Saturday, October 8, 2022

အားနာ ပါးနာ


သူတို့မို့အားမနာတယ်ဗျ။တစ်ကြောင်း တစ်ကြောင်းဆွဲရတာ လွယ်တယ်မှတ်လို့။အသွားအပြန်တွေကို ရေကြည့်ရင်လက်ဆယ်ချောင်း ပြည့်တော့မတတ်ပဲ။ ခုချိန်မှာ အဟက်အဟက်လို့တောင်မရယ်နိုင်ပါဘူး။ ဟန်ဆောင်ပြုံးရတဲ့အလုပ်လောက်ပင်ပန်းတာမရှိဘူးဆိုတာ မှန်တယ်။ပြောကြမှာပေါ့။ ပြုံးရတာများ ဘာဖြစ်သွားမှာမှတ်လို့ဆိုပြီ။ ဒီလိုဆို ခင်ဗျားတို့ပဲ တစ်နေကုန်တွေ့တဲ့လူတိုင်းကိုပြုံးပြကြည့်စမ်းပါ။ ကျွန်တော်က အပြောမဟုတ်ဘူး။ ပြီးတော့စိတ်မပါလက်မပါပြုံးနေရတော့ပိုပင်ပန်းတယ်။ဒီကြားထဲ ကျွန်တော်က သိပ်အားနာတတ်တော့ ကျွန်တော်ထည်လဲသုံးနေတတ်တဲ့ရပါတယ်ဗျာ ဆိုတဲ့စကားနဲ့ကိုယ့်ရှူးကိုယ်ပတ်နေတာဗျ။ဒီကြားထဲ သူတို့က အမေးအမြန်းထူတဲ့အခါမှာ ကျွန်တော့်မှာ မဖြေချင့်ဖြေချင်နဲ့ဖြေနေရတာလောက်စိတ်ပျက်မိတာ ပြောမကုန်လောက်ဘူး။ ခုကြည့်ပါဦး။

သူတို့မို့အားနာ ပါးနာမရှိတယ်ဗျာ။
(၁)
လောပိတဘက်ဆိုတော့ အတက်အဆင်းတွေချည်းပဲ။ ကျွန်တော့်မှာ လမ်းကြောကို ဂရုတစိုက်မောင်းနေရတဲ့အထဲ နောက်ဘက်က သူတို့တွေကလည်း မေးခွန်းတွေချည်း ဇွတ်မေးနေတယ်။ပြောကြပါလား။ အချင်းချင်း။ ခုတော့အချင်းချင်းအပြင် သူတို့စကားဝိုင်းထဲ ကျွန်တော့်ကိုပါဆွဲထည့်လို့ဒါက ဘာရွာတွေလဲ၊ ဟိုတောင်က ဘာတောင်လဲ၊ ဟိုစိုက်ခင်းက ဘာစိုက်ခင်းလဲ စတဲ့မေးခွန်းတွေကို အားမနာလျှာမကျိုး မေးတယ်။ ကျွန်တော့်မှာလည်း သူတို့တွေက ဧည့်သည်တွေဆိုပြီးတော့ဖြေပေးတယ်။တကယ်က ဘာမှထူးဆန်းတာမဟုတ်ဘူး။ ရွာတွေကလည်း ထူးခြားတာမပါဘူး။ တောင်တွေကလည်း မထူးခြားဘူး။ စိုက်ခင်းဆိုပိုဆို။ သူတကာနယ်တွေလိုပဲ ရာသီပေါ်သီးနှံတွေစိုက်ကြတာပဲ။ ခုချိန်က ပြောင်းပင်တွေတောင်ခြောက်သယောင်းလို့နေပြီ။
“မင်းတို့မြို့ကိုတော့ ကြိုက်သွားပြီ မောင်ရင်ရေ“
“ဟုတ်ကဲ့ဘာလို့လဲ ဦးကြီးရ“
“ဘာလို့ရမလဲ မောင်ရင်ရဲ့ မြို့ကလူဦးရေကလည်းနည်းသေးတော့မျက်စိရှင်းနားရှင်းတယ်။ဆိုင်ကယ်မရှုပ်၊ကားမရှုပ်တာကိုသဘောကျတာ။ ရာသီဥတုကလည်း တောင်ကြီးလိုလို ပြင်ဦးလွင်လိုလိုနဲ့နေလို့ကောင်းတယ်။ ဦးကြီးတော့အသက်ကြီးလာရင်ဒီမှာလာနေမှထင်တယ်။“
နေပေါ့ဦးကြီးရာလို့ ကျွန်တော်မပြောဖြစ်ဘူး။ အဲဒီဦးကြီးဆိုသူက သိပ်စကားများတာ။ ခုတောင်သူ့စကားကို မထောက်မဖြစ်ထောက်လိုက်ပေမယ့်ခုပဲ စကားစကရှည်နေပြီ။
“မီးကလည်း နှစ်ဆယ့်လေးနာရီရ“
အဲဒီစကားကိုကြားတော့ ကျွန်တော်ပြုံးမိတယ်။
“ရေကလည်း ပေါ။ရာသီထွက်သီးနှံတွေကလည်း ပေါဆိုတော့အဆင်ပြေတယ်ကွဒါနဲ့ရောက်တော့မလား လောပိတ ရေအားလျှပ်စစ်စက်ရုံဆိုတာက၊ ဟင်မောင်ရင်“
(၂)
လောပိတရေအား လျှပ်စစ်စက်ရုံက ပြန်တက်တော့ ကျွန်တော့်ဆိုင်ကယ်က တော်တော်ရုန်းလိုက်ရတယ်။လောပိတရှမ်းရွာကို ရောက်တော့ခဏနား။ ဆီပြန်ဖြည့်။သူတို့တွေကလည်း လမ်းဘေးမုန့်ဆိုင်လေးမှာ အအေးဝယ်သောက်ကြတယ်။ ကျွန်တော်က သူတို့နဲ့ခပ်လှမ်းလှမ်းမှာနေပြီး ဆေးလိပ်သောက်ချင်လာလို့ရူဘီတစ်လိပ်ထုတ်ပြီး ဖွာတယ်။
“မီးခြစ်ပါလား မောင်ရင်“
“ဟုတ်ကဲ့ပါပါတယ်။ “
လာပြန်ပြီ။ ခပ်ခွာခွာနေချင်တယ်ဆိုမှအဲဒီဦးကြီးက ကျွန်တော့်အနားကိုရောက်လာသေးတယ်။မီးခြစ်ခြစ်ပြီး မီးတို့ပြီးတော့ ကျွန်တော့်ကိုဆက်ပြောတယ်။
“မောင်ရင်တို့ ပြည်နယ်က ဟိုတုန်းက တော်တော်လမ်းပန်းဆက်သွယ်ရေးမကောင်းဘူးဆို“
“ခုလည်းမကောင်းသေးပါဘူး ဦးကြီး“
“မဆိုးပါဘူးကွ။ဈေးရှိတယ်။လေယာဉ်ကွင်းရှိတယ်။ရထားဘူတာရှိတယ်။ကားဂိတ်ရှိတယ်။ ပြီးပြီပေါ့။ဒါနဲ့ပလပ်စတစ်အမှိုက်တွေသိပ်မတွေ့ရဘူးနော်။ဒါတော့ဦးကြီးပိုကြိုက်တယ်။“
“လူနေလည်းကျဲတာကိုးဗျ။ မြို့ပေါ်ရပ်ကွက်က အိမ်တွေတောင်ကျဲသေးတာ။ အမှိုက်နည်းတာလည်းမပြောနဲ့လေ ဦးကြီးရ။ “
“ပိုသဘောကျတာက လျှပ်စစ်မီး နှစ်ဆယ့်လေးနာရီရတာ“
ကျွန်တော်စကားထောက်ပေးလိုက်ပြန်တော့အဲဒီဦးကြီးက ထက်ပြီး စောစောက မီးတစ်နေကုန်ရတာကိုပြောပြန်တယ်။ဒါကတော့ ကျွန်တော်တို့ မြို့ကလေးကိုလာတိုင်း လောပိတရေအားလျှပ်စစ်ကြီးရှိနေတာကိုကြည့်ပြီး မီးအချိန်ပြည့်ရတာကို ချီးကျူးမဆုံး။ အားကျမဆုံး ပြောနေကြစကားပါပဲ။ ဧည့်သည်တွေက အပေါ်ယံကြောလောက်ပဲသိပြီး ကျွန်တော့်တို့ မြို့ကလေးမှာ နေရတဲ့အခိုက်အတန့်လေးမှာပဲ မြင်တွေ့ရတော့ဒီလိုပဲပြောကြတာပါ။ ကျွန်တော်တို့ကလည်း တကူးတက ပြန်မဖြေရှင်းပါဘူး။ ဒါပေမယ့်ခုဦးကြီးကိုတော့ ကျွန်တော်ပြောပြမိတော့မယ်။
“သိပ်ပြီးလည်းသဘောကျမနေနဲ့ဦးကြီးရ။“
“ဘာဖြစ်လို့တုန်းမောင်ရင်ရဲ့“
“ဦးကြီးက မြို့ပေါ်ပဲနေတာကိုဗျ။ ကျွန်တော်တို့ကယားပြည်နယ်တစ်ခုလုံး မီးမရသေးတာ ရွာပေါင်း ငါးရာကျော်ရှိ နေသေးတယ်ဗျ။ဒါဘာထူးသေးတုန်း။ ဟိုတုန်းက ခုလောပိတဓါတ်အားလိုင်းဆွဲထားတဲ့လမ်းတလျှောက်က ရွာတွေတောင်ခုမီးရတာမကြာသေးဘူး။ ဦးကြီးက ကံကောင်းတယ်ထင်မယ်။ကံက သူ့ဖာသာ သူကောင်းတာ မဟုတ်ဘူးဗျ။လက်ညိုးညွှန်ပြီး ဟိုနေရာပေး ဒီနေရာပေးဆိုမှရတာ“ ဒီတော့အဲဒီဦးကြီးက ပါးစပ်ကလေးပိတ်လို့။
(၃)
ခုလည်း တောင်ကွဲတက်မယ်ဆိုတော့ရောက်ရပြန်တယ်။ ကျွန်တော့်စိတ်တောင်တော်တော်မောလာတယ်။လွိုင်ကော်ကို ရောက်တုန်းရောက်ခိုက်လေး အထင်ကရ တောင်ကွဲစေတီကြီးကို မော်ဖူးချင်ပါတယ်တဲ့။ပို့တာပေါ့။တစ်နေကုန်အော်ဒါမိထားတယ်ဆိုတဲ့ အတွေးနဲ့။ ကျွန်တော့်အဖေကလည်း
“သားရာ ဖေဖေ့အုံနာတွေရဲ့ဧည့်သည်တွေဆိုတော့ဖေဖေ့ဧည့်သည်လိုပဲသဘောထားပို့ပေးလိုက်ပါ။“တဲ့။ပြောတော့လွယ်တယ်။မနေ့တုန်းကလည်း လောပိတကအပြန်သုံးဘီးခပေးရဦးမယ်ပေးရဦးမယ်နဲ့ဘယ်သူမှပိုက်ဆံ ထုတ်မလာဘူး။ ထုတ်နိုးနိုးနဲ့ စောင့်နေတာလည်း မထုတ်ကြဘူး။ လူက စုစုပေါင်းဆယ်ယောက်။ဒီကြားထဲ ကလေး သုံးယောက်ပါလိုက်သေး။ ထားပါသိပ်မကြီးသေးတော့ ဝန်တစ်ခုလိုမလေးပါဘူး။ဖေဖေ့အုံနာအိမ်ကိုပို့ပြီးပြန်တော့မယ်လုပ်မှအုံနာက
“သုံးဘီးခ ဘယ်လောက်ကျလဲ ကွ“ ဆိုပြီးမေးတယ်။ဖေဖေ့အုံနာဆိုတော့ပြောရမှာအားနာတာနဲ့ပဲ
“ကြည့်ပေးပါအန်ကယ်လ်။ “
“အော်အေး ရော့ကွာ ငါးထောင်“
“ဗျာ ..သြော်ဟုတ်ကဲ့ “
ကျွန်တော့်လက်ထဲ ဆင်တစ်ကောင်တည်းရောက်လာတယ်။ ကျွန်တော့်ကိုကြည့်ပြီးမေးသေးတယ်။
“နည်းသလားကွ။နောက်နေ့မှပိုပေးမယ်ကွာ ။ ဟုတ်ပလား။ မင်းအဖေကိုလည်းပြောလိုက်ဦး.။ မနက်ဖြန်အန်ကယ်လ်ပစ္စည်းပို့စရာရှိတယ်လို့“
ပြောပြီးသာနဲ့ ချက်ချင်းအိမ်ထဲဝင်သွားတယ်။လောပိတနဲ့လွိုင်ကော်အသွားအပြန်အပြင် မြို့ထဲ တစ်ပတ်လောက်ပတ်ပေးတာ ဆင်တစ်ကောင်တဲ့။ဧည့်သည်တွေကလည်း မေးဟယ် မြန်းဟယ်မရှိပဲ အလျှိုလျှို အိမ်ထဲဝင်ကုန်ကြတော့ ကျွန်တော့်မှာ တိတ်တိတ်ကလေး ပြန်ထွက်လာခဲ့တယ်။ စိတ်ထဲမှာ ကျွန်တော့်ကိုယ် ကျွန်တော့် ပြန်ဆဲတယ်။
“မင်းအဲလောက်အားနာရလား“လို့။
ဒီနေ့တော့အားနာလို့မဖြစ်ဘူး။ သုံးဘီးက အကြွေးကျေသေးတာမဟုတ်ဘူး။ လူရင်းတွေမို့သာ အကြွေးတစ်ဝက်ချေ၊ တစ်ဝက်ဆိုင်းပေးထားတာ။ ဒီကြားထဲ မိန်းမက ဘယ်တော့မွေးမလဲဆိုတာရှိသေးတယ်။ကျွန်တော်လှေကားထစ်တွေ တစ်ထစ်ချင်းဆီ တက်လာရင်း စိတ်ထဲမှာတွက်ချက်နေရတယ်။ပေးရမှာရယ်။ကုန်ရမှာရယ်နဲ့တောင်ကွဲစေတီမှာ ရင်ဘတ်ကြီးဟက်တက်ကွဲသလို အမောဆို့လာတယ်။သူတို့ကတော့ရှေ့ကနေ လှလိုက်တာ။ မြို့အပေါ်စီးက ကြည့်ကောင်းလိုက်တာ။ လယ်ကွင်းတွေမှအများကြီးပဲ။ စိမ်းစိုနေတာပဲနဲ့။အင်းလေ ဧည့်သည်နဲ့အိမ်ရှင်ဘယ်အတွေး တူပါ့မလဲ။ အလည်လာသူကအလည်လာသလို စိတ်ကိုပေါ့ပေါ့လေးတွေးထားတယ်။အိမ်ရှင်က အိမ်ရှင်လို ပူရပန်ရသေးတယ်ဆိုတာ ရှိတယ်မလား။
(၄)
မြို့နာမ်စေတီလည်းပို့ပြီးပြီ။ နောင်ယားကန်လည်းပို့ပြီးပြီ။ ညနေလည်းဆောင်းပြီ။ ဒါတောင်လွိုင်ကော်နည်းပညာတက္ကသိုလ်နောက်ကျောက မြကလပ်စေတီနဲ့ နေစက်လစက်ဘုရားကိုတောင် ကျွန်တော် ဝင်ပို့ရသေးတယ်။လမ်းမှာဆီပြတ်လို့ဆီနှစ်ပုလင်း လောက်ထည့်ရသေးတယ်။နေစက်လစက်ဘက်ရောက်တော့အပြန်မှာ ရွှေလက်ဝါးတောင်ဘက် လမ်းကဖြတ်ပြန်ခဲ့တယ်။လမ်းကြမ်းလို့သုံးဘီးမှာ လူးလူးလိမ့်လိမ့်။အဲဒီလမ်းမှာ ပလပ်စတစ်အမိုက်ပုံတွေကိုတွေ့တော့ဟိုဦးကြီးက ဘာမှမပြောဘူး။ အနံ့ဆိုးတွေကလည်း ဖြတ်သွားဖြတ်လာလေနဲ့မို့ ရှုူရှိုက်လိုက်ရသေးတယ်။
မြို့ထဲမှာ ဟင်းထုပ်ဆိုင်ပို့။ ကယားလုံချည်တွေဝယ်ချင်တယ်ဆိုတော့လိုက်ပို့။ ဝယ်သလားဆိုတော့လည်းတောင်ရွေးမြောက်ရွေးနဲ့တစ်နာရီလောက် စောင့်ရတာပဲအဖတ်တင်တယ်။ဆိုင်က အအေးဗူးတစ်ဗူးလာတိုက်တယ်။မိတ်ခေါ်တဲ့သဘော။ သူ့ဆိုင်ကိုခေါ်လာပေးလို့တိုက်တာ။ သူတို့အဖွဲ့ပြန်ထွက်လာတော့တစ်ယောက်မှဘာမှ မဝယ်လာကြဘူး။
“အကြိုက်မတွေ့ဘူး“ဆိုတဲ့စကားနဲ့သုးံဘီးပေါ်တက်လာကြတော့ ကျွန်တော့်မှာ ဆိုင်ထဲက ဆိုင်ရှင်မမကိုကြည့်ပြီး အားတွေနာ နေရတယ်။ဆိုင်ရှင်မမကတော့ ပြုံးရုံလေး။ အဲဒီကနေလှည့်ထွက်တော့ယိုးဒယားအထည်ဆိုင်ဆိုလို့လိုက်ပို့ ဖြစ်သေးတယ်။ ဒီမှာ ကျွန်တော်ဆိုင်ထဲလိုက်ပြ။သူတို့တွေကလည်း ဟိုမေး ဒီမေးနဲ့။အပြင်ပြန်ထွက်လာပြီး သုံးဘီးပေါ်ပြန်ထိုင်လိုက်တော့ဆီနှစ်ပုလင်းဖိုးထွက်သွားတာကို သတိရတယ်။မနေ့တုန်းကလို ဆင်တစ်ကောင်နဲ့တော့ မရဘူးလို့ ကျွန်တော့်ကို ကျွန်တော့်သတိပေးတယ်။မနက်တုန်းကတောင်
“ဖေဖေရာ ဖေဖေ့အုံနာ ဧည့်သည်တွေက ကပ်စေးတွေပါဗျာ။ အလိုက်လည်းသိတာမဟုတ်ဘူး။ မေးလိုက်မြန်းလိုက်တာလည်း နားငြီးတယ်။ပေးတော့လည်း ဆီဖိုးတောင်အနိုင်နိုင်။ဒီနေ့ပို့ရရင် ကျွန်တော့်ကတော့ ကျွန်တော့်နေ့တွက်စေ့အောင်တောင်းမှာနော်“
“အေးပါကွာ တအားတော့မရိုက်နဲ့ပေါ့ကွာ။ လျှော့ပေါ့တောင်းပေါ့။သူတို့က ဧည့်သည်တွေမလား“
“ဧည့်သည်လည်း ပိုက်ဆံတော့ပါမှာပါ။ဖေဖေ့အုံနာရဲ့သမက်ဘက်က ပိုက်ဆံရှိတယ်ဆို ဖေဖေပြောတော့။“
“အင်းဒါတော့ဒါပေါ့ဒါပေမယ့်ဧည့်သည်လေ။ ကိုယ့်မြို့ကိုလာတာ ကောင်းကောင်းဆက်ဆံဂရုစိုက်လိုက်ပါကွာ“ တဲ့.။
ပြောတော့လွယ်လွယ်လေး။ ကျွန်တော့်မှာ သုံးဘီးဆွဲနေရင်း အတွေးက သုံးဘီးခတောင်းဖို့ကိုပဲ စိတ်ရောက်နေတယ်။မနေ့ညက မိန်းမကပြောတယ်။မလိုလောက်တော့ဘူး မွေးခါနီးပြီထင်တယ်တဲ့။သုံးဘီးဖိုးကျန်တဲ့အကြွေးကိုပေးဖို့ကလည်း ရှိနေတော့အိပ်ခါနီး ကျွန်တော့်မှာမောတယ်။တွေးရင်းမောင်းလာလိုက်တာ ဖေဖေ့အုံနာအိမ်ရှေ့လမ်းကိုရောက်တယ်။ဒီမှာ သူတို့တွေက ဦးကြီးကလှမ်းပြောတယ်။
“မောင်ရင်မောင်ရင်အိမ်ကျော်သွားပြီ။“တဲ့လှမ်းအော်တယ်။
“ဟုတ်ကဲ့ဆော်ရီးဗျ“
“ဘာတွေအတွေးလွန်နေတာလဲ မောင်ရင်ရ“
“ဘာမှမဟုတ်ပါဘူးဗျာ ပိုက်ဆံတွက်နေတာ ဘယ်လောက်ကျမလဲလို့“
………………..
ညနေအိမ်အပြန် ကျွန်တော်လေလေးချွန်ပြီး မောင်းပြန်ခဲ့တယ်။ဖေဖေ့အုံနာနဲ့ဧည့်သည်တွေဘာစိတ်ကူးပေါက်တယ်မသိဘူး။ ဒီနေ့ကျမှ အလုအယက်ပေးနေလိုက်ကြတာ ကျွန်တော့်မှာ အားနာနာနဲ့ပဲ ဖေဖေ့အုံနာပေးတာလည်း ယူခဲ့တယ်။ဧည့်သည်တွေပေးတာကိုလည်း ယူခဲ့တယ်။

သော်ဇင်(လွိုင်ကော်)


Look Magazine, မတ်လ၊ ၂၀၁၅

No comments:

Post a Comment

ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ

စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...