အို
ရင်တွေတလှပ်လှပ်ခုန်လိုက်တာ။
ပျော်လွန်းလို့ ဝမ်းသာနေမိရတဲ့ ကျွန်မအဖြစ်ကသူများကြားရင်အံ့သြချင်စရာ။
သမီးသမီးဘယ်ရောက်သွားသလဲ။ အရေးထဲဆို ဒီအိမ်ကျဉ်းကျဉ်းလေးထဲမှာကို
သားအမိချင်းရှာမတွေ့ချင်ဘူး။
နေဦးနေဦးမှတ်ပုံတင်မှတ်ပုံတင်ဘယ်နားထားမိပါလိမ့်။အဲဒါအရင်ရှာရမယ်။လောလောဆယ်သမီးကအရေးမကြီးဘူး။
မှတ်ပုံတင်ကအရေးကြီးတယ်..။
မှတ်ပုံတင်….။
သြော်မှန်တင်ခုံအံဆွဲမှာထားတာ။
ဟုတ်တယ်။ဟုတ်တယ်။အသက်ကြီးလာလို့ခဏခဏမေ့နေမိတယ်။မှန်တင်ခုံနားသွားပြီးအံဆွဲကို
ကျွန်မကမန်းကတန်း ဆွဲထုတ်လိုက်ပြီး မှတ်ပုံတင်ကိုယူလိုက်တယ်။
ပြီးတော့မှန်ထဲကို ကြည့်လိုက်မိတယ်။
“ဟင်“
မှန်ထဲမှာလေ ကျွန်မ………….။
(၁)
“အမေကလည်း မြန်မြန် လာပါလို့ဆိုနေ”
“ဟဲ့ဘာလို့အဲလောက်လောနေတာလဲ၊ “
“သုံးနာရီမကျော်ခင်လာပါလို့မှာထားတယ်ဆိုတော်တော်ကြာနောက်နေ့မှထုတ်နေရမှာပေါ့“
ကျလောက်ကျလောက်တဲ့သမီး။ နောက်နေ့မှထုတ်ရတော့ရောဘာများဖြစ်သွားမှာလဲ။
ကြည့်ဦး။ ကျွန်မမှတ်ပုံတင်ကို
ပိုက်ဆံအိတ်ပြားချပ်ချပ်ထဲထည့်လို့လက်မှာဟန်ပါပါ ချိတ်ထားလိုက်တာများ
သူ့နာမည်နဲ့ပဲ ငွေတွေလွှဲလာသလိုလို။ ကျွန်မနေရာမှာသာ
သမီးဒီလိုရုပ်ပျက်ဆင်းပျက် ဖြစ်သွားကြည့်ခုလောက်
တက်ကြွပါ့မလားလို့တွေးမိတယ်။
တွေးကြည့်လိုက်ရင်မျက်ရည်လည်ရွှဲနေ့ရက်တွေက မနေ့တစ်နေ့ကလိုပဲ
လွမ်းလို့မှမပြီးသေးဘူး။ ခုရမယ့်ငွေတွေကလည်း လွယ်လွယ် အလကားရတာမဟုတ်ဘူး။
လူတစ်ယောက်လုံးရဲ့မျက်နှာတပြင်လုံး မိမွေးတိုင်းဖမွေးတိုင်း အဖြစ်ကနေ
အရုပ်ဆိုး အကျည်းတန်ဖြစ်မှရတာ။
ကံများဆိုးပုံပြောပါတယ်ကားတစ်စီးလုံးမှောက်တာ ကျွန်မ တစ်ယောက်တည်းကွက်ပြီး
ဘဝသုဉ်းရတယ်လို့။ ဒါကြောင့်ပြောတာ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာလို့။
ပြီးတော့ကုလိုက်ရတဲ့ ဆေးတက်လိုက်ရတဲ့ဆေးရုံး
နှစ်ရုံတောင်ပြောင်းတက်ခဲ့ရတာလေ။ ကျွန်မမျက်နှာဆိုတာရစရာကို မရှိတော့တာ။
လက်ကလေးနဲ့ စမ်းကြည့်မိလိုက်တိုင်း
လူတောမတိုးတော့ဘူးလို့တွေးပြီမျက်ရည်တွေသွေသွေကျခဲ့ရတာ။ တက်နိုင်တဲ့
သူများကတော့ဘာအရေးလဲ။
ပလပ်စတစ်ဆာဂျီရိဆိုလားလုပ်လိုက်ရင်နဂိုပကတိအတိုင်းပြန်ရတယ်တဲ့။
အဲဒီအတွက်ဘယ်မလဲငွေတွေ။နဂိုအတိုင်းမရရင်တောင်
ကြည့်ကောင်းအောင်မနည်းလုပ်လိုက်ရတယ်။
ဟောပြီးပြီလာဆိုတော့ယာဉ်ပိုင်ရှင်ကမသိတတ်တော့တရားပဲဆွဲရတော့မလိုလို။
ဒရိုင်ဘာကလည်း သူလိုကိုယ်လို
နဂိုကမွဲဆိုတာလိုပေါ့။ဒါနဲ့ဟိုလူ့သံတော်ဦးတင်ရတော့မလိုလို။
ဒီလူ့သံတော်ဦးတင်ရတော့မလိုလို။ နောက်ဆုံးတော့လည်း
တရားရင်ဆိုင်လို့ကုန်ရမယ့်ငွေတွေအစားဆေးကုရာမှာအကုန်ခံလို့မေတ္တာဂရုဏာရှင်ဘွဲ့ကိုခံယူလိုက်ရတယ်။
ဒါတောင်ဟိုရုံးသွားဒီရုံးသွားရတဲ့စရိတ်ကအိတ်ဆိုက်။အဲဒီတုန်းကများမိတ္တူကူးဖို့၊ဓါတ်ပုံကူးဖို့၊ထောက်ခံစာယူဖို့
ဆိုတဲ့နေရာတွေမှာ သမီးကမျက်စောင်းကို ယောင်လို့ခဲခဲ့တာ မဟုတ်ဘူး။
ဟောခုငွေလည်းရမယ် လုပ်ရော သမီးကရှေ့ကနေ တက်ကြွနေလိုက်တာ။ ပြီးတော့လည်း
“အမေဘယ်လောက်ရမလဲမသိဘူးနော်“
“ဟဲ့ဘယ်သိမလဲဟဲ့ပေးသလောက်တော့ရမှာပေါ့“
“အမေနော်သမီးကိုမုန့်ဖိုးပေးရမှာနော်တဲ့“
(၂)
အပြုံးယဲ့ယဲ့အောက်မှာ
သိမ်ငယ်မှုတွေများ ပေါ်သွားလေမလား။ မှင်ဗူးထဲကဖော့ကလေးပေါ်မှာ
ဘယ်ဘက်လက်မလေးကို ဖိပြီးတဖက် စာရွက်လေးပေါ်မှာ နှိပ်လိုက်တော့
ကျွန်မလာရင်းကိစ္စကပြီးပြီတဲ့။ခေါင်းမော့ပြီးပြန်ပြုံးပြမိတော့စာနာပြုံးလို့ယူဆရမယ့်အပြုံးကိုမြင်ရတယ်။
“ကျေးဇူးတင်ပါတယ်အစ်မ“
ဒါပဲ ..။ ကျွန်မနှုတ်ဖျားကထွက်သွားတာ။
ပြီးတော့သုံးနာရီမထိုးခင်အရောက်သွားနော်လို့
ကျွန်မကိုမှာတယ်။ဘုရားသိကြားမလို့အချိန်မလွန်ပါစေနဲ့လို့ကျိတ်ပြီးဆုတောင်းရတယ်။အရေးထဲအရာပေါ်ဆိုသလို
အပြင်ဘက်မှာကလည်း ဇူလိုင်မိုးကဖွဲလာပြန်ရော။ မိုးမိရင် ကျွန်မဖျားမလား။
လူကခုတလောမောမောနေတာ၊ နည်းနည်းအေးတာနဲ့ ဖျားချင်တာ ဘာညာသာရကာတွေက
စုံအောင်ဖြစ်ချင်နေတာ ကျွန်မသိတယ်။
“အမေမိုးသည်းမှာမဟုတ်လောက်ဘူးသမီးတို့သွားရအောင်“
ဒါပဲအမေဘာဖြစ်နေလဲ။ မောသလား။ ပမ်းသလားထည့်ကို မစဉ်းစားတဲ့သမီး။
ပြောလိုက်ရင်တော့သမီးကကလေးတွေနဲ့ မအားလို့လေဆိုတာနဲ့ပဲ
ကျွန်မနေမကောင်းနေုတုန်းက အနားတောင်ကပ်ခဲ့တာ မဟုတ်ဘူး။ မရှိမဲ့ရှိမဲထဲက
လူနာစောင့်ငှား။ စိတ်သွားတိုင်းကိုယ်မပါတဲ့
ကျွန်မကမကျေနပ်တာတွေ၊စိတ်တိုင်းမကျတာတွေကိုလည်း ရင်ထဲသိမ်းခဲ့ရတာပဲ။
ခုများတော့
ကျွန်မထက်သမီးကပိုစိတ်စောနေတယ်။အရွယ်ကောင်းတော့ဒီမိုးကဖွဲသလားပေါ့လေ။
“အေးအေးသွားမယ်လေထီးနဲ့ဆိုင်ကယ်စီးရတာစီးတတ်ပါ့မလားသမီး“
“ရပါတယ်အမေရဲ့ “
ဆယ်မိနစ်နီးနီးလောက်ဆိုင်ကယ်စီးလိုက်တော့ဘွားခနဲပေါ်လာတဲ့အဆောက်အဦးကြီးကိုကြည့်ပြီး
ရင်တွေလှိုက်ဖိုလာရပြန်တယ်။ဆိုင်ကယ်တွေကားတွေရပ်ထားလိုက်တယ်ဆိုတာများမှများ။
ဒီနေရာ ကျွန်မရောက်ဖူးလိမ့်မယ်လို့ မထင်တဲ့နေရာ။
ခုမှဆိုက်ဆိုက်မြိုက်မြိုက် ရောက်ဖူးတာကိုပဲကျေးဇူးတင်ရမှာလား။
ဟင့်အင်းမတင်ပါဘူး။ လူတော့မတိုးတဲ့အချိန်မှ
ရောက်ရတာကိုတော့ဘယ်လိုမှကျေးဇူးမတင်နိုင်ပါဘူး။
တစ်သက်နဲ့တစ်ကိုယ်ဒီနေရာကိုဒီတစ်ကြိမ် ပထမဆုံးရောက်ဖူးတာပဲ။
“အမေ ဝင်ရအောင်လေ“
“အေးအေးသမီး………….“
မိုးအေးနေရဲ့သားနဲ့နဖူးပြင်စမှာ သီလာတဲ့ချွေးစက်တွေကို လက်ကိုင်ပုဝါလေးနဲ့
အသာတို့ပြီးခြေစလှမ်းတော့အိုဒူးများတောင်ညွှတ်ချင်နေပါ့ပေါ့လား…။
ဘုရား……….ဘုရား။
(၃)
ကြွေပြားတွေက ပြောင်ချောနေတာများ ကျွန်မအရိပ်ကို ကျွန်မ ပြန်မြင်နေရတယ်။
မိုးကအေးနေရတဲ့အထဲမှာ လေအေးပေးစက်တွေကတစိမ့်စိမ့်ပိုအေးလာနေစေတယ်။
မျက်နှာကို
လက်ကိုင်ပုဝါတစ်ထည်နဲ့ ကာကာနေရတာကလည်း အလုပ်တစ်ခု။ ခုမှအသိအကျွမ်းတွေကို
တွေ့ရင်တောင်
ပြုံးပြဖို့လည်းမရဲသလိုရယ်ပြဖို့လည်းမသင့်ဘူးလို့ခံစားနေရတာကယုံကြည်ချက်တွေပျောက်ဆုံးနေခဲ့သလိုပဲ။
ကွက်ကြည့်ကွက်ကြည့်နဲ့စပ်စုနေကြတဲ့မိန်းမတချို့ရဲ့အကြည့်တွေကို
လွဲဖယ်တဲ့အနေနဲ့ ခေါင်းကိုငုံ့ထားလိုက်တယ်။
ကျွန်မပေါင်ပေါ်ကပိုက်ဆံအိတ်ပြားချပ်ချပ်ကလေးကိုလည်းမသိမသာလက်နဲ့ချေရင်းပေါ့။သမီးက
“အမေခဏနေဦးနော်….ဒီမှာရေးထားတာတော့ငါးထောင်လားငါးသောင်းလားမသိဘူး။ “
“ဟင်သေချာဖတ်ပါဦးသမီးရယ်ငါးထောင်ဆိုရင်တော့အမေမထုတ်ရဲဘူး“
“ငါးထောင်တော့မဟုတ်နိုင်ဘူးငါးသောင်းဖြစ်မှာအင်္ဂလိပ်လိုရေးထားတာအမေရဲ့“
သမီးပြောမှပိုရင်ခုန်လာရတယ်။ဒီလိုလူစည်ကားနေတဲ့ဘဏ်အတွင်းမှာငွေငါးထောင်ကိုအကျည်းတန်တဲ့မျက်နှာနဲ့လာထုတ်ရတယ်ဆိုတာ။
ကျွန်မဘာမှန်းမသိ ရှက်ချင်လာတယ်။ပိုက်ဆံငါးထောင်ဆိုတာ ကျွန်မတစ်ရက်
ဈေးရောင်းရတာလောက်မရှိပါဘူး။ အဲဒီငါးထောင်ရဖို့အတွက်ဆိုရင်
ကျွန်မဒီလိုအချိန်တွေပေးပြီးရုံးတွေဘာတွေသွားခိုင်းဖြစ်မှာမဟုတ်ဘူး။
လူလူချင်း စာနာသနားငဲ့ညာခဲ့လို့တာ ကျွန်မအလုပ်တွေရှုပ်နေမိတာပဲ။
မမျှော်လင့်ခဲ့ဘူးလို့ပြောခဲ့ပေမယ့်တကယ်တမ်းတော့တိတ်တခိုးမျှော်လင့်မိခဲ့တာပဲ။
ဒီငွေဘယ်တော့ရောက်လာမလဲလို့ပေါ့။ခုမနက်ဖုန်းလာတော့
ကြားကြားချင်းပျော်နေတာ။
ပျော်ပြီးမှနောင်တရမိတာရှိတယ်။
ဒါပျော်စရာမဟုတ်ဘူးဆိုတာလည်းသိလိုက်တယ်။
(၄)
“ဒေါ်ခက်မာငွေထုတ်လို့ရပါပြီရှင်”
ထိပ်ခနဲဖြစ်သွားရတယ်။ ကျွန်မနာမည်ကိုခေါ်လိုက်တော့ဘေးနားမှာ
ကျွန်မနည်းတူပိုက်ဆံထုတ်ဖို့စောင့်နေကြတဲ့လူတွေကဘာရယ်မဟုတ်ကြည့်နေကြတယ်။အဲဒီဘာရယ်မဟုတ်ဆိုတာက
ကျွန်မရဲ့ခြေလှမ်းတွေကိုတော့မှားစေနိုင်တယ်။သတိကိုမပြတ်ထားပြီးခြေလှမ်းတွေလှမ်းနေပေမယ့်
ကျွန်မလက်ကတော့သမီးလက်မောင်းကလေးကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိတာပဲ။
“ဒီနေရာမှာလက်မှတ်ထိုးပေးပါရှင်“
ဘုရားဘုရား။ အဲဒါမှဒုက္ခအစစ်။ ကျွန်မက သမီးကိုယောင်ယောင်ကန်းကန်း ကြည့်လိုက်တော့သမီးက သဘောပေါက်တယ်။
“ဟိုလေအစ်မလက်ဗွေနှိပ်လို့မရဘူးလားရှင့်ဒါမှမဟုတ်ကိုယ်စားထိုးပေးဆိုလည်းထိုးပေးပါ့မယ်“
“မရဘူး….ညီမရဲ့ကိုယ်စားလည်းမရဘူးလေ ။ ဒီကအဒေါ်ကြီးရဲ့
နာမည်နဲ့လွဲလာတာဆိုတော့လက်မှတ်ကို
အဒေါ်ထိုးမှပဲရမှာ..လက်ဗွေနှိပ်ဖို့ရာတော့အဆင်မပြေဘူး။
မထိုးတတ်လည်းလက်မှတ်ဖြစ်အောင်ပဲရေးခဲ့လည်းရတာပဲလေ။“
ဘဏ်ဝန်ထမ်းလေး မိန်းကလေးရှင်းပြနေတာကို ကျွန်မကောင်းကောင်းမကြားဘူး။ ခုမှကိုယ့်အထုပ် ကိုယ်လာဖြည်ချနေရသလို ခံစားနေရတယ်။
စာတတ်မတတ်ဘူးဆိုတဲ့အသိကအများအမြင်မှာကဲ့ရဲ့စရာများဖြစ်သွားလေမလား။
ဒီလိုတွေလုပ်ရမယ်မှန်းသိရင် ကျွန်မမလျှောက်ခိုင်းခဲ့ပါဘူး။
ဒါပေမယ့်လည်းပေါ့မျှော်လင့်မိတာကလည်းဒီငွေတွေပဲလေ။
ဒီငွေတွေကြောင့်ပဲလဲလှယ်ခဲ့ရတဲ့အရာတွေ၊ဆုံးရှုံးခဲ့တဲ့အချိန်တွေ၊ယုံကြည့်မှုတွေအားလုံးလုံးပါးပါးခဲ့တာပဲလေ။
“အမေရော့ဘောလ်ပန်အမေရေးတတ်သလိုသာရေးလိုက်“
လက်တုန်တုန်ချိချိနဲ့ဘောလ်လေးကို ကိုင်ပြီးကျွန်မဘဝမှာစာရေးတယ်ဆိုလို့
နှစ်လုံးတည်းသာ ရေးခဲ့ဖူးတဲ့ခက်မာဆိုတဲ့စာလုံး
နှစ်လုံးကိုရွဲ့တီးရွ့ဲစောင်း ကျွန်မရေးချလိုက်တယ်။
“ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဒီမှာငါးသိန်းပါရှင်“
သမီးရော ကျွန်မပါမျက်လုံးလေးတွေအရောင်တောက်သွားတယ်။
ငါးသိန်းတဲ့…။ကယောင်ကတမ်းနဲ့ ကျွန်မပါးပြင်ကိုလက်ကစမ်းတပ်မိလိုက်တယ်။ဒီမျက်နှာ…။
(၅)
“သမီးဘယ်ကိုသွားနေတာလဲ“
“အလှပြင်ဆိုင်လေ”
“ဟဲ့ဘာလုပ်ဖို့လဲ ..။သမီးမှာပိုက်ဆံပါလာသေးလို့လား။ သမီးရယ်ကလေးပဲနှစ်ယောက်ရနေပြီ။ အပိုကုန်မှာတွေလုပ်မနေပါနဲ့“
“အိုအမေကလည်း အမေထုတ်ထားတာပဲလေ ခုကသူတစ်ပါးအာမခံတဲ့ ပြီးရင်အမေကထပ်ရဦးမှာ
ခရီးသွားအာမခံကြေးက ဘယ်လောက်ရမလဲမသိဘူး။
ခုတောင်ငါးသိန်းဆိုတော့နောက်တစ်ခါဆိုရင်များချင်များမှာအမေရဲ့။
သမီးငယ်နဲ့သမီးကြီးအတွက်ကျောင်းစိမ်းတွေလည်း ဝင်ဝယ်မယ်နော် အမေ။
သမီးတော့ကျေးဇူးတင်လိုက်တာ။ အမေရော ဝမ်းသာတယ်မလား။“
မြတ်စွာဘုရား။
နောက်တစ်ခါဆိုရင် များချင်များမှာဆိုပဲ။ ပြီးတော့ ဝမ်းသာတယ်မလားတဲ့။
ကျွန်မမျက်နှာတပြင်လုံးရစရာမရှိမှရလာရတဲ့ငွေကိုအလကားများရတယ်လို့ထင်နေသလားသမီးရယ်လို့
ကျွန်မ စိတ်ထဲမှာပဲပြောနေမိတယ်။ ကျွန်မ သိမ်ငယ်နေခဲ့တာတွေ၊ယုံကြည်မှု
ပျောက်ဆုံးနေတာတွေက လက်ထဲက ငွေငါးသိန်းက ဖုံးအုပ်သွားခဲ့တယ်ထင်ပါရဲ့။
ကျွန်မ မျက်နှာမှာဒဏ်ရာတွေနဲ့ ဆိုတာကာလကြာလာလို့ပဲ
သမီးမေ့သွားခဲ့လေသလားလို့တွေးလိုက်မိပါတော့တယ်။
မျက်စိထဲမှာတော့ခုချိန်ထိပြန်မြင်နေရတဲ့မြင်ကွင်းက
ကားတစ်စီးပေါ်မှာဒလိမ့်ခေါက်ကွေးအမှောင်ဖုံးသွားခဲ့တဲ့ ည။
သွေးစိမ်းရှင်ရှင်ထွက်သွားခဲ့တဲ့ဒဏ်ရာများနဲ့ညတစ်ည…..။
ကျွန်မမျက်နှာကိုအယောင်ယောင်အကန်းကန်းနဲ့ပွတ်သပ်မိချိန်မှာသမီးကဆိုင်ကယ်ကိုရပ်လိုက်တယ်။
“မာမီရေသမီးမျက်နှာကိုပေါင်းတင်မယ်၊ရွှေသွင်းမယ်နော်။“
“အမလေးဟယ်လာလာထိုင်ပါရှင်လှသွားဦးမှာ မာမီကကိုင်ပေးဦးမှာ …..သမီးမျက်နှာလေးလှသွားဦးမှာ“
အပြန်အလှန်အချီအချ
ပြောနေလိုက်တာများ ကျွန်မမျက်နှာကိုမကြည့်မိကြဘူးထင်ပါရဲ့။ ကျွန်မမှာတော့
လက်ကိုင်ပုဝါလေးမျက်နှာကိုအုပ်ပြီးဟိုကြည့်ဒီကြည့်။
သော်ဇင်(လွိုင်ကော်)
အနော်မာ မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၁၄
No comments:
Post a Comment