တနေဝင်
တမိုးသောက်ဆိုတဲ့အတိုင်း ခုတော့နေလုံးကြီးဝင်သွားခဲ့ပြီ။ မနက်ဖြန်မနက်မှာ
နေ့သစ်တစ်နေ့က သူ့ကို ဆီးကြိုနေဦးမှာပေါ့။ ဒါ သေချာရဲ့လားလို့
မေးခွန်းပြန်ထုတ်မိတယ်။ ဟင့်အင်း သေချာမှုတွေဟာ လူတစ်ဦးတစ်ယောက်ချင်းဆီမှာ
ဘယ်တော့မှရှိခဲ့တာမဟုတ်ဘူး။ သူ့ရှေ့မှာရှိနေခဲ့တဲ့ သူ့ သူငယ်ချင်းတွေတောင်
သေချာတယ်ဆိုတဲ့ စကားကို ပြောသွားခဲ့ကြတာမှမဟုတ်ဘဲ။
ခနိုးခနဲ့ရယ်သံနဲ့ လောကကြီးက သူ့ကိုနုတ်ဆက်တယ်။ သူကတော့ ငိုကြွေးခြင်းနဲ့
စခဲ့တဲ့ ဘဝကို ခုထိ အံ့သြနေတုန်း။ ငိုတယ်။ရယ်တယ်ဆိုတာ အသက်ရှင်သန်လာခဲ့တဲ့
ဘဝတစ်လျှောက်လုံး နပမ်းလုံးလာခဲ့ကြတာ ခုထိတောင် သူ ဖျန်ဖြေလို့မရသေးဘူး။
တော်တော်ကြာ ရယ်တယ်။ မပွင့်တပွင့်ကနေ ဟက်ဟက်ပက်ပက်၊ ပြီး အူလိုက်သည်းလိုက်။
တခဏကြာတော့ မျက်ရည်တွေ စီးလိမ့်လာပြန်ရော။ တသိမ့်သိမ့်ရှိုက်ငိုခြင်းနဲ့
ယူကြုံးမရ သလိုငိုခြင်း။ သူ အဲဒီ ရယ်ခြင်း ငိုခြင်းကြားကာလမှာရှိနေသ၍
စိတ်ပျက်စရာကောင်းတဲ့အရာဟာ ဘာလဲလို့မေးလာခဲ့ရင် ခု သူရရှိပိုင်ဆိုင်ထားတဲ့
လူ့ဘဝကြီးပါပဲ။ မဟုတ်သေးဘူး။ သူ ငှားရမ်းထားတဲ့ လူ့ဘဝကြီးပါပဲ။
သူအခု အသက် အစိတ်ရှိပြီ။ ဘဝတစ်လျှောက်လုံးကို ပြန်စဉ်းစားကြည့်တဲ့အခါ
အစကနေ ဒီကနေ့အထိ သူမမှတ်မိ။ တစ်ချို့အကြောင်းအရာတွေက ရိုးတိုးရိပ်တိတ်။
တစ်ချို့အကြောင်းအရာတွေက ကွက်ကွက်ကွင်းကွင်း။ သူငယ်ငယ်က အမုန်းဆုံး
စကားလုံးတစ်စုရှိတယ်။ အဲဒါက သာယာခြင်း။
တစ်ချို့
သူငယ်ချင်းတွေက ရှုခင်းတစ်ခုကို သိပ်သာယာတာပဲလို့ ပြောရင်
သူ့အဲဒီရှုခင်းကို မကြည့်ချင်တော့ဘူး။ ကြာတော့ သူငယ်ချင်းတွေကပြောတယ်။
ကန့်လန့်လူသား ဂွသမားတဲ့။ ဟုတ်တယ်။သူမခံစားတတ်တဲ့ ရှုခင်းတွေ အကြောင်း
သူငယ်ချင်းတွေမပြောကြတော့ဘူး။ ပြီးတော့ သူငယ်ချင်းတွေ သူ့မှာ
မရှိတော့ဘူး။ဒါနဲ့ပဲ မိုးချုပ်နေဝင် နေ့ရက်တွေဟာ အချိန်တန်ကုန်ဆုံးလိုက်နဲ့
သံသရာလည်နေခဲ့တာပဲ သူ့ဘဝမှာ နေသားကျနေခဲ့တာကြာခဲ့ပြီပဲ။
ဒါပေမယ့် လှိုင်းဆိုတာ ဘယ်အချိန်လောက်မှ ထရိုက်မလဲဆိုတာ သူမှ မသိလိုက်ပါပဲ။
(က)
ဒီမနက်မှာပဲ ပြဿနာကစတယ်။ မဟုတ်ဘူး။ သူက ပြဿနာဆိုတဲ့အကောင်ကို
ခေါ်လာခဲ့တာ။ သူ့ရဲ့ရှေ့မှာ စူးရဲတောက်ပလွန်းနေတဲ့ မျက်လုံးတစ်စုံနဲ့
လူတစ်ယောက် သူ့ကိုမျက်နှာချင်းဆိုင်ကနေ စူးစူးကြီးကြည့်တယ်။ အရင်တုန်းက
အဲဒီမျက်လုံးတွေရဲ့အောက်မှာ သူက နေစရာတောင်ရှိခဲ့တာမဟုတ်ဘူး။ ခုတော့ သူ့မှာ
သတ္တိတွေရှိနေပြီ။ ပြန်လည်ပြီးကြည့်ရဲပြီ။ သူ့ကို အဲဒီလူကြီး ပြောစရာတွေ
တစ်ပုံတစ်ပင်ရှိနေမှာသေချာရဲ့သားနဲ့ သူ့ကိုဘာမှ မပြောသေးဘူး။ အင်းလေ
မေမေ့ကိုစောင့်နေတာနေမှာပေါ့။ ပြီးမှ နှစ်ယောက်ပေါင်းပြီး…..။ ထားပါတော့။
သူခပ်တည်တည်နဲ့ ဧည့်ခန်းထဲမှာထိုင်နေလိုက်တယ်။ တိတ်ဆိတ်ခြင်းဆိုတာ
ဒီဧည့်ခန်းထဲမှာ ဘယ်လောက်အထိ အချိန်ကြာကြာ ရှိနေနိုင်မလဲ။
မေမေ အပေါ်ထပ်ကနေ ဆင်းလာတာကိုတွေ့လိုက်တယ်။ မေမေ့မျက်နှာမှာ
တင်းမာခက်ထန်မှုတွေက အပြည့်။ မျက်မှောင်ကြီးကုတ်ပြီး
သူ့ကိုအပေါ်စီးကနေကြည့်နေပုံက သူငယ်ငယ်လေးတုန်းက အတိုင်း တစ်စက်ကလေးမှာ
ပုံစံပြောင်းမသွားသေးဘူး။
မကြာမီ ဒီအခန်းထဲမှာ
ဆူပူမှုတွေသောင်းကျန်းတော့မှာဆိုတော့ ဘယ် အိမ်အကူမှလဲ အခန်းထဲမှာရှိမနေ။
အို ကုန်ကုန်ပြောရရင် အခန်းရဲ့ အနားကိုတောင် ဝေ့သီ ဝေ့သီ
လုပ်ကြမှာမဟုတ်ဘူး။
“ဘာပြဿနာဖြစ်ပြန်တာလဲ ကို“
“အသုံးမကျတဲ့ ကေသီ့သား အခုရှာလိုက်တာ ပြဿနာက အရင်ကလို သေးသေးမဟုတ်ဘူး“
သူ့ကို မေမေက ဆက်ခနဲကြည့်လာတယ်။ နူးညံ့မှုမရှိတဲ့
မေမေ့ရဲ့မျက်ဝန်းတွေ အရောင်တမျိုး လွင့်စင်နေတယ်။ ဒါပေါ့။ မေမေ
ဒီလိုကြည့်လာခဲ့တာ နှစ်ပေါင်းဘယ်လောက်ကြာခဲ့ပြီလဲ။ သူ ပေပြီး
ပြန်ကြည့်လိုက်တယ်။
“မင်း ဘာတွေလျှောက်လုပ်နေတာလဲ စနေ၊ မင်းဘယ်လောက်အထိ မေမေ့ကို စိတ်ဒုက္ခတွေပေးဦးမလို့လဲ“
သူ ဆိတ်ဆိတ်သာနေလိုက်ခြင်းက ဒီအချိန်မှာအကောင်းဆုံးလို့ ယူဆတယ်။
ပြောချင်တာပြောကြတော့။ စိတ်ဒုက္ခ ဆိုတာ သူက မေမေ့ကို
ပေးခဲ့ခြင်းမမဟုတ်ဘူး။ မေမေ မေ့နေတယ်။ မေမေပေးခဲ့တဲ့ ဒဏ်ရာတစ်ချို့ ခုထက်ထိ
သူ့ရင်မှာ မပျောက်သေးဘူးဆိုတာကိုလေ။
“ကေသီ သားက ခု
ဟိုဘက်အိမ်က အိမ်တံခါးမှန်တွေကို ခဲနဲ့ပစ်ခွဲတယ်။ ပြီးတော့ အဲဒီအိမ်က
မောင်နှမနှစ်ယောက်စက်ဘီးစီးနေတာကို ဆွဲလှဲပစ်တယ်။ ဒါ ဘာလုပ်တာလဲ။
သောင်းကျန်းတာ။ ပရမ်းပတာနိုင်တာ။ စည်းမရှိ ကမ်းမရှိဘူးဆိုတာကိုပြတာ။
ကိုတို့ ဘယ်လောက် သိက္ခာကျသလဲ ကေသီ။ ဒီလိုသားမျိုး မွေးထားတဲ့ မိဘတွေကို
တစ်ဘက်က ဘာထင်မလဲ။ ကိုတော့ တောင်းပန်ခဲ့တယ်။ ကျေနပ်လောက်တဲ့အထိ
တောင်းပန်ခဲ့တယ်။ မှန်တွေလဲ အသစ်တပ်ပေးလိုက်တယ်။“
“မေမေတို့ သိက္ခာကျအောင် ဘာလို့ စနေလုပ်ချင်နေရတာလဲ ပြောစမ်း။ “
သိက္ခာ..။ သိပ်ကိုလှပတဲ့ စကားတစ်လုံး။ လူမှုဝန်းကျင်မှာ
သိက္ခာဆိုတဲ့ စကားတစ်လုံး ဘယ်လောက် အရေးပါသလဲ ခုမှ မေမေနဲ့
အဲဒီလူကြီးသိတာလား။ သူ့နှုတ်ခမ်းတွေ ခပ်မဲ့မဲ့ ပြုံးမိသွားတယ်။ သူ
ထိုင်ရာကနေထတယ်။ ပြီးတော့ အပေါ်ထပ် သူ့အခန်းရှိရာကို ထွက်လာခဲ့လိုက်တယ်။
ဧည့်ခန်းထဲမှာ မတ်တပ်ရပ်ပြီး ဒေါသထွက်နေတဲ့ လူနှစ်ယောက်တော့ ကျန်နေခဲ့တယ်။
ဒါတောင် သူ့နောက်ကျောဆီကနေ စကားလုံးတစ်ချို့ အပြေး လိုက်လာ ကြသေးတယ်။
ဘာတဲ့…။
“တွေ့လား။ ကေသီ ။မင်းသားက ပြန်မပြောနားမထောင်တဲ့ကောင်။ ကြာရင် ကိုနဲ့ မဖြစ်ဘူးနော် ကေသီ။“
(ခ)
အိမ်ဆိုတာ မိသားစုအတွက် ဘေးကင်းလုံခြုံရာရိပ်မြုံကလေးတစ်ခုတဲ့။
အိမ်ကလေးထဲမှာ ရယ်မောခြင်း၊ ကြည်နူးခြင်း၊ ပျော်ရွှင်ခြင်းတွေ
အပြည့်ရှိတယ်တဲ့။ သူ့အတွက်တော့ အိမ်ဆိုတာ အဲဒီအရာတွေ တစ်ခုမှ မရှိတဲ့
နေရာတစ်ခု။ အေးချမ်းတယ်ဆိုတဲ့ စကားလုံးကို သူမုန်းတယ်။ သူ့အခန်းထဲမှာ
အောင်းနေခဲ့တာ ကြာပြီ။ မှောင်မိုက်ခြင်း တွေနဲ့တောင် သူက အသားကျနေပြီ။
မီးရှိပါရက်နဲ့ တမင်သက်သက် မီးမထွန်းပဲ သူ နေရာတာကို
ကျေနပ်နေခဲ့ပြီ။ အမှောင်ကိုအသားကျနေတဲ့ မျက်လုံးတွေက အခန်းထဲမှာ
ဘာတွေရှိတယ်ဆိုတာ သိနေပြီ၊ မြင်နေပြီ။ သူ သိခဲ့တဲ့ အမှောင်ရဲ့တခြားတဘက်မှာ
ကြေကွဲစရာတွေရှိနေတယ်။
တစ်ခါတစ်ခါ အိမ်ဖော်တစ်ချို့
အခန်းတံခါးလာခေါက်တယ်။ သူဖွင့်ပေးဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး။
အိမ်မျက်နှာကျပ်က အိမ်မြှောင်ကလေးတွေနဲ့ စကားပြောရတာ သူကျေနပ်တယ်။
ပြီး စိတ်လိုလက်ရနဲ့ ကွန်ပျူတာဖွင့်ပြီး စာရေးရတာကိုကြိုက်တယ်။
ဒါပေမယ့် ရေးမိတဲ့ အကြောင်းအရာတွေကိုပြန်ဖတ်ရင် သူ မျက်ရည်တွေ ခဏခဏကျရတယ်။
အဲဒီအခါ လက်ဖမိုးနဲ့ မျက်ရည်ကို ဘယ်ပြန်ညာပြန်သုတ်ရင်း စိတ်တွေတိုလာမိရော။
ဒါလား လူတစ်ယောက်ရဲ့ ဖြစ်တည်မှု။ သွားစမ်းပါ။ သူပစ္စည်းတွေကို
ကန်ကျောက်ပစ်လိုက်တယ်။ သူ့ခြေထောက်မှာ ဓါတ်ပုံအယ်လ်ဘမ်လေးကျလာတယ်။
သူကောက်ကိုင်ပြီး လှန်ကြည့်လိုက်တယ်။ ပထမဆုံးဓါတ်ပုံလေးတောင်
အရောင်တွေ လွင့်နေပြီ။ ဒါပေမယ့် သဲသဲကွဲကွဲတော့မြင်နေရသေးတယ်။ မိသားစု
သုံးယောက် ရယ်ပြုံးနေတဲ့ပုံ။ သူက အလယ်က။ သူ့ဘယ်ဘက်ဘေးမှာ မေမေ။ ပြီးတော့
သူ့ညာဘက်ဘေးမှာ………။ သူ့နှုတ်က လှုပ်တယ်ဆိုရုံကလေး ရေရွတ်မိတယ်။ သူ့အဲဒီ
စကားလုံးနှစ်လုံးကို မပြောခဲ့တာ ကြာခဲ့ပြီလေ။ အသံတွေ မထွက်မိဘူး။
သူ့စိတ်ထဲမှာ
“ဖေဖေရယ် သိက္ခာမရှိတဲ့ သူတွေက ခုသားကို သိက္ခာအကြောင်းပြောလာကြပြီ ဖေဖေ။ “
(ဂ)
သူ အခန်းထဲကနေ ထွက်လာပြီး အပေါ်ထပ်ကနေ ဆင်းမယ်လုပ်တုန်း
လှေကားနားရောက်တော့ အောက်ထပ် ဧည့်ခန်းက စကားသံတွေကိုကြားလိုက်ရတယ်။ သူ
တုန့်ခနဲရပ်ပြီး နားထောင်နေလိုက်မိတယ်။ ဒီလိုပဲ သူနားထောင်တတ်ခဲ့တာ
ကြာပေါ့။ ခုသလော မေမေ အလုပ်ရှုပ်ပြီး အိမ်ကို ညဘက်မိုးချုပ်မှ
ပြန်ပြန်ရောက်နေတယ်။ ပြီးတော့ ဟိုလူကြီးလဲ အလုပ်ရှုပ်နေတဲ့ ပုံနဲ့
ပြန်လာလိုက် ပြန်ထွက်သွားလိုက်လုပ်နေတယ်။ အဲဒါတွေကလွဲလို့ သူ ကျန်တာတွေကို
လိုက်ပြီး စိတ်မဝင်စားတတ်ဘူး။ ခု မေမေနဲ့ ဟိုလူကြီး
တီးတိုးတီးတိုးပြောနေတာကို သူကြားတယ်။
“ကေသီ သားကိစ္စ ဘယ်လို စီစဉ်ထားလဲ။“
“တစိတ်ရှိ ဒါပဲမေးနေတာပဲ။ ဒီမယ် ကို ခု သားကို ကေသီ
အမျိုးတစ်ယောက်အိမ်မှာ သွားထားမလို့လုပ်ထားတယ်။ သူ့အတွက် လိုအပ်တဲ့
အထောက်အပံ့တွေကို ကေသီတို့က တစ်လတစ်ခါ ပို့ပေးရုံပဲ။ “
“ဒါကောင်းတယ်။ ကိုတော့ စိတ်ရှုပ်လွန်းလို့ ဒီကောင်မရှိလေ အေးလေပဲ။
ဒီကောင်ရဲ့ ကို့ကိုကြည့်တဲ့ မျက်လုံးတွေကို မကြိုက်ဘူး။ “
“ကို အဆင်ပြေအောင် ကေသီက လုပ်သာ လုပ်ရတယ်။ သား ကေသီ့ကိုမုန်းသွားမလားပဲ စိုးရိမ်တယ်။ “
“စိုးရိမ်မနေနဲ့ ကေသီရာ။ ခုလည်း ကေသီ ဗိုက်ထဲမှာ သားသားလား
မီးမီးလားမသိတဲ့ ကို့ရင်သွေးရှိနေပြီပဲ။ ဒီကောင်ရှိနေရင် ကိုနဲ့ ကေသီ
သိက္ခာကျစရာအဖြစ်တွေ ခဏခဏဖြစ်နေဦးမယ်။ ခု ကေသီ လုပ်တာ မဆိုးဘူး။ ကေသီ့ကို
ကျေးဇူးတင်တယ်ကွာ“
“ဟာ ကိုကလည်း ဧည့်ခန်းကြီးထဲမှာ “
ပလူးပလဲဖြစ်နေကြတဲ့ မြင်ကွင်းကို သူ ဝိုးသိုးဝါးတားပဲမြင်ရတယ်။
မျက်ရည်တွေလား။ ဒါဖြစ်သင့်ရဲ့လား။ နောက်တစ်ယောက်ရဲ့ လာခြင်းကို
အရင်တစ်ယောက်ကို ဖယ်ခွာခြင်းနဲ့ ကြိုဆိုရမယ်။ တရားသလား။ ဘယ်သူတွေက တရားပြီး
ဘယ်သူတွေ မတရားခဲ့တာလား လောကကြီးမသိဘူးလား။ အမှန်တရားဆိုတာ ရုပ်ရှင်တွေ
ဗွီဒီယိုတွေထဲကလို ဇာတ်သိမ်းခန်းရောက်မှာ ဘွားခနဲပေါ်လာတတ်တာလား။
သူ အခန်းထဲပြန်ပြီး အိတ်တစ်လုံးထဲ အဝတ်အစားတွေထည့်လိုက်တယ်။ အန်ဆွဲထဲက ပိုက်ဆံတစ်ချို့ကို လုံလောက်အောင် အိတ်ထဲထည့်တယ်။
နောက် ဓါတ်ပုံအယ်လ်ဘမ်ကို ထည့်တယ်။ နွေးထွေးတဲ့
အိမ်ရဲ့ရိပ်မြုံဆိုတာ ငှက်သိုက်တစ်ခုလောက်တောင် တန်ဖိုးမရှိဘူးလို့ သူ
တွေးလိုက်မိတယ်။
ခြေလှမ်းတွေ ကတ္တရာလမ်းထက်မှာ။ ဦးတည်ရာတော့မရှိဘူး။ ရောက်ချင်ပေါက်ချင်တဲ့ နေရာကိုရောက်ပါစေပေါ့။
(ဃ)
ဒီကန်လေးကို သူမှတ်မိတယ်။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်နဲ့
အသားကျနေတဲ့ကန်ကလေး။ သူငယ်ငယ်တုန်းက ဒီကန်လေးကို တနင်္ဂနွေနေ့တိုင်း
ရောက်ရောက်နေကြ။ ကန်လည်က တံတားဖြူဖြူကလေးပေါ်မှာ လေတဖြူးဖြူးနဲ့ သူရယ်
မေမေရယ်၊ ဖေဖေရယ် လမ်းလျှောက်ကြတယ်။ နောက်သူက ဖေဖေကို ပူဆာတယ်။
ကန်ထဲက ကြာဖူးလေတွေ ခူးပေးဖို့။ ဒါပေမယ့် ရေမကူးတတ်တဲ့ ဖေဖေက ဘယ်တုန်းကမှ
သူ့ကို မခူးပေးနိုင်ခဲ့ပါဘူး။ အဲဒီထဲက သူဟာ လိုချင်တာဆို ဘယ်တုန်းကမှ
အလွယ်တကူ မရတတ်ခဲ့တာပဲနေမှာ။ ဖေဖေက ငါးမျှားတယ်။ မေမေက ဘေးကနေထိုင်ပြီး
စာအုပ်ဖတ်လိုက် သူနဲ့ ဆော့လိုက်။ ကြည်နူးပျော်ရွှင်တဲ့ မိသားစုဘဝဆိုတာ
ငယ်ငယ်တုန်းက မက်ခဲ့တဲ့ အိပ်မက်တွေပဲ။
ခု နောင်ယားကန်ကို
ပြန်ပြီးပြင်ဆင်နေကြတယ်။ တံတားဖြူဖြူကလေးကခုတော့ သစ်လွင်တောက်ပလို့။
ကန်ပတ်ပတ်လည်မှာ လျှောက်လမ်းလေးဖောက်ထားတယ်။ ကန်ထဲမှာ လှေကလေးတွေရှိတယ်။
တကယ်ဆိုရင် ခုချိန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ သူနဲ့ မေမေ ဖေဖေ
အတူလျှောက်နေရမယ့်လမ်းကလေး။
တကယ်တမ်း အတူလျှောက်သွားခဲ့တာက မေမေနဲ့ ဟိုလူကြီး။
သူ့အိမ်ကို အဲဒီလူကြီးစရောက်လာတာ မှတ်မိနေတယ်။ ဖေဖေရဲ့အချစ်ဆုံး
သူငယ်ချင်းတဲ့။ ရုပ်ရည်ကတော့ ဖေဖေ့ထက်ချောမောတာကို သူတောင်သတိထားမိတယ်။
မေမေ့နားကိုတိုးတိုးလေးကပ်ပြောခဲ့တဲ့
“ဦးလေးကြီးက ချောတယ် မေမေ“ဆိုတဲ့စကားကို ခုပြန်တွေးမိရင် သူမှားခဲ့တာကို ပြန်မှတ်မိရတယ်။ မေမေအဲဒီတုန်းက ပြောခဲ့တာက။
“သား ဖေဖေထက်ချောတာတော့ သေချာတယ်“တဲ့။
အဲဒီလူကြီး ဖေဖေနဲ့အလုပ်တွေတွဲလုပ်တယ်။ အိမ်ကို ခဏခဏလာတယ်။
ဖေဖေမရှိတဲ့ အချိန်တွေမှာလည်း အိမ်ကို ခဏခဏလာတယ်။ ပြီးတော့
မေမေနဲ့ရယ်ရယ်မောမော စကားတွေပြောကြတယ်။ လက်ဆောင်တွေပေးတယ်။ သူ့ကိုလည်း
မုန့်ဖိုးတွေပေးတယ်။ အစကတော့ သူပျော်ခဲ့ပါတယ်။ ဒါပေမယ့်
မိုးသည်းညတစ်ညမှာမြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့် သူမပျော်တော့ဘူး။
လျှပ်ရောင်တွေ တဝင်းဝင်းနဲ့ မိုးတွေ သည်းကြီးမည်းကြီးရွာနေတယ်။
လေတွေ တဝေါဝေါတိုက်ပြီး မိုးကြိုးတွေတစ်ချက်တစ်ချက်ပစ်နေတာကြောင့်
သူအိပ်ယာကလန့်နိုးလာတယ်။ အနားမှာ မေမေရှိမနေဘူး။ ဖေဖေ မနက်က
အလုပ်ကိစ္စတစ်ခုနဲ့ ခရီးထွက်သွားတယ်။ မိုးတွေရွာရင် သူကြောက်တတ်တယ်ဆိုတာ
မေမေ သိရဲ့နဲ့ ဘယ်သွားနေလဲ။ သူ အိပ်ယာကနေ ထပြီး
အခန်းအပြင်ဘက်ကိုထွက်ခဲ့တယ်။ မိုးခြိမ်းသံတွေကြားမှာ ကြောက်ကြောက်နဲ့
မေမေ့ကိုရှာရင်း မီးဖိုခန်းဘက်ကိုရောက်တော့
လျှပ်ရောင်ဖွေးဖွေးနဲ့မြင်လိုက်ရတဲ့ မြင်ကွင်းဟာ ။
သူ့ပါးစပ်ကို လက်တစ်ဖက်က လာပိတ်လိုက်တယ်။ သူ့လှည့်ကြည့်လိုက်တော့ မိုးရေတွေ
တစ်ကိုယ်လုံးရွှဲစိုနေတဲ့ ဖေဖေရယ်လေ မျက်ရည်တွေ သွင်သွင်စီးလို့။
သူ့မျက်ဝန်းမှာလဲ….။
(င)
မေမေနဲ့ဖေဖေ အဲဒီညမှာ
စကားများကြတယ်။ ဟိုလူကြီးကတော့ ဧည့်ခန်းထဲမှာ ခေါင်းကြီး ငိုက်စိုက်ချလို့။
ဖေဖေ ခရီးမထွက်ဖြစ်ခဲ့ဘဲ ပြန်ရောက်လာခဲ့တာဟာ ဒီကိစ္စကိုရှင်းဖို့တဲ့။
ဖေဖေ့လုပ်ဖော်ကိုင်ဖက် ပတ်ဝန်းကျင်မှာ ဖေဖေ သိက္ခာကျသတဲ့။ အပြန်အလှန်
ဟစ်အော်နေတဲ့ မေမေနဲ့ဖေဖေရဲ့ အသံတွေဟာ မိုးလေတွေထဲမှာပဲ
ပျောက်ပျောက်သွားခဲ့တယ်။
ဖေဖေအဲဒီည အိမ်ကနေ မိုးလေတွေထဲမှာ
ထွက်သွားတယ်။ မေမေက တင်းမာခက်ထန်နေတဲ့ မျက်ဝန်းတွေနဲ့ကျန်ခဲ့တယ်။
ဖေဖေကိုမြင်လိုက်ရတာဟာ အဲဒီည နောက်ဆုံးပါပဲ။ မိုးရေတွေနဲ့အတူ မိုးတိတ်တော့
ဖေဖေ မရှိတော့ဘူး။ ဖေဖေ ကန်ထဲမှာ ရေနစ်သေသွားတယ်ဆိုတာပဲ သူသိလိုက်တယ်။
အဲဒီကတည်းက အမှောင်တခြမ်းဟာ သူကဘဝအတွက်
ကောင်းကင်တစ်ခြမ်းဖြစ်သွားခဲ့တာပေါ့။
နှစ်လအကြာမှာ မေမေ လက်ထပ်လိုက်တယ်။ သူလည်း………….။
သံတိုင်တစ်ဘက်ခြမ်းမှာ မျက်ရည်တွေနဲ့ မေမေ သူ့ကိုကြည့်နေတယ်။
“အဲဒီကလေးဟာ ဒေါ်ကေသီရဲ့သားဆိုတာ သေချာလား။ ကြည့်ပါဦး။
သေချာတယ်ဆိုရင်တော့ ဘယ်လိုလုပ်ချင်သလဲဆိုတာ ဆရာတို့တိုင်ပင်ကြတာပေါ့။“
ဝတ်စုံဖြူဖြူဝတ်ထားတဲ့ လူကြီးက မေမေကိုပြောနေတဲ့ စကားသံ။
“သူ့ကို ဘယ်မှာတွေ့တာတဲ့လဲ ဒေါက်တာ ။ ဒါ ကျွန်မ သားပါ။ ကျွန်မသားလေးပါ။ ပြောပါဦး ဒေါက်တာ“
“နောင်ယားကန်မှာပါ“
“ရှင်.. “
ပြူးကျယ်သွားတဲ့ မေမေ့မျက်ဝန်းတွေကိုကြည့်ရင်း သူကျေနပ်တယ်။
သူ့ကို လူတွေက ရူးနေတယ်ထင်ကြတယ်။ တကယ်တမ်း သူမရူးပါဘူး။ အားလုံးကိုသိတယ်။
သူ့ကိုယ်ပေါ်က အဝတ်တွေ ညစ်နွမ်းသွား တာလဲသိတယ်။ သူ့ဆံပင်တွေရှည်သွားတာလဲ
သိတယ်။ သူ့လက်သည်းတွေ ရှည်လာတာလဲသိတယ်။
တစ်ခုပဲ
သူများမိသားစုတွေ ပျော်ရွှင်နေတာကို သူမသိချင်တာပဲ။ ဒါကြောင့်
အဲလိုမြင်ကွင်းတွေမြင်ရင် ခဲနဲ့ပစ်တယ်။ လက်ချင်းချိတ်ထားရင် လက်တွေ
ပြေးဆွဲပစ်လိုက်တယ်။ အဲလို ခဏခဏဖြစ်ပြီး လူတွေ သူ့ကိုကြောက်လာတယ်။
တစ်ချို့က အရူးလို့ ခပ်ကျယ်ကျယ်ပြောတယ်။
တစ်ချို့က ခပ်တိုးတိုးလေးနဲ့
“သနားပါတယ်…ဟယ်“ တဲ့…။
သော်ဇင်(လွိုင်ကော်)
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၁၃
No comments:
Post a Comment