိပ်ပြာတော့မလုံချင်ဘူး။ မေမေကတော့ မရိပ်မိပါဘဲ ကျွန်တော်ပြန်ခါနီး ရော့အင့်ဆိုပြီး မုန့်ဖိုးတွေထည့်ပေးတော့ ပိုဝမ်းနည်းရတယ်။ ကျွန်တော့်ရဲ့လက်ရှိဖြစ်ပျက်နေတဲ့ အခက်အခဲကိုသာ မေမေသိရင် ဘယ်လောက်တောင် ပြောဆိုမလဲဆိုတာ မသိပေမယ့် အရှက်သိက္ခာကြီးတဲ့ မေမေ ကိုယ့်ကိုကိုယ်သတ်သေမလားဆိုတဲ့ စိုးရိမ်စိတ်ကြီးဝင်လာ မိတယ်။ ဒါကြောင့်ပဲ ညအိပ်ပါလားလို့ မေမေ ပြောတာကို ခေါင်းခါပြီး
“နေ့ချင်းပြန်ပဲလာခဲ့တာ မေမေ မောင်လေး ရော အိမ်မှာမရှိဘူးထင်တယ်။ ကျွန်တော်လာသွားတယ်လို့ပဲပြောလိုက်၊ နောက်တစ်လလာရင် သူကြိုက်တဲ့ ကြေးအိုးဝယ်လာခဲ့မယ်လို့နော်၊ “
မေမေ့ကိုလက်ပြ နုတ်ဆက်ပြန်ခဲ့တဲ့အချိန်မှာ ကျွန်တော်ဝမ်းနည်းမဆုံးပါပဲ။ ဘာကြောင့်လဲမသိတဲ့ခံစားချက်တွေနဲ့ စိတ်တွေလေထဲမှာ လွင့်မျောနေသလို ကိုယ်နဲ့စိတ်ဟာ ကင်းကွာနေတယ်။ ၇၈ လမ်းမထက်ကနေ သိပံလမ်းမဖက်ကို ချိုးဝင်လိုက်တဲ့အချိန် မြင်နေရတဲ့ ဗိုလ်ချုပ်ရွာဘက်က တိုက်တာတွေကို ကျွန်တော်ကြည့်ပြီး ဒီကနေ့အတွက် အဖြေတစ်ခုခုကို ရအောင်ယူဖို့ စဉ်းစားနေမိတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော့်ကြောင့် သောကတွေဝေကုန်မယ့် အဖြစ်ကြီးက မကြာခင်ရောက်လာတော့မယ်လေ။
၂။
တွေ့ခဲ့တာကတော့ နန်းမြို့ရိုးရဲ့ရှေ့မှာ။ မနက်စောစော စက်ဘီးစီး ထွက်ခဲ့တဲ့ ဝေလီဝေလင်း အချိန်တွေမှာ လေ့ကျင့်ခန်း လုပ်နေတဲ့ လူတွေ တစ်ယောက်စ နှစ်ယောက်စကို နန်းရှေ့ ပလက်ဖောင်း တလျှောက်တွေ့နေရတယ်။ ခုလို ဒီဇင်ဘာလ အတွင်း မန်းမြို့က မန်းသူမန်းသားတွေ အားကစား လုပ်နေတဲ့ အချိန် ကျွန်တော်က ကျုံးရေပြင်ကိုကြည့်ပြီး တစ်ကိုယ်တည်း ငိုင်နေခဲ့တဲ့ အချိန်မှာ ပတ်ဝန်းကျင် တစ်ခုလုံးကို မေ့နေမိတယ်။ လမ်းတလျှောက်မြင်နေရတဲ့ အားကစားလုပ် သူတွေကို မြင်ရတော့ မတူညီတဲ့ အမြင်တွေကြားထဲ ကျွန်တော်ကိုယ်တိုင် ေ၀ဝါးနေတဲ့ စိတ်တွေလည်း ရှိနေချိန်ပေါ့။ ကျွန်တော် မန်းကိုမလာခင်တုန်းက မန်းမြို့သူ မေမေက တဖွဖွပြောခဲ့တဲ့စကားတွေကို ခုနေပြန်ကြားယောင် မိတော့ လက်ရှိ မန်းသူတွေကို မေမေ မြင်မယ်ဆိုရင် ဘယ်လိုတွေပြောမှာပါလိမ့်လို့ တွေးလိုက်မိသေးတယ်။ မန်းမြို့သူဆိုရင် မေမေက အရင်တုန်းကလို ရွှေခြေကျင်းလေးဝတ်ပြီး စက်ဘီးလေးစီးနေလိမ့်မယ်လို့ အရင်နှစ်ကအထိ ထင်နေတုန်းလေ။ မန်းသူတွေ ကျွန်တော် ကျွန်တော်လို့ပြောတတ်တာကို မေမေ့ဆီက ကျွန်တော်အမွှေရခဲ့တာပေါ့။ ငယ်ငယ်လေးတုန်းက ယောကျာ်းလေးတစ်ယောက်လိုနေရတာကိုနှစ်သက်တဲ့ ကျွန်တော်က မိန်းကလေးဖြစ်ပြီး ကိုယ့်ကိုကိုယ် ကျွန်တော်လို့သုံးနှုန်းခွင့်ရတာကိုကျေနပ်တယ်။ ဒါပေမဲ့ မေမေပြောတဲ့ မန်းသူတွေ ဘယ်လောက်ထိ ယဉ်ကျေးသိမ်မွှေ့ပြီး မိန်းမပီသကြတယ်ဆိုတဲ့ အသိကိုတော့ ကျွန်တော်က လိုက်နာမကျင့်သုံးခဲ့ပါဘူး။ ခေတ်နဲ့ လျော်ညီမှ ခေတ်ရဲ့သမီးပျိုပီသမှာလို့ ကျွန်တော်က တွေးထားတာ။ ဒါကြောင့် မန်းမြို့မှာ အဆောင်လာနေပြီး ကျောင်းတတ်ခွင့်ရတော့ ပိုပျော်တာပေါ့။ ဆိုင်ကယ်တစ်စီးအတင်းပူဆာပြီး အဆောင်နဲ့ကျောင်းအပြင် မန်းမြို့တခွင် အနံ့ခြေဆန့်ခဲ့ကြတယ်။
မေမေရှေ့မှာဝတ်ခွင့်မရတဲ့ ဘောင်းဘီတိုကပ်ကပ်တွေကို ကျွန်တော် နှစ်သက်လာတယ်။ ပြီးတော့ အကျီအတိုအပြတ်တွေအပြင် ချက်ပေါ် ဗိုက်ပေါ်အကုန်ကြိုက်လာပြီးတဲကနောက်ပိုင်း ကျွန်တော်ဟာ မိန်းမ ပီသမှန်းမသိ ပီသလာတယ်ဆိုတာကိုမေ့လာတယ်။ မေမေအိမ် တစ်ခေါက်ပြန်တိုင်း မေမေက သူ့သမီးကျွန်တော့်ကိုကြည့်ပြီး ချစ်သူရနေပြီလားလို့ သူငယ်ချင်းဆန်စွာ မေးတတ်လာတယ်။ အဲဒီလိုမေးတိုင်း ကျွန်တော်ကလည်း
“ချစ်သူတော့ မရှိသေးဘူး မေမေ၊ ရည်းစားတော့ရနေပြီ“ လို့ပြောတော့ မေမေ့အကြည့်တွေက ကျွန်တော့် အပေါ်မာသွားလိုက်တာ တင်းခနဲပဲ။ ပြီးတော့ချက်ချင်းဆိုသလို လာစမ်းဆိုပြီး မေမေ့အခန်းထဲခေါ်သွားပြီး
“သမီးမကြားဖူးဘူးလား မိန်းမကောင်းပန်းပန် တစ်ပွင့်ပန်ဆိုတဲ့စကား“
“မေမေကလည်း ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတဲ့စကားကရော“
ကျွန်တော့်အမေးကို မေမေက လက်ကာပြတယ်။
“ဒီမယ် သမီး အဲဒါ မိန်းမကောင်းတွေ စံထားရမယ့် စကားပုံမဟုတ်ဘူး။ မေမေ့သမီးက ရည်းစားတွေတစ်ယောက်ပြီး တစ်ယောက်ထားပြီး ဘဝကြင်ဖော် မတွေ့သေးလို့ဆိုတဲ့အကြောင်းပြချက်တွေပေးဦး မလို့လား။ မြန်မာမိန်းကလေး တစ်ယောက်ဆိုတာကို သမီးဘယ်တော့မှ မမေ့နဲ့။ကိုယ်က ယောကျာ်းတွေကို လျှော့မတွက်နဲ့။သူတို့ကိုလျှော့တွက်ရင် သမီးကိုလည်း သူတို့လျှော့တွက်မှာပဲ။ အသားလိုလိုအရိုးတောင်းနေတဲ့ ယောကျာ်းတွေအများကြီးနော်။ အဲဒါကို လျှော့တွက် နေမယ်ဆိုရင် ပတ်ဝန်းကျင်မှာ သမီးဟာ မိန်းမကောင်းလို့ ဘယ်လိုမှထင်မြင်ယူဆစရာမရှိတော့ဘူး။ ကိုယ်တကယ် ချစ်မြတ်နိုးသူ မတွေ့သေးရင်လည်း ဗိုင်းကောင်း ကျောက်ဖိ အနေအထိုင်မျိုးနဲ့နေရမှာလေ။ သမီးကို မေမေတစ်ခါတည်းမှာ လိုက်မယ်။ ဘာညာ အသံတွေ မေမေကြားရင် သမီးကို မေမေကိုယ်တိုင်ပြန်လာ ခေါ်ရလိမ့်မယ်နော်။“
အဲဒီလိုမေမေပြောတော့ ကျွန်တော် ဘာမှပြန်မပြောဘဲ မန်းကိုပြန်လာခဲ့တယ်။
၃။
တချို့အပူတွေကို လူတိုင်းကိုပြောလို့ရပေမယ့် ခုလက်ရှိ ကျွန်တော့်အပူကိုတော့ လူတိုင်းကိုပြောပြလို့မရနေဘူး။ မန်းနွေဟာ ဆယ်နွေသာနေသလို ပူလောင်နေတာ မန်းမြို့ထဲ ဖြတ်သွားဖြတ်လာ မိန်းကလေးတွေ ဒူးပေါ် ပေါင်ပေါ်တွေချည်းပဲ။ ကျွန်တော့် ကိုယ်ကျွန်တော်ပြန်ကြည့်တော့လည်း ပေါင်ရင်းအထိတိုကပ်နေတဲ့ ဘောင်းဘီတို ကလေးနဲ့။ မန်းမြို့တော်မှာနေတဲ့ မြန်မာမိန်းကလေးတွေပါလို့ ဘုရားစူးပြောရင်တောင် ဘယ်သူတွေယုံကြမလဲ။ ခက်တာက ကျွန်တော်ကိုယ်တိုင် မေမေက ခဏခဏပြောပြောနေတဲ့ မြန်မာဝတ်စုံဝတ်ပါဆိုတာကိုတောင် အမြတ်တနိုးမရှိနေခဲ့ဘူး။ တလောက မေမေ မန်းကိုလာတုန်း ကျွန်တော့်နဲ့တွေ့တော့ မေမေက ရင်ဘတ်ကလေးဖိလို့။ တွေ့တွေ့ချင်း
“အောင်မလေး ဒါ ခင်စန္ဒာမြင့်ရဲ့သမီးပါလို့ မေမေ ဘယ်လိုပြောရမလဲ။ ဝတ်ထားတာ မန်းမြို့ထဲသွားလာနေတဲ့ တရုတ်မတွေလိုပါပဲလား။ သွားအခုအခန်းထဲအဝတ်လဲခဲ့“ဆိုပြီး မေမေ မာန်မဲပါလေရော။ ပြန်ထွက်လာတော့ မေမေက ကျွန်တော့်ကို ပြောတဲ့စကားတွေက
“ဒီမယ်သမီး၊ မေမေတို့မြန်မာမလေးတွေ ဘယ်လိုနေတယ် ဘယ်လိုထိုင်တယ်ဆိုတာ မေမေ ပြောပြစရာမလိုအောင် မေမေကိုယ်တိုင် ဘယ်လိုဝတ်ခဲ့စားခဲ့တယ်ဆိုတာ သိတယ်မလား။ မြန်မာမိန်းကလေးတွေက ဟိုတုန်းက ပေါင်မပြောနဲ့ ခြေသလုံးတောင် ဖော်ခဲ့ကြတာ မဟုတ်ဘူး။ မမြင်အပ်တဲ့ အလှတရားဆိုတာ မိန်းကလေးတိုင်းမှာရှိတယ်။ သိသာ သိစေ မမြင်စေနဲ့ဆိုတဲ့ စကားလိုပဲ အရှက်ကို သိက္ခာတွေနဲ့ပါဖုံးဖိကြရတယ်။ ခုသမီးဝတ်စားနေပုံက ဟိုတုန်းက မေမေ့သမီး မဟုတ်တဲ့အတိုင်းပဲ။“
“ပူတာကို မေမေကလဲ“
“ဟဲ့ ပူတာ နင်တစ်ယောက်တည်းလား။ အကုန်လုံးပူကြတာ“
“သူများတွေလည်း ဝတ်တာပဲဟာ“
“ဒါကြောင့်ခက်တာပေါ့။ မေမေ မေးမယ် သူများ ချီးစားရင် သမီးလိုက်စားမလား ပြော“
မေမေက စကားကပ်ပြောတဲ့နေရာမှာ ကျွန်တော်မမီနိုင်အောင် ပြောတတ်တော့ အသာငြိမ်နေလိုက်ရတယ်။
“ဒီမယ် သမီး ခုဝတ်နေကြတဲ့ မိန်းကလေးတွေရှက်တတ်ရင် လဲသေလို့ရနေပြီ။ကြည့်ပါဦး နန်းမြို့ရှေ့မှာ ဒူးပေါ်ပေါင်ပေါ်၊ ဗိုက်ပေါ် ချက်ပေါ်တွေနဲ့ သမီးတို့မို့မရှက်တယ်။ ဟိုတုန်းက မင်းနေပြည်တော်လို့ပြောရမှာတောင် ရှက်စရာ ကောင်းနေတယ်။ “တဲ့။ အဲဒီအချိန် မေမေစကားတွေ ကျွန်တော့်နားထဲဝင်မလာတော့ဘူး။ တစ်ခုသော ညရဲ့သန်းခေါင် အချိန်ကို ပြေးမြင်မိလာတယ်။ အဲဒီညက ခရစ်နှစ် တစ်ခုကုန်ဆုံးတဲ့ ဒီဇင်ဘာလ(၃၁)ရက်ည။ ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ ကခုန်မြူးတူးပျော်ပါးရင်း ကိုယ့်အတွဲနဲ့ကိုယ် သာယာကြည်နူးဖြစ်ခဲ့တဲ့ညပေါ့။ ကျွန်တော် အဲဒီညကို တွေးမိလိုက်ရင် အဲဒီနေ့ကဖြစ်ပေါ်ခဲ့တဲ့ စိတ်လှုပ်ရှားရင်ခုန်မှုကို မရတော့ဘူး။ စိုးရိမ်စိတ်တွေတထွေးကြီး စိတ်ထဲဝင်လာပြီး နဖူးမှာ ချွေးတွေတောင်စို့လာရတဲ့ ခံစားမှုကြီးက ခုတလော ပိုပိုနှိပ်စက်လာနေတယ်။
၄။
အချိန်က ညဆယ့်နှစ်နာရီထိုးခါနီးပါပြီ။ သံပြိုင်အော်ဖို့ မိနစ်တွေကိုကြည့်ပြီး အရှိန်ယူနေတဲ့အချိန် သူ့ဆီက ကျွန်တော်ရလိုက်တဲ့ အထိအတွေ့တစ်ခုကြောင့် ဆက်လက်ပြီး မိနစ်တွေကိုကြည့်ဖို့ အင်အားတွေမရှိတော့ဘူးပေါ့။ စိတ်ထဲကတုန်ကယင်ကြီးနဲ့ သူ့ကို ကျွန်တော် ပြန်မကြည့်ဝံ့တော့ဘူး။ သူ့ကိုတွဲလာတာ ခြောက်လလောက်ရှိပြီ။
အရင် ရည်းစားတွေကိုတော့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိပါဘဲ ကျွန်တော် အဆက်ဖြတ်ခဲ့တယ်။ တချို့ယောကျာ်းတွေက ကျွန်တော့်ကို ကြိမ်းဝါးကြတယ်။ ဒါပေမဲ့ သူတို့ ကျွန်တော့် အနားမရောက်လာခဲ့ကြပါဘူး။ လက်ရှိသူကတော့ ကျွန်တော့်အနေနဲ့ သဘောကျမိတာတော့ အမှန်ပဲ။ ဖြူစွတ်နေတဲ့ သူ့အသားအရေနဲ့ သူရဲ့ရုပ်ရည်ကို ကျွန်တော်စွဲလမ်း နေမိတာလဲပါမှာပေါ့။ အခြားကျွန်တော့် သူငယ်ချင်းစုံတွဲတွေကိုချန်ခဲ့ပြီး သူခေါ်ရာနောက် ကျွန်တော်လိုက်ခဲ့မိတဲ့ညဟာ အပျိူတစ်ယောက်ရဲ့ ခြေတော်တင်ခန်းထဲရောက်ခဲ့ရတယ်ပေါ့။ သူ့ကို အဲဒီအချိန်ယုံတယ်။ အဲဒီလိုနဲ့ ကျွန်တော်နဲ့သူဟာ အချိန်တော်တော်များများ အတူနေခဲ့မိကြတယ်။ သေချာတဲ့ ဆီးစစ်တံလေးရဲ့ မျဉ်းကြောင်းလေးတွေ ကိုမြင်လိုက်ရမှ ကျွန်တော်တို့ Living Together အနေအထားကို သတိထားမိလာရတယ်။ ဘယ်လောက်ပဲ ခေတ်မီတဲ့ မိန်းမပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ တစ်ပါးသော ယောကျာ်းရဲ့ရင်သွေးကိုလွယ်ထားရပြီဆိုတာ သိတဲ့အချိန် လက်မထပ်ရသေးတဲ့ အဖြစ်ကိုသတိရပြီး တွေးကြောက်ကြမယ်မှန်း အဲဒီအချိန်မှ ကိုယ်ချင်းစာမိတယ်။ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်း တစ်ယောက်ကိုဖွင့်ပြောတော့ လွယ်လွယ်လေး အကြံပေးတယ်။ ဖျက်ချလိုက်တဲ့။
သူ့တိုက်ခန်းကို ကျွန်တော်သွားခဲ့တဲ့အချိန်တွေမှာ သူဟာ အမြဲလိုလို အခန်းမှာရှိနေလေ့မရှိခဲ့ဘူး။ပတ်ဝန်းကျင်ကတော့ ဆိုင်ကယ်လေးတစ်စီးနဲ့ ခဏခဏရောက်ရောက်လာတတ်တဲ့ ကျွန်တော့်ကို သတိထားမိလာကြတယ်။ ပတ်ဝန်းကျင်က လူတွေကိုမေးကြည့်တော့ သူက မန်းမြို့သားမဟုတ်။ မြစ်ကြီးနားဘက်ကတဲ့။ မန်းမှာနေတာကြာတော့ မန်းသားလိုပဲတဲ့။ သူလိမ်ခဲ့သလား ကျွန်တော်သံသယမဝင်ပါဘူး။ သူနဲ့ဆုံချိန်တိုင်း နန်းမြို့ရိုးရှေ့မှာ သူပြောခဲ့တဲ့စကားတွေကို ကျွန်တော် အလွတ်ရနေတယ်။ သူ လိမ်တတ်မယ်သူတော့မဟုတ်ဘူး။ ခေတ်ပညာတတ်ယောကျာ်းတစ်ယောက်။ အနောက်နိုင်ငံတွေမှာလို လက်မထပ်ပဲအတူနေထိုင်ခြင်းကို သဘောကျတဲ့သူတစ်ယောက်ဖြစ်တာကလွဲရင် သူရော ကျွန်တော်ရော အပြစ်မရှိဘူးလို့ ထင်နေမိတယ်။ ဒါပေမဲ့ လက်တွေ့မှာ ကျွန်တော့်စိတ်ထဲ အဲဒီလို လက်မထက်ပဲအတူနေရင်းရလာတဲ့ ကိုယ်ဝန်ကိစ္စကို ဖြေရှင်းဖို့ နည်းက သူနဲ့တိုင်ပင်မှကိုရမယ့်အခြေအနေဖြစ်လာတယ်။ သူ ကျွန်တော့်ကို ချစ်တယ်ဆိုတာ သိပေမယ့် ဒီကိစ္စကို လွယ်လင့်တကူ လက်ခံပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကိုဖျောက်မရနေဘူး။ ဒီကိစ္စကိုမေမေသာသိရင်ဆိုတဲ့အတွေးကလည်း ကျွန်တော့်ကို နေ့စဉ် နှိပ်စက်နေတယ်။ သူ့အကြောင်းကတော့ မြစ်ကြီးနားက သူ့အိမ်ကအရေးတကြီးလှမ်းခေါ်လို့ ထွက်သွားတယ်လို့ သိရတယ်။ ကျွန်တော့်ဆီ သူဖုန်းဆက်ပေမယ့် လိုင်းမရဘူး။ လိုင်စာဘက်ကို အိမ်ကိစ္စနဲ့လိုက်သွားမယ် ပြန်လာမှဆက်မယ်လို့ပြော တဲ့တစ်ခွန်းပဲကောင်းကောင်းကြားလိုက်ရတယ်။ ဒီလိုနဲ့ ကျွန်တော် လက်ချိုးရေတွက်နေတဲ့ ရက်တွေနှစ်လထဲရောက်လာတယ်။ တချို့ရက်တွေမှာ ကျုံးဘေးသွားပြီး ထိုင်ငိုပစ်တယ်။ တချို့ရက်တွေမှာ မန်းတောင်ပေါ်တက်ပြီး ငိုချင်ငိုခဲ့တာပေါ့။ ကျောက်ဆည်ကိုလည်း မပြန်ရဲ။ မေမေ့ကိုလည်းမပြောမပြောရဲနဲ့။ လက်ရှိအခြေအနေမှာ ကျွန်တော် ကိုယ့်ကိုကိုယ်ဘာလုပ်ရမှန်း မသိနေဘူး။
၅။
မေမေ ဘယ်လိုသိသွားခဲ့သလဲ မပြောတတ်ဘူး။ အဲဒီနေ့ နေ့တွင်းချင်း အဆောင်က ပစ္စည်းတွေကို မေမေလာသိမ်းခိုင်းတယ်။ ပြီးတော့ ချက်ချင်းကားတစ်စင်း အပြတ်ငှားပြီး ဆိုင်ကယ်ပါတင်ပြီး အလုပ်ထွက်စာပါတင်ခိုင်းတယ်။ ကျွန်တော့် အခန်းထဲ လိုက်လာပြီး မေမေ ရိုက်လိုက်ပုတ်လိုက်တာလေ။ အခန်းပြင်ထွက်တော့ မေမေက စိတ်ကိုထိန်းပြီး အဆောင်မှူးကို အခြား အကြောင်းပြချက် တစ်ခုနဲ့ မဖြစ်သာလို့ပြန်ခေါ်ရတယ်ဆိုတဲ့ စကားကိုအထပ်ထပ်လို့ပြောရင်း ကျောက်ဆည်ကို အပါခေါ်ခဲ့တယ်။ အဲဒီ ညဟာ ကျွန်တော့်ဘဝအတွက် ကြီးမားလှတဲ့ သောကတွေတလှေကြီးခံစားရတဲ့ညပေါ့။ အိမ်ရောက်လို့မှ မေမေက စိတ်မပြေသေးတော့ ကျွန်တော့်ကို ထပ်ရိုက်ပုတ်တယ်။ ပါးစပ်ကလည်း တတွတ်တွတ်နဲ့။
“နင်ဘယ်လိုလုပ်လိုက်တာလဲ အမိုက်မ။ လက်မထပ်ဘဲအတူနေသတဲ့လား။ နင် မြန်မာမိန်းကလေးမဟုတ်ဘူးလား။ ငါ့မှာ သူများပြောမှသိရတယ်။ နို့မို့ဆို ဘယ်လောက်အရှက်တွေကွဲဦးမလဲ။ ငါ့သမီးမှန်းသိနေတဲ့ လူက လာပြောမှ နင့်သမီး အခြေအနေ နင်စုံစမ်းကြည့်ဦးဆိုမှ ဖြစ်သမျှအကုန်ငါသိရတယ်။ နင် ပညာတွေတတ်၊ စာတွေဖတ်ခဲ့တာတွေက ဘယ်နေရာမှာ တွေးခေါ်စဉ်းစား သလဲပြောစမ်း။
ငါမတော့ ကျောက်ဆည်မှာ ကျောင်းတတ်လို့ရရဲ့သားနဲ့ကို မန်းမှ မန်းဖြစ်နေလို့မဖြစ်ဖြစ်အောင်ပို့၊ နင်က ဟိုမှာ ထင်တိုင်းကျဲ ဖြစ်ချင်တိုင်းဖြစ်နေတာ ဗိုက်ထွက်မှ ငါက သိရတဲ့အဖြစ်၊ ကဲ ခုဘယ်လိုလုပ်မလဲ။ နင်မလုပ်တတ်တော့ မကြံတတ်တော့ဘူးမလား။ နင့်ကောင်ပြေးပြီမလား။ ကျားများ နင်မို့ ကစားတယ်။ နင့်မှာ မိန်းကလေးတစ်ယောက်စောင့်ထိန်းရမယ့် ကိုယ့်စောင့်တရားတွေ တစ်ချက်ကလေးမှမရှိဘူး။နင်က အကန်းပဲ သိလား။ နင့်စိတ်ထဲ အဖြူလို့ထင်ရင် အဖြူလို့ပဲထင်နေတာ အမည်းလို့ထင်ရင် အမည်းလို့ပဲထင်နေတာ“
ကျွန်တော့်မှာ မေမေ့ကိုပြန်ပြောဖို့အဖြေလည်းမရှိဘူး။ မေမေက အိမ်ထဲ လူးလားခေါက်ပြန်သွားရင် ငိုလိုက်ပြောလိုက်။ မောင်လေးက အိမ်အပြင်မှာ တောက်တခေါက်ခေါက်နဲ့ နာမည်ပြော၊ ငါသွားသတ်မယ်ချည်းလုပ်နေလို့ ပတ်ဝန်းကျင်မကြားအောင် သူ့သူငယ်ချင်းတွေက ဖျောင်းဖျနေကြတယ်။ ကျွန်တော့်လက်ကိုင်ဖုန်းလေးထဲမှာ သူ့ဖုန်းကို ခေါ်ထားတဲ့ Call Logလေးတွေက အထပ်ထပ်အခါခါပြည့်လို့။ သူကတော့ ဘယ်သောင် ဘယ်ကမ်းဆိုက်နေသလဲ ကျွန်တော်မှန်းဆလို့မရနိုင်ခဲ့ပါဘူး။ ပါးပြင်ထက်က မျက်ရည်တွေက ဦးပိန်တံတားနဲ့ စစ်ကိုင်းတံတားကို ဝိုးတဝါးပုံဖော်ပေးတယ်။ ပြီးတော့ ၇၈လမ်းနဲ့သိပံလမ်းတစ်ဘက်ခြမ်းက ဗိုလ်ချုပ်ရွာထဲက အခန်းတစ်ခန်းကို ပုံဖော်ပေးတယ်။ နောက်တော့ နန်းမြို့ရိုး ရှေ့ပလပ်ဖောင်းနဲ့ မန်းတောင်ကြီးကို ပုံဖော်ပေးနေပြန်တယ်။
ဒီနောက်တော့ ကျွန်တော် အားရပါးရငိုဖြစ်ခဲ့ပါတယ်။
၆။
မြင်သမျှတွေ့သမျှဟာ ကျွန်တော့်မျက်ဝန်းထဲ အဖြူနဲ့အမည်းတွေချည်းဖြစ်လို့ နေခဲ့တယ်။ နန်းမြို့ရိုးကြီးဟာလည်း အဖြူနဲ့အမည်းပဲ။ မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ တစ်ချက်ယွန်းရင် တစ်သက်စွန်းတယ်ဆိုတာ ကျွန်တော်သိ လိုက်ပေမယ့် နောက်ကျသွားခဲ့တယ်။ မိန်းမတစ်ယောက်ရဲ့အမြင်ဟာ ကာလာစုံမြင်တတ်ရတယ်ဆိုတာလည်း မေ့နေခဲ့တယ်။ ကျွန်တော်ဟာ Colour Blind တစ်ယောက်လိုဖြစ်နေခဲ့တယ်။ကျွန်တော့်မျက်ဝန်းတွေမှာ သူဟာ ရံဖန်ရံခါမှာတော့ ဝိုးတဝါးလေး လာထင်နေသေးတယ်။ သူ့ပုံရိပ်စစ်ကို ကျွန်တော် မွေးဖွားအံ့ဆဲဆဲမှ သူဟာ လိုင်စာဘက်မှာ ဖြစ်နေတဲ့ စစ်ပွဲတစ်ခုအတွင်း ကျည်ဆံမှန်သေဆုံးခဲ့တယ် ဆိုတာကို သူ့အမေ ကျောက်ဆည်ကို လိုက်လာမှ ကျွန်တော်သိခဲ့ရတယ်။ သူကံဆိုးသလား ကျွန်တော်ကံဆိုးသလားမသိပေမယ့် သူရော ကျွန်တော်ပါ အသိတရား တစ်ခုကို မှားယွင်းသက်ဝင်ယုံကြည်ခဲ့ကြတယ်။
သူမရှိတော့ပေမယ့် သူ့ကိုယ်ပွား ချစ်ခြင်း မြို့ရိုးလေးကို ကျွန်တော်ဖွားမြင်ပြီးနောက် ဒီမြို့ရိုးလေးကို ကျွန်တော့်လို မဖြစ်စေချင်တော့တဲ့ စိတ်ဟာ အချိန်ရှိသ၍ဖြစ်ပေါ်နေသလို ကျွန်တော်ဘာလုပ်ရမလဲဆိုတဲ့ အတွေးတွေလည်း အမြဲတစေ လိပ်ပြာလန့်စွာနဲ့ ကျွန်တော့်ကိုခြောက်လှန့်နေခဲ့ပါတယ်။ အဲဒီအတွေးတွေကြောင့်ပဲလားမသိ ကျွန်တော်ရုတ်တရက်မော့ကြည့်ဖြစ် တဲ့ ကောင်းကင်ပြင် မည်းမည်းကြီးပေါ်မှာ ကြယ်တွေလည်း ရှိမနေခဲ့ကြတော့ပါဘူး။ တကယ်တော့ ကာလာဘလိုင်းတစ်ယောက်ရဲ့ စိတ်ဝိညာဉ်လိပ်ပြာဟာ ခု ကျွန်တော်မမြင်ရတဲ့ ကြယ်တွေလိုပဲ ပျောက်ကွယ်နေဦးမှာလား ဆိုတာတော့ ဘယ်သူကမှ သိလိမ့်မယ် မထင်တော့ပါဘူး။


သော်ဇင်(လွိုင်ကော်)

မန္တလေးချစ်စိတ် မန္တလေးပုံရိပ်မဂ္ဂဇင်း၊ မတ်၊ ၂၀၁၅

No comments:

Post a Comment

ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ

စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...