Saturday, October 8, 2022

အားနာ ပါးနာ


သူတို့မို့အားမနာတယ်ဗျ။တစ်ကြောင်း တစ်ကြောင်းဆွဲရတာ လွယ်တယ်မှတ်လို့။အသွားအပြန်တွေကို ရေကြည့်ရင်လက်ဆယ်ချောင်း ပြည့်တော့မတတ်ပဲ။ ခုချိန်မှာ အဟက်အဟက်လို့တောင်မရယ်နိုင်ပါဘူး။ ဟန်ဆောင်ပြုံးရတဲ့အလုပ်လောက်ပင်ပန်းတာမရှိဘူးဆိုတာ မှန်တယ်။ပြောကြမှာပေါ့။ ပြုံးရတာများ ဘာဖြစ်သွားမှာမှတ်လို့ဆိုပြီ။ ဒီလိုဆို ခင်ဗျားတို့ပဲ တစ်နေကုန်တွေ့တဲ့လူတိုင်းကိုပြုံးပြကြည့်စမ်းပါ။ ကျွန်တော်က အပြောမဟုတ်ဘူး။ ပြီးတော့စိတ်မပါလက်မပါပြုံးနေရတော့ပိုပင်ပန်းတယ်။ဒီကြားထဲ ကျွန်တော်က သိပ်အားနာတတ်တော့ ကျွန်တော်ထည်လဲသုံးနေတတ်တဲ့ရပါတယ်ဗျာ ဆိုတဲ့စကားနဲ့ကိုယ့်ရှူးကိုယ်ပတ်နေတာဗျ။ဒီကြားထဲ သူတို့က အမေးအမြန်းထူတဲ့အခါမှာ ကျွန်တော့်မှာ မဖြေချင့်ဖြေချင်နဲ့ဖြေနေရတာလောက်စိတ်ပျက်မိတာ ပြောမကုန်လောက်ဘူး။ ခုကြည့်ပါဦး။

သူတို့မို့အားနာ ပါးနာမရှိတယ်ဗျာ။
(၁)
လောပိတဘက်ဆိုတော့ အတက်အဆင်းတွေချည်းပဲ။ ကျွန်တော့်မှာ လမ်းကြောကို ဂရုတစိုက်မောင်းနေရတဲ့အထဲ နောက်ဘက်က သူတို့တွေကလည်း မေးခွန်းတွေချည်း ဇွတ်မေးနေတယ်။ပြောကြပါလား။ အချင်းချင်း။ ခုတော့အချင်းချင်းအပြင် သူတို့စကားဝိုင်းထဲ ကျွန်တော့်ကိုပါဆွဲထည့်လို့ဒါက ဘာရွာတွေလဲ၊ ဟိုတောင်က ဘာတောင်လဲ၊ ဟိုစိုက်ခင်းက ဘာစိုက်ခင်းလဲ စတဲ့မေးခွန်းတွေကို အားမနာလျှာမကျိုး မေးတယ်။ ကျွန်တော့်မှာလည်း သူတို့တွေက ဧည့်သည်တွေဆိုပြီးတော့ဖြေပေးတယ်။တကယ်က ဘာမှထူးဆန်းတာမဟုတ်ဘူး။ ရွာတွေကလည်း ထူးခြားတာမပါဘူး။ တောင်တွေကလည်း မထူးခြားဘူး။ စိုက်ခင်းဆိုပိုဆို။ သူတကာနယ်တွေလိုပဲ ရာသီပေါ်သီးနှံတွေစိုက်ကြတာပဲ။ ခုချိန်က ပြောင်းပင်တွေတောင်ခြောက်သယောင်းလို့နေပြီ။
“မင်းတို့မြို့ကိုတော့ ကြိုက်သွားပြီ မောင်ရင်ရေ“
“ဟုတ်ကဲ့ဘာလို့လဲ ဦးကြီးရ“
“ဘာလို့ရမလဲ မောင်ရင်ရဲ့ မြို့ကလူဦးရေကလည်းနည်းသေးတော့မျက်စိရှင်းနားရှင်းတယ်။ဆိုင်ကယ်မရှုပ်၊ကားမရှုပ်တာကိုသဘောကျတာ။ ရာသီဥတုကလည်း တောင်ကြီးလိုလို ပြင်ဦးလွင်လိုလိုနဲ့နေလို့ကောင်းတယ်။ ဦးကြီးတော့အသက်ကြီးလာရင်ဒီမှာလာနေမှထင်တယ်။“
နေပေါ့ဦးကြီးရာလို့ ကျွန်တော်မပြောဖြစ်ဘူး။ အဲဒီဦးကြီးဆိုသူက သိပ်စကားများတာ။ ခုတောင်သူ့စကားကို မထောက်မဖြစ်ထောက်လိုက်ပေမယ့်ခုပဲ စကားစကရှည်နေပြီ။
“မီးကလည်း နှစ်ဆယ့်လေးနာရီရ“
အဲဒီစကားကိုကြားတော့ ကျွန်တော်ပြုံးမိတယ်။
“ရေကလည်း ပေါ။ရာသီထွက်သီးနှံတွေကလည်း ပေါဆိုတော့အဆင်ပြေတယ်ကွဒါနဲ့ရောက်တော့မလား လောပိတ ရေအားလျှပ်စစ်စက်ရုံဆိုတာက၊ ဟင်မောင်ရင်“
(၂)
လောပိတရေအား လျှပ်စစ်စက်ရုံက ပြန်တက်တော့ ကျွန်တော့်ဆိုင်ကယ်က တော်တော်ရုန်းလိုက်ရတယ်။လောပိတရှမ်းရွာကို ရောက်တော့ခဏနား။ ဆီပြန်ဖြည့်။သူတို့တွေကလည်း လမ်းဘေးမုန့်ဆိုင်လေးမှာ အအေးဝယ်သောက်ကြတယ်။ ကျွန်တော်က သူတို့နဲ့ခပ်လှမ်းလှမ်းမှာနေပြီး ဆေးလိပ်သောက်ချင်လာလို့ရူဘီတစ်လိပ်ထုတ်ပြီး ဖွာတယ်။
“မီးခြစ်ပါလား မောင်ရင်“
“ဟုတ်ကဲ့ပါပါတယ်။ “
လာပြန်ပြီ။ ခပ်ခွာခွာနေချင်တယ်ဆိုမှအဲဒီဦးကြီးက ကျွန်တော့်အနားကိုရောက်လာသေးတယ်။မီးခြစ်ခြစ်ပြီး မီးတို့ပြီးတော့ ကျွန်တော့်ကိုဆက်ပြောတယ်။
“မောင်ရင်တို့ ပြည်နယ်က ဟိုတုန်းက တော်တော်လမ်းပန်းဆက်သွယ်ရေးမကောင်းဘူးဆို“
“ခုလည်းမကောင်းသေးပါဘူး ဦးကြီး“
“မဆိုးပါဘူးကွ။ဈေးရှိတယ်။လေယာဉ်ကွင်းရှိတယ်။ရထားဘူတာရှိတယ်။ကားဂိတ်ရှိတယ်။ ပြီးပြီပေါ့။ဒါနဲ့ပလပ်စတစ်အမှိုက်တွေသိပ်မတွေ့ရဘူးနော်။ဒါတော့ဦးကြီးပိုကြိုက်တယ်။“
“လူနေလည်းကျဲတာကိုးဗျ။ မြို့ပေါ်ရပ်ကွက်က အိမ်တွေတောင်ကျဲသေးတာ။ အမှိုက်နည်းတာလည်းမပြောနဲ့လေ ဦးကြီးရ။ “
“ပိုသဘောကျတာက လျှပ်စစ်မီး နှစ်ဆယ့်လေးနာရီရတာ“
ကျွန်တော်စကားထောက်ပေးလိုက်ပြန်တော့အဲဒီဦးကြီးက ထက်ပြီး စောစောက မီးတစ်နေကုန်ရတာကိုပြောပြန်တယ်။ဒါကတော့ ကျွန်တော်တို့ မြို့ကလေးကိုလာတိုင်း လောပိတရေအားလျှပ်စစ်ကြီးရှိနေတာကိုကြည့်ပြီး မီးအချိန်ပြည့်ရတာကို ချီးကျူးမဆုံး။ အားကျမဆုံး ပြောနေကြစကားပါပဲ။ ဧည့်သည်တွေက အပေါ်ယံကြောလောက်ပဲသိပြီး ကျွန်တော့်တို့ မြို့ကလေးမှာ နေရတဲ့အခိုက်အတန့်လေးမှာပဲ မြင်တွေ့ရတော့ဒီလိုပဲပြောကြတာပါ။ ကျွန်တော်တို့ကလည်း တကူးတက ပြန်မဖြေရှင်းပါဘူး။ ဒါပေမယ့်ခုဦးကြီးကိုတော့ ကျွန်တော်ပြောပြမိတော့မယ်။
“သိပ်ပြီးလည်းသဘောကျမနေနဲ့ဦးကြီးရ။“
“ဘာဖြစ်လို့တုန်းမောင်ရင်ရဲ့“
“ဦးကြီးက မြို့ပေါ်ပဲနေတာကိုဗျ။ ကျွန်တော်တို့ကယားပြည်နယ်တစ်ခုလုံး မီးမရသေးတာ ရွာပေါင်း ငါးရာကျော်ရှိ နေသေးတယ်ဗျ။ဒါဘာထူးသေးတုန်း။ ဟိုတုန်းက ခုလောပိတဓါတ်အားလိုင်းဆွဲထားတဲ့လမ်းတလျှောက်က ရွာတွေတောင်ခုမီးရတာမကြာသေးဘူး။ ဦးကြီးက ကံကောင်းတယ်ထင်မယ်။ကံက သူ့ဖာသာ သူကောင်းတာ မဟုတ်ဘူးဗျ။လက်ညိုးညွှန်ပြီး ဟိုနေရာပေး ဒီနေရာပေးဆိုမှရတာ“ ဒီတော့အဲဒီဦးကြီးက ပါးစပ်ကလေးပိတ်လို့။
(၃)
ခုလည်း တောင်ကွဲတက်မယ်ဆိုတော့ရောက်ရပြန်တယ်။ ကျွန်တော့်စိတ်တောင်တော်တော်မောလာတယ်။လွိုင်ကော်ကို ရောက်တုန်းရောက်ခိုက်လေး အထင်ကရ တောင်ကွဲစေတီကြီးကို မော်ဖူးချင်ပါတယ်တဲ့။ပို့တာပေါ့။တစ်နေကုန်အော်ဒါမိထားတယ်ဆိုတဲ့ အတွေးနဲ့။ ကျွန်တော့်အဖေကလည်း
“သားရာ ဖေဖေ့အုံနာတွေရဲ့ဧည့်သည်တွေဆိုတော့ဖေဖေ့ဧည့်သည်လိုပဲသဘောထားပို့ပေးလိုက်ပါ။“တဲ့။ပြောတော့လွယ်တယ်။မနေ့တုန်းကလည်း လောပိတကအပြန်သုံးဘီးခပေးရဦးမယ်ပေးရဦးမယ်နဲ့ဘယ်သူမှပိုက်ဆံ ထုတ်မလာဘူး။ ထုတ်နိုးနိုးနဲ့ စောင့်နေတာလည်း မထုတ်ကြဘူး။ လူက စုစုပေါင်းဆယ်ယောက်။ဒီကြားထဲ ကလေး သုံးယောက်ပါလိုက်သေး။ ထားပါသိပ်မကြီးသေးတော့ ဝန်တစ်ခုလိုမလေးပါဘူး။ဖေဖေ့အုံနာအိမ်ကိုပို့ပြီးပြန်တော့မယ်လုပ်မှအုံနာက
“သုံးဘီးခ ဘယ်လောက်ကျလဲ ကွ“ ဆိုပြီးမေးတယ်။ဖေဖေ့အုံနာဆိုတော့ပြောရမှာအားနာတာနဲ့ပဲ
“ကြည့်ပေးပါအန်ကယ်လ်။ “
“အော်အေး ရော့ကွာ ငါးထောင်“
“ဗျာ ..သြော်ဟုတ်ကဲ့ “
ကျွန်တော့်လက်ထဲ ဆင်တစ်ကောင်တည်းရောက်လာတယ်။ ကျွန်တော့်ကိုကြည့်ပြီးမေးသေးတယ်။
“နည်းသလားကွ။နောက်နေ့မှပိုပေးမယ်ကွာ ။ ဟုတ်ပလား။ မင်းအဖေကိုလည်းပြောလိုက်ဦး.။ မနက်ဖြန်အန်ကယ်လ်ပစ္စည်းပို့စရာရှိတယ်လို့“
ပြောပြီးသာနဲ့ ချက်ချင်းအိမ်ထဲဝင်သွားတယ်။လောပိတနဲ့လွိုင်ကော်အသွားအပြန်အပြင် မြို့ထဲ တစ်ပတ်လောက်ပတ်ပေးတာ ဆင်တစ်ကောင်တဲ့။ဧည့်သည်တွေကလည်း မေးဟယ် မြန်းဟယ်မရှိပဲ အလျှိုလျှို အိမ်ထဲဝင်ကုန်ကြတော့ ကျွန်တော့်မှာ တိတ်တိတ်ကလေး ပြန်ထွက်လာခဲ့တယ်။ စိတ်ထဲမှာ ကျွန်တော့်ကိုယ် ကျွန်တော့် ပြန်ဆဲတယ်။
“မင်းအဲလောက်အားနာရလား“လို့။
ဒီနေ့တော့အားနာလို့မဖြစ်ဘူး။ သုံးဘီးက အကြွေးကျေသေးတာမဟုတ်ဘူး။ လူရင်းတွေမို့သာ အကြွေးတစ်ဝက်ချေ၊ တစ်ဝက်ဆိုင်းပေးထားတာ။ ဒီကြားထဲ မိန်းမက ဘယ်တော့မွေးမလဲဆိုတာရှိသေးတယ်။ကျွန်တော်လှေကားထစ်တွေ တစ်ထစ်ချင်းဆီ တက်လာရင်း စိတ်ထဲမှာတွက်ချက်နေရတယ်။ပေးရမှာရယ်။ကုန်ရမှာရယ်နဲ့တောင်ကွဲစေတီမှာ ရင်ဘတ်ကြီးဟက်တက်ကွဲသလို အမောဆို့လာတယ်။သူတို့ကတော့ရှေ့ကနေ လှလိုက်တာ။ မြို့အပေါ်စီးက ကြည့်ကောင်းလိုက်တာ။ လယ်ကွင်းတွေမှအများကြီးပဲ။ စိမ်းစိုနေတာပဲနဲ့။အင်းလေ ဧည့်သည်နဲ့အိမ်ရှင်ဘယ်အတွေး တူပါ့မလဲ။ အလည်လာသူကအလည်လာသလို စိတ်ကိုပေါ့ပေါ့လေးတွေးထားတယ်။အိမ်ရှင်က အိမ်ရှင်လို ပူရပန်ရသေးတယ်ဆိုတာ ရှိတယ်မလား။
(၄)
မြို့နာမ်စေတီလည်းပို့ပြီးပြီ။ နောင်ယားကန်လည်းပို့ပြီးပြီ။ ညနေလည်းဆောင်းပြီ။ ဒါတောင်လွိုင်ကော်နည်းပညာတက္ကသိုလ်နောက်ကျောက မြကလပ်စေတီနဲ့ နေစက်လစက်ဘုရားကိုတောင် ကျွန်တော် ဝင်ပို့ရသေးတယ်။လမ်းမှာဆီပြတ်လို့ဆီနှစ်ပုလင်း လောက်ထည့်ရသေးတယ်။နေစက်လစက်ဘက်ရောက်တော့အပြန်မှာ ရွှေလက်ဝါးတောင်ဘက် လမ်းကဖြတ်ပြန်ခဲ့တယ်။လမ်းကြမ်းလို့သုံးဘီးမှာ လူးလူးလိမ့်လိမ့်။အဲဒီလမ်းမှာ ပလပ်စတစ်အမိုက်ပုံတွေကိုတွေ့တော့ဟိုဦးကြီးက ဘာမှမပြောဘူး။ အနံ့ဆိုးတွေကလည်း ဖြတ်သွားဖြတ်လာလေနဲ့မို့ ရှုူရှိုက်လိုက်ရသေးတယ်။
မြို့ထဲမှာ ဟင်းထုပ်ဆိုင်ပို့။ ကယားလုံချည်တွေဝယ်ချင်တယ်ဆိုတော့လိုက်ပို့။ ဝယ်သလားဆိုတော့လည်းတောင်ရွေးမြောက်ရွေးနဲ့တစ်နာရီလောက် စောင့်ရတာပဲအဖတ်တင်တယ်။ဆိုင်က အအေးဗူးတစ်ဗူးလာတိုက်တယ်။မိတ်ခေါ်တဲ့သဘော။ သူ့ဆိုင်ကိုခေါ်လာပေးလို့တိုက်တာ။ သူတို့အဖွဲ့ပြန်ထွက်လာတော့တစ်ယောက်မှဘာမှ မဝယ်လာကြဘူး။
“အကြိုက်မတွေ့ဘူး“ဆိုတဲ့စကားနဲ့သုးံဘီးပေါ်တက်လာကြတော့ ကျွန်တော့်မှာ ဆိုင်ထဲက ဆိုင်ရှင်မမကိုကြည့်ပြီး အားတွေနာ နေရတယ်။ဆိုင်ရှင်မမကတော့ ပြုံးရုံလေး။ အဲဒီကနေလှည့်ထွက်တော့ယိုးဒယားအထည်ဆိုင်ဆိုလို့လိုက်ပို့ ဖြစ်သေးတယ်။ ဒီမှာ ကျွန်တော်ဆိုင်ထဲလိုက်ပြ။သူတို့တွေကလည်း ဟိုမေး ဒီမေးနဲ့။အပြင်ပြန်ထွက်လာပြီး သုံးဘီးပေါ်ပြန်ထိုင်လိုက်တော့ဆီနှစ်ပုလင်းဖိုးထွက်သွားတာကို သတိရတယ်။မနေ့တုန်းကလို ဆင်တစ်ကောင်နဲ့တော့ မရဘူးလို့ ကျွန်တော့်ကို ကျွန်တော့်သတိပေးတယ်။မနက်တုန်းကတောင်
“ဖေဖေရာ ဖေဖေ့အုံနာ ဧည့်သည်တွေက ကပ်စေးတွေပါဗျာ။ အလိုက်လည်းသိတာမဟုတ်ဘူး။ မေးလိုက်မြန်းလိုက်တာလည်း နားငြီးတယ်။ပေးတော့လည်း ဆီဖိုးတောင်အနိုင်နိုင်။ဒီနေ့ပို့ရရင် ကျွန်တော့်ကတော့ ကျွန်တော့်နေ့တွက်စေ့အောင်တောင်းမှာနော်“
“အေးပါကွာ တအားတော့မရိုက်နဲ့ပေါ့ကွာ။ လျှော့ပေါ့တောင်းပေါ့။သူတို့က ဧည့်သည်တွေမလား“
“ဧည့်သည်လည်း ပိုက်ဆံတော့ပါမှာပါ။ဖေဖေ့အုံနာရဲ့သမက်ဘက်က ပိုက်ဆံရှိတယ်ဆို ဖေဖေပြောတော့။“
“အင်းဒါတော့ဒါပေါ့ဒါပေမယ့်ဧည့်သည်လေ။ ကိုယ့်မြို့ကိုလာတာ ကောင်းကောင်းဆက်ဆံဂရုစိုက်လိုက်ပါကွာ“ တဲ့.။
ပြောတော့လွယ်လွယ်လေး။ ကျွန်တော့်မှာ သုံးဘီးဆွဲနေရင်း အတွေးက သုံးဘီးခတောင်းဖို့ကိုပဲ စိတ်ရောက်နေတယ်။မနေ့ညက မိန်းမကပြောတယ်။မလိုလောက်တော့ဘူး မွေးခါနီးပြီထင်တယ်တဲ့။သုံးဘီးဖိုးကျန်တဲ့အကြွေးကိုပေးဖို့ကလည်း ရှိနေတော့အိပ်ခါနီး ကျွန်တော့်မှာမောတယ်။တွေးရင်းမောင်းလာလိုက်တာ ဖေဖေ့အုံနာအိမ်ရှေ့လမ်းကိုရောက်တယ်။ဒီမှာ သူတို့တွေက ဦးကြီးကလှမ်းပြောတယ်။
“မောင်ရင်မောင်ရင်အိမ်ကျော်သွားပြီ။“တဲ့လှမ်းအော်တယ်။
“ဟုတ်ကဲ့ဆော်ရီးဗျ“
“ဘာတွေအတွေးလွန်နေတာလဲ မောင်ရင်ရ“
“ဘာမှမဟုတ်ပါဘူးဗျာ ပိုက်ဆံတွက်နေတာ ဘယ်လောက်ကျမလဲလို့“
………………..
ညနေအိမ်အပြန် ကျွန်တော်လေလေးချွန်ပြီး မောင်းပြန်ခဲ့တယ်။ဖေဖေ့အုံနာနဲ့ဧည့်သည်တွေဘာစိတ်ကူးပေါက်တယ်မသိဘူး။ ဒီနေ့ကျမှ အလုအယက်ပေးနေလိုက်ကြတာ ကျွန်တော့်မှာ အားနာနာနဲ့ပဲ ဖေဖေ့အုံနာပေးတာလည်း ယူခဲ့တယ်။ဧည့်သည်တွေပေးတာကိုလည်း ယူခဲ့တယ်။

သော်ဇင်(လွိုင်ကော်)


Look Magazine, မတ်လ၊ ၂၀၁၅

ရင်လွဲမိုး




တနေဝင် တမိုးသောက်ဆိုတဲ့အတိုင်း ခုတော့နေလုံးကြီးဝင်သွားခဲ့ပြီ။ မနက်ဖြန်မနက်မှာ နေ့သစ်တစ်နေ့က သူ့ကို ဆီးကြိုနေဦးမှာပေါ့။ ဒါ သေချာရဲ့လားလို့ မေးခွန်းပြန်ထုတ်မိတယ်။ ဟင့်အင်း သေချာမှုတွေဟာ လူတစ်ဦးတစ်ယောက်ချင်းဆီမှာ ဘယ်တော့မှရှိခဲ့တာမဟုတ်ဘူး။ သူ့ရှေ့မှာရှိနေခဲ့တဲ့ သူ့ သူငယ်ချင်းတွေတောင် သေချာတယ်ဆိုတဲ့ စကားကို ပြောသွားခဲ့ကြတာမှမဟုတ်ဘဲ။
ခနိုးခနဲ့ရယ်သံနဲ့ လောကကြီးက သူ့ကိုနုတ်ဆက်တယ်။ သူကတော့ ငိုကြွေးခြင်းနဲ့ စခဲ့တဲ့ ဘဝကို ခုထိ အံ့သြနေတုန်း။ ငိုတယ်။ရယ်တယ်ဆိုတာ အသက်ရှင်သန်လာခဲ့တဲ့ ဘဝတစ်လျှောက်လုံး နပမ်းလုံးလာခဲ့ကြတာ ခုထိတောင် သူ ဖျန်ဖြေလို့မရသေးဘူး။ တော်တော်ကြာ ရယ်တယ်။ မပွင့်တပွင့်ကနေ ဟက်ဟက်ပက်ပက်၊ ပြီး အူလိုက်သည်းလိုက်။ တခဏကြာတော့ မျက်ရည်တွေ စီးလိမ့်လာပြန်ရော။ တသိမ့်သိမ့်ရှိုက်ငိုခြင်းနဲ့ ယူကြုံးမရ သလိုငိုခြင်း။ သူ အဲဒီ ရယ်ခြင်း ငိုခြင်းကြားကာလမှာရှိနေသ၍ စိတ်ပျက်စရာကောင်းတဲ့အရာဟာ ဘာလဲလို့မေးလာခဲ့ရင် ခု သူရရှိပိုင်ဆိုင်ထားတဲ့ လူ့ဘဝကြီးပါပဲ။ မဟုတ်သေးဘူး။ သူ ငှားရမ်းထားတဲ့ လူ့ဘဝကြီးပါပဲ။
သူအခု အသက် အစိတ်ရှိပြီ။ ဘဝတစ်လျှောက်လုံးကို ပြန်စဉ်းစားကြည့်တဲ့အခါ အစကနေ ဒီကနေ့အထိ သူမမှတ်မိ။ တစ်ချို့အကြောင်းအရာတွေက ရိုးတိုးရိပ်တိတ်။ တစ်ချို့အကြောင်းအရာတွေက ကွက်ကွက်ကွင်းကွင်း။ သူငယ်ငယ်က အမုန်းဆုံး စကားလုံးတစ်စုရှိတယ်။ အဲဒါက သာယာခြင်း။
တစ်ချို့ သူငယ်ချင်းတွေက ရှုခင်းတစ်ခုကို သိပ်သာယာတာပဲလို့ ပြောရင် သူ့အဲဒီရှုခင်းကို မကြည့်ချင်တော့ဘူး။ ကြာတော့ သူငယ်ချင်းတွေကပြောတယ်။ ကန့်လန့်လူသား ဂွသမားတဲ့။ ဟုတ်တယ်။သူမခံစားတတ်တဲ့ ရှုခင်းတွေ အကြောင်း သူငယ်ချင်းတွေမပြောကြတော့ဘူး။ ပြီးတော့ သူငယ်ချင်းတွေ သူ့မှာ မရှိတော့ဘူး။ဒါနဲ့ပဲ မိုးချုပ်နေဝင် နေ့ရက်တွေဟာ အချိန်တန်ကုန်ဆုံးလိုက်နဲ့ သံသရာလည်နေခဲ့တာပဲ သူ့ဘဝမှာ နေသားကျနေခဲ့တာကြာခဲ့ပြီပဲ။
ဒါပေမယ့် လှိုင်းဆိုတာ ဘယ်အချိန်လောက်မှ ထရိုက်မလဲဆိုတာ သူမှ မသိလိုက်ပါပဲ။
(က)
ဒီမနက်မှာပဲ ပြဿနာကစတယ်။ မဟုတ်ဘူး။ သူက ပြဿနာဆိုတဲ့အကောင်ကို ခေါ်လာခဲ့တာ။ သူ့ရဲ့ရှေ့မှာ စူးရဲတောက်ပလွန်းနေတဲ့ မျက်လုံးတစ်စုံနဲ့ လူတစ်ယောက် သူ့ကိုမျက်နှာချင်းဆိုင်ကနေ စူးစူးကြီးကြည့်တယ်။ အရင်တုန်းက အဲဒီမျက်လုံးတွေရဲ့အောက်မှာ သူက နေစရာတောင်ရှိခဲ့တာမဟုတ်ဘူး။ ခုတော့ သူ့မှာ သတ္တိတွေရှိနေပြီ။ ပြန်လည်ပြီးကြည့်ရဲပြီ။ သူ့ကို အဲဒီလူကြီး ပြောစရာတွေ တစ်ပုံတစ်ပင်ရှိနေမှာသေချာရဲ့သားနဲ့ သူ့ကိုဘာမှ မပြောသေးဘူး။ အင်းလေ မေမေ့ကိုစောင့်နေတာနေမှာပေါ့။ ပြီးမှ နှစ်ယောက်ပေါင်းပြီး…..။ ထားပါတော့။ သူခပ်တည်တည်နဲ့ ဧည့်ခန်းထဲမှာထိုင်နေလိုက်တယ်။ တိတ်ဆိတ်ခြင်းဆိုတာ ဒီဧည့်ခန်းထဲမှာ ဘယ်လောက်အထိ အချိန်ကြာကြာ ရှိနေနိုင်မလဲ။
မေမေ အပေါ်ထပ်ကနေ ဆင်းလာတာကိုတွေ့လိုက်တယ်။ မေမေ့မျက်နှာမှာ တင်းမာခက်ထန်မှုတွေက အပြည့်။ မျက်မှောင်ကြီးကုတ်ပြီး သူ့ကိုအပေါ်စီးကနေကြည့်နေပုံက သူငယ်ငယ်လေးတုန်းက အတိုင်း တစ်စက်ကလေးမှာ ပုံစံပြောင်းမသွားသေးဘူး။
မကြာမီ ဒီအခန်းထဲမှာ ဆူပူမှုတွေသောင်းကျန်းတော့မှာဆိုတော့ ဘယ် အိမ်အကူမှလဲ အခန်းထဲမှာရှိမနေ။ အို ကုန်ကုန်ပြောရရင် အခန်းရဲ့ အနားကိုတောင် ဝေ့သီ ဝေ့သီ လုပ်ကြမှာမဟုတ်ဘူး။
“ဘာပြဿနာဖြစ်ပြန်တာလဲ ကို“
“အသုံးမကျတဲ့ ကေသီ့သား အခုရှာလိုက်တာ ပြဿနာက အရင်ကလို သေးသေးမဟုတ်ဘူး“
သူ့ကို မေမေက ဆက်ခနဲကြည့်လာတယ်။ နူးညံ့မှုမရှိတဲ့ မေမေ့ရဲ့မျက်ဝန်းတွေ အရောင်တမျိုး လွင့်စင်နေတယ်။ ဒါပေါ့။ မေမေ ဒီလိုကြည့်လာခဲ့တာ နှစ်ပေါင်းဘယ်လောက်ကြာခဲ့ပြီလဲ။ သူ ပေပြီး ပြန်ကြည့်လိုက်တယ်။
“မင်း ဘာတွေလျှောက်လုပ်နေတာလဲ စနေ၊ မင်းဘယ်လောက်အထိ မေမေ့ကို စိတ်ဒုက္ခတွေပေးဦးမလို့လဲ“
သူ ဆိတ်ဆိတ်သာနေလိုက်ခြင်းက ဒီအချိန်မှာအကောင်းဆုံးလို့ ယူဆတယ်။ ပြောချင်တာပြောကြတော့။ စိတ်ဒုက္ခ ဆိုတာ သူက မေမေ့ကို ပေးခဲ့ခြင်းမမဟုတ်ဘူး။ မေမေ မေ့နေတယ်။ မေမေပေးခဲ့တဲ့ ဒဏ်ရာတစ်ချို့ ခုထက်ထိ သူ့ရင်မှာ မပျောက်သေးဘူးဆိုတာကိုလေ။
“ကေသီ သားက ခု ဟိုဘက်အိမ်က အိမ်တံခါးမှန်တွေကို ခဲနဲ့ပစ်ခွဲတယ်။ ပြီးတော့ အဲဒီအိမ်က မောင်နှမနှစ်ယောက်စက်ဘီးစီးနေတာကို ဆွဲလှဲပစ်တယ်။ ဒါ ဘာလုပ်တာလဲ။ သောင်းကျန်းတာ။ ပရမ်းပတာနိုင်တာ။ စည်းမရှိ ကမ်းမရှိဘူးဆိုတာကိုပြတာ။ ကိုတို့ ဘယ်လောက် သိက္ခာကျသလဲ ကေသီ။ ဒီလိုသားမျိုး မွေးထားတဲ့ မိဘတွေကို တစ်ဘက်က ဘာထင်မလဲ။ ကိုတော့ တောင်းပန်ခဲ့တယ်။ ကျေနပ်လောက်တဲ့အထိ တောင်းပန်ခဲ့တယ်။ မှန်တွေလဲ အသစ်တပ်ပေးလိုက်တယ်။“
“မေမေတို့ သိက္ခာကျအောင် ဘာလို့ စနေလုပ်ချင်နေရတာလဲ ပြောစမ်း။ “
သိက္ခာ..။ သိပ်ကိုလှပတဲ့ စကားတစ်လုံး။ လူမှုဝန်းကျင်မှာ သိက္ခာဆိုတဲ့ စကားတစ်လုံး ဘယ်လောက် အရေးပါသလဲ ခုမှ မေမေနဲ့ အဲဒီလူကြီးသိတာလား။ သူ့နှုတ်ခမ်းတွေ ခပ်မဲ့မဲ့ ပြုံးမိသွားတယ်။ သူ ထိုင်ရာကနေထတယ်။ ပြီးတော့ အပေါ်ထပ် သူ့အခန်းရှိရာကို ထွက်လာခဲ့လိုက်တယ်။ ဧည့်ခန်းထဲမှာ မတ်တပ်ရပ်ပြီး ဒေါသထွက်နေတဲ့ လူနှစ်ယောက်တော့ ကျန်နေခဲ့တယ်။ ဒါတောင် သူ့နောက်ကျောဆီကနေ စကားလုံးတစ်ချို့ အပြေး လိုက်လာ ကြသေးတယ်။ ဘာတဲ့…။
“တွေ့လား။ ကေသီ ။မင်းသားက ပြန်မပြောနားမထောင်တဲ့ကောင်။ ကြာရင် ကိုနဲ့ မဖြစ်ဘူးနော် ကေသီ။“
(ခ)
အိမ်ဆိုတာ မိသားစုအတွက် ဘေးကင်းလုံခြုံရာရိပ်မြုံကလေးတစ်ခုတဲ့။ အိမ်ကလေးထဲမှာ ရယ်မောခြင်း၊ ကြည်နူးခြင်း၊ ပျော်ရွှင်ခြင်းတွေ အပြည့်ရှိတယ်တဲ့။ သူ့အတွက်တော့ အိမ်ဆိုတာ အဲဒီအရာတွေ တစ်ခုမှ မရှိတဲ့ နေရာတစ်ခု။ အေးချမ်းတယ်ဆိုတဲ့ စကားလုံးကို သူမုန်းတယ်။ သူ့အခန်းထဲမှာ အောင်းနေခဲ့တာ ကြာပြီ။ မှောင်မိုက်ခြင်း တွေနဲ့တောင် သူက အသားကျနေပြီ။
မီးရှိပါရက်နဲ့ တမင်သက်သက် မီးမထွန်းပဲ သူ နေရာတာကို ကျေနပ်နေခဲ့ပြီ။ အမှောင်ကိုအသားကျနေတဲ့ မျက်လုံးတွေက အခန်းထဲမှာ ဘာတွေရှိတယ်ဆိုတာ သိနေပြီ၊ မြင်နေပြီ။ သူ သိခဲ့တဲ့ အမှောင်ရဲ့တခြားတဘက်မှာ ကြေကွဲစရာတွေရှိနေတယ်။
တစ်ခါတစ်ခါ အိမ်ဖော်တစ်ချို့ အခန်းတံခါးလာခေါက်တယ်။ သူဖွင့်ပေးဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး။ အိမ်မျက်နှာကျပ်က အိမ်မြှောင်ကလေးတွေနဲ့ စကားပြောရတာ သူကျေနပ်တယ်။
ပြီး စိတ်လိုလက်ရနဲ့ ကွန်ပျူတာဖွင့်ပြီး စာရေးရတာကိုကြိုက်တယ်။ ဒါပေမယ့် ရေးမိတဲ့ အကြောင်းအရာတွေကိုပြန်ဖတ်ရင် သူ မျက်ရည်တွေ ခဏခဏကျရတယ်။ အဲဒီအခါ လက်ဖမိုးနဲ့ မျက်ရည်ကို ဘယ်ပြန်ညာပြန်သုတ်ရင်း စိတ်တွေတိုလာမိရော။ ဒါလား လူတစ်ယောက်ရဲ့ ဖြစ်တည်မှု။ သွားစမ်းပါ။ သူပစ္စည်းတွေကို ကန်ကျောက်ပစ်လိုက်တယ်။ သူ့ခြေထောက်မှာ ဓါတ်ပုံအယ်လ်ဘမ်လေးကျလာတယ်။
သူကောက်ကိုင်ပြီး လှန်ကြည့်လိုက်တယ်။ ပထမဆုံးဓါတ်ပုံလေးတောင် အရောင်တွေ လွင့်နေပြီ။ ဒါပေမယ့် သဲသဲကွဲကွဲတော့မြင်နေရသေးတယ်။ မိသားစု သုံးယောက် ရယ်ပြုံးနေတဲ့ပုံ။ သူက အလယ်က။ သူ့ဘယ်ဘက်ဘေးမှာ မေမေ။ ပြီးတော့ သူ့ညာဘက်ဘေးမှာ………။ သူ့နှုတ်က လှုပ်တယ်ဆိုရုံကလေး ရေရွတ်မိတယ်။ သူ့အဲဒီ စကားလုံးနှစ်လုံးကို မပြောခဲ့တာ ကြာခဲ့ပြီလေ။ အသံတွေ မထွက်မိဘူး။
သူ့စိတ်ထဲမှာ
“ဖေဖေရယ် သိက္ခာမရှိတဲ့ သူတွေက ခုသားကို သိက္ခာအကြောင်းပြောလာကြပြီ ဖေဖေ။ “
(ဂ)
သူ အခန်းထဲကနေ ထွက်လာပြီး အပေါ်ထပ်ကနေ ဆင်းမယ်လုပ်တုန်း လှေကားနားရောက်တော့ အောက်ထပ် ဧည့်ခန်းက စကားသံတွေကိုကြားလိုက်ရတယ်။ သူ တုန့်ခနဲရပ်ပြီး နားထောင်နေလိုက်မိတယ်။ ဒီလိုပဲ သူနားထောင်တတ်ခဲ့တာ ကြာပေါ့။ ခုသလော မေမေ အလုပ်ရှုပ်ပြီး အိမ်ကို ညဘက်မိုးချုပ်မှ ပြန်ပြန်ရောက်နေတယ်။ ပြီးတော့ ဟိုလူကြီးလဲ အလုပ်ရှုပ်နေတဲ့ ပုံနဲ့ ပြန်လာလိုက် ပြန်ထွက်သွားလိုက်လုပ်နေတယ်။ အဲဒါတွေကလွဲလို့ သူ ကျန်တာတွေကို လိုက်ပြီး စိတ်မဝင်စားတတ်ဘူး။ ခု မေမေနဲ့ ဟိုလူကြီး တီးတိုးတီးတိုးပြောနေတာကို သူကြားတယ်။
“ကေသီ သားကိစ္စ ဘယ်လို စီစဉ်ထားလဲ။“
“တစိတ်ရှိ ဒါပဲမေးနေတာပဲ။ ဒီမယ် ကို ခု သားကို ကေသီ အမျိုးတစ်ယောက်အိမ်မှာ သွားထားမလို့လုပ်ထားတယ်။ သူ့အတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို ကေသီတို့က တစ်လတစ်ခါ ပို့ပေးရုံပဲ။ “
“ဒါကောင်းတယ်။ ကိုတော့ စိတ်ရှုပ်လွန်းလို့ ဒီကောင်မရှိလေ အေးလေပဲ။ ဒီကောင်ရဲ့ ကို့ကိုကြည့်တဲ့ မျက်လုံးတွေကို မကြိုက်ဘူး။ “
“ကို အဆင်ပြေအောင် ကေသီက လုပ်သာ လုပ်ရတယ်။ သား ကေသီ့ကိုမုန်းသွားမလားပဲ စိုးရိမ်တယ်။ “
“စိုးရိမ်မနေနဲ့ ကေသီရာ။ ခုလည်း ကေသီ ဗိုက်ထဲမှာ သားသားလား မီးမီးလားမသိတဲ့ ကို့ရင်သွေးရှိနေပြီပဲ။ ဒီကောင်ရှိနေရင် ကိုနဲ့ ကေသီ သိက္ခာကျစရာအဖြစ်တွေ ခဏခဏဖြစ်နေဦးမယ်။ ခု ကေသီ လုပ်တာ မဆိုးဘူး။ ကေသီ့ကို ကျေးဇူးတင်တယ်ကွာ“
“ဟာ ကိုကလည်း ဧည့်ခန်းကြီးထဲမှာ “
ပလူးပလဲဖြစ်နေကြတဲ့ မြင်ကွင်းကို သူ ဝိုးသိုးဝါးတားပဲမြင်ရတယ်။ မျက်ရည်တွေလား။ ဒါဖြစ်သင့်ရဲ့လား။ နောက်တစ်ယောက်ရဲ့ လာခြင်းကို အရင်တစ်ယောက်ကို ဖယ်ခွာခြင်းနဲ့ ကြိုဆိုရမယ်။ တရားသလား။ ဘယ်သူတွေက တရားပြီး ဘယ်သူတွေ မတရားခဲ့တာလား လောကကြီးမသိဘူးလား။ အမှန်တရားဆိုတာ ရုပ်ရှင်တွေ ဗွီဒီယိုတွေထဲကလို ဇာတ်သိမ်းခန်းရောက်မှာ ဘွားခနဲပေါ်လာတတ်တာလား။
သူ အခန်းထဲပြန်ပြီး အိတ်တစ်လုံးထဲ အဝတ်အစားတွေထည့်လိုက်တယ်။ အန်ဆွဲထဲက ပိုက်ဆံတစ်ချို့ကို လုံလောက်အောင် အိတ်ထဲထည့်တယ်။
နောက် ဓါတ်ပုံအယ်လ်ဘမ်ကို ထည့်တယ်။ နွေးထွေးတဲ့ အိမ်ရဲ့ရိပ်မြုံဆိုတာ ငှက်သိုက်တစ်ခုလောက်တောင် တန်ဖိုးမရှိဘူးလို့ သူ တွေးလိုက်မိတယ်။
ခြေလှမ်းတွေ ကတ္တရာလမ်းထက်မှာ။ ဦးတည်ရာတော့မရှိဘူး။ ရောက်ချင်ပေါက်ချင်တဲ့ နေရာကိုရောက်ပါစေပေါ့။
(ဃ)
ဒီကန်လေးကို သူမှတ်မိတယ်။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်နဲ့ အသားကျနေတဲ့ကန်ကလေး။ သူငယ်ငယ်တုန်းက ဒီကန်လေးကို တနင်္ဂနွေနေ့တိုင်း ရောက်ရောက်နေကြ။ ကန်လည်က တံတားဖြူဖြူကလေးပေါ်မှာ လေတဖြူးဖြူးနဲ့ သူရယ် မေမေရယ်၊ ဖေဖေရယ် လမ်းလျှောက်ကြတယ်။ နောက်သူက ဖေဖေကို ပူဆာတယ်။
ကန်ထဲက ကြာဖူးလေတွေ ခူးပေးဖို့။ ဒါပေမယ့် ရေမကူးတတ်တဲ့ ဖေဖေက ဘယ်တုန်းကမှ သူ့ကို မခူးပေးနိုင်ခဲ့ပါဘူး။ အဲဒီထဲက သူဟာ လိုချင်တာဆို ဘယ်တုန်းကမှ အလွယ်တကူ မရတတ်ခဲ့တာပဲနေမှာ။ ဖေဖေက ငါးမျှားတယ်။ မေမေက ဘေးကနေထိုင်ပြီး စာအုပ်ဖတ်လိုက် သူနဲ့ ဆော့လိုက်။ ကြည်နူးပျော်ရွှင်တဲ့ မိသားစုဘဝဆိုတာ ငယ်ငယ်တုန်းက မက်ခဲ့တဲ့ အိပ်မက်တွေပဲ။
ခု နောင်ယားကန်ကို ပြန်ပြီးပြင်ဆင်နေကြတယ်။ တံတားဖြူဖြူကလေးကခုတော့ သစ်လွင်တောက်ပလို့။ ကန်ပတ်ပတ်လည်မှာ လျှောက်လမ်းလေးဖောက်ထားတယ်။ ကန်ထဲမှာ လှေကလေးတွေရှိတယ်။ တကယ်ဆိုရင် ခုချိန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ သူနဲ့ မေမေ ဖေဖေ အတူလျှောက်နေရမယ့်လမ်းကလေး။
တကယ်တမ်း အတူလျှောက်သွားခဲ့တာက မေမေနဲ့ ဟိုလူကြီး။
သူ့အိမ်ကို အဲဒီလူကြီးစရောက်လာတာ မှတ်မိနေတယ်။ ဖေဖေရဲ့အချစ်ဆုံး သူငယ်ချင်းတဲ့။ ရုပ်ရည်ကတော့ ဖေဖေ့ထက်ချောမောတာကို သူတောင်သတိထားမိတယ်။ မေမေ့နားကိုတိုးတိုးလေးကပ်ပြောခဲ့တဲ့
“ဦးလေးကြီးက ချောတယ် မေမေ“ဆိုတဲ့စကားကို ခုပြန်တွေးမိရင် သူမှားခဲ့တာကို ပြန်မှတ်မိရတယ်။ မေမေအဲဒီတုန်းက ပြောခဲ့တာက။
“သား ဖေဖေထက်ချောတာတော့ သေချာတယ်“တဲ့။
အဲဒီလူကြီး ဖေဖေနဲ့အလုပ်တွေတွဲလုပ်တယ်။ အိမ်ကို ခဏခဏလာတယ်။ ဖေဖေမရှိတဲ့ အချိန်တွေမှာလည်း အိမ်ကို ခဏခဏလာတယ်။ ပြီးတော့ မေမေနဲ့ရယ်ရယ်မောမော စကားတွေပြောကြတယ်။ လက်ဆောင်တွေပေးတယ်။ သူ့ကိုလည်း မုန့်ဖိုးတွေပေးတယ်။ အစကတော့ သူပျော်ခဲ့ပါတယ်။ ဒါပေမယ့် မိုးသည်းညတစ်ညမှာမြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့် သူမပျော်တော့ဘူး။
လျှပ်ရောင်တွေ တဝင်းဝင်းနဲ့ မိုးတွေ သည်းကြီးမည်းကြီးရွာနေတယ်။ လေတွေ တဝေါဝေါတိုက်ပြီး မိုးကြိုးတွေတစ်ချက်တစ်ချက်ပစ်နေတာကြောင့် သူအိပ်ယာကလန့်နိုးလာတယ်။ အနားမှာ မေမေရှိမနေဘူး။ ဖေဖေ မနက်က အလုပ်ကိစ္စတစ်ခုနဲ့ ခရီးထွက်သွားတယ်။ မိုးတွေရွာရင် သူကြောက်တတ်တယ်ဆိုတာ မေမေ သိရဲ့နဲ့ ဘယ်သွားနေလဲ။ သူ အိပ်ယာကနေ ထပြီး အခန်းအပြင်ဘက်ကိုထွက်ခဲ့တယ်။ မိုးခြိမ်းသံတွေကြားမှာ ကြောက်ကြောက်နဲ့ မေမေ့ကိုရှာရင်း မီးဖိုခန်းဘက်ကိုရောက်တော့ လျှပ်ရောင်ဖွေးဖွေးနဲ့မြင်လိုက်ရတဲ့ မြင်ကွင်းဟာ ။
သူ့ပါးစပ်ကို လက်တစ်ဖက်က လာပိတ်လိုက်တယ်။ သူ့လှည့်ကြည့်လိုက်တော့ မိုးရေတွေ တစ်ကိုယ်လုံးရွှဲစိုနေတဲ့ ဖေဖေရယ်လေ မျက်ရည်တွေ သွင်သွင်စီးလို့။ သူ့မျက်ဝန်းမှာလဲ….။
(င)
မေမေနဲ့ဖေဖေ အဲဒီညမှာ စကားများကြတယ်။ ဟိုလူကြီးကတော့ ဧည့်ခန်းထဲမှာ ခေါင်းကြီး ငိုက်စိုက်ချလို့။ ဖေဖေ ခရီးမထွက်ဖြစ်ခဲ့ဘဲ ပြန်ရောက်လာခဲ့တာဟာ ဒီကိစ္စကိုရှင်းဖို့တဲ့။ ဖေဖေ့လုပ်ဖော်ကိုင်ဖက် ပတ်ဝန်းကျင်မှာ ဖေဖေ သိက္ခာကျသတဲ့။ အပြန်အလှန် ဟစ်အော်နေတဲ့ မေမေနဲ့ဖေဖေရဲ့ အသံတွေဟာ မိုးလေတွေထဲမှာပဲ ပျောက်ပျောက်သွားခဲ့တယ်။
ဖေဖေအဲဒီည အိမ်ကနေ မိုးလေတွေထဲမှာ ထွက်သွားတယ်။ မေမေက တင်းမာခက်ထန်နေတဲ့ မျက်ဝန်းတွေနဲ့ကျန်ခဲ့တယ်။ ဖေဖေကိုမြင်လိုက်ရတာဟာ အဲဒီည နောက်ဆုံးပါပဲ။ မိုးရေတွေနဲ့အတူ မိုးတိတ်တော့ ဖေဖေ မရှိတော့ဘူး။ ဖေဖေ ကန်ထဲမှာ ရေနစ်သေသွားတယ်ဆိုတာပဲ သူသိလိုက်တယ်။ အဲဒီကတည်းက အမှောင်တခြမ်းဟာ သူကဘဝအတွက် ကောင်းကင်တစ်ခြမ်းဖြစ်သွားခဲ့တာပေါ့။
နှစ်လအကြာမှာ မေမေ လက်ထပ်လိုက်တယ်။ သူလည်း………….။
သံတိုင်တစ်ဘက်ခြမ်းမှာ မျက်ရည်တွေနဲ့ မေမေ သူ့ကိုကြည့်နေတယ်။
“အဲဒီကလေးဟာ ဒေါ်ကေသီရဲ့သားဆိုတာ သေချာလား။ ကြည့်ပါဦး။ သေချာတယ်ဆိုရင်တော့ ဘယ်လိုလုပ်ချင်သလဲဆိုတာ ဆရာတို့တိုင်ပင်ကြတာပေါ့။“
ဝတ်စုံဖြူဖြူဝတ်ထားတဲ့ လူကြီးက မေမေကိုပြောနေတဲ့ စကားသံ။
“သူ့ကို ဘယ်မှာတွေ့တာတဲ့လဲ ဒေါက်တာ ။ ဒါ ကျွန်မ သားပါ။ ကျွန်မသားလေးပါ။ ပြောပါဦး ဒေါက်တာ“
“နောင်ယားကန်မှာပါ“
“ရှင်.. “
ပြူးကျယ်သွားတဲ့ မေမေ့မျက်ဝန်းတွေကိုကြည့်ရင်း သူကျေနပ်တယ်။ သူ့ကို လူတွေက ရူးနေတယ်ထင်ကြတယ်။ တကယ်တမ်း သူမရူးပါဘူး။ အားလုံးကိုသိတယ်။ သူ့ကိုယ်ပေါ်က အဝတ်တွေ ညစ်နွမ်းသွား တာလဲသိတယ်။ သူ့ဆံပင်တွေရှည်သွားတာလဲ သိတယ်။ သူ့လက်သည်းတွေ ရှည်လာတာလဲသိတယ်။
တစ်ခုပဲ သူများမိသားစုတွေ ပျော်ရွှင်နေတာကို သူမသိချင်တာပဲ။ ဒါကြောင့် အဲလိုမြင်ကွင်းတွေမြင်ရင် ခဲနဲ့ပစ်တယ်။ လက်ချင်းချိတ်ထားရင် လက်တွေ ပြေးဆွဲပစ်လိုက်တယ်။ အဲလို ခဏခဏဖြစ်ပြီး လူတွေ သူ့ကိုကြောက်လာတယ်။ တစ်ချို့က အရူးလို့ ခပ်ကျယ်ကျယ်ပြောတယ်။
တစ်ချို့က ခပ်တိုးတိုးလေးနဲ့
“သနားပါတယ်…ဟယ်“ တဲ့…။

သော်ဇင်(လွိုင်ကော်) 

ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၁၃

Saturday, September 15, 2012

နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ် အပိုင်း(၂)


သူတို့ရောက်ရှိနေသောနေရာသည် မေလ(၂၉)ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲငယ်တစ်ခုဖြစ်ပွားရာနေရာတစ်ခုဖြစ်သည်။ ဖားပြင် ဆုတောင်းကုန်းနှင့် တောင်ဘက် ဥရုချောင်းကြားရှိ ဖားပြင်ရွာအထွက်တွင်ဖြစ်နေသည်။ အပြန်အလန် ပစ်ခတ်နေကြသည်က ဥရုချောင်းတစ်ဘက်ကမ်းမှဖြစ်သည်။ ဦးခေါင်းထက်ဆီမှ သေနတ်သံများသည် ကြက်သီးထဖွယ်လိလိ။ သူတို့လေးဦးသား မြေပြင်တွင် ၀ပ်ချလိုက်သည်။ လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီးစ နှစ်စီးစကတော့ အရဲစွန့်သွားလာလျှက်ရှိနေသည်။ သူတို့ လေးဦး မထွက်ရဲသေး။ ကားတစ်စီးတစ်လေမှ ဖြတ်သွားသည်ကိုမတွေ့ရ၍ အခြေအနေကိုစောင့်ကြည့်နေရသည်။ သူတို့ကို ကုမ္ပဏီရှိ လူကြီးများကလည်း မျှော်နေကြလိမ့်မည်ဟု သိသည်။ ဖုန်းပါလာ၍ဆက်ကြည့်သော်လည်း အချိန်အခါမရွေး လူကြီးမင်းနှင့်တွေ့နေရသောကြောင့် အရေးထဲအရာပေါ် စိတ်ဓါတ်တွေ ကြရပြန်သည်။
"ဘယ်လိုလဲ ဆက်သွားကြမလား"
သူ့အမေးကို ဘယ်သူမှ မဖြေကြ။
ဇော်သန့်က
"အခြေအနေ စောင့်ကြည့်ပါဦး တော်တော်ကြာ ကားကို လှမ်းပစ်လိုက်လို့ ဒုက္ခတွေများကုန်ပါ့မယ်"
"ဟုတ်တယ် နေပါဦး ကျွန်တော်တို့ရောက်နေတာ ပစ်ကွင်းကြီးနော်။ ဟိုဘက် ဒီဘက် လှမ်းဆော်နေကြတဲ့အထဲ မိသွားဦးမယ်"
နိုင်နိုင်ကလည်း
"ဟုတ်တယ် ကျွန်တော်လည်း မမောင်းရဲသေးဘူး ။ စောင့်ကြည့်ုလိုက်ရအောင်"
စောစောတုန်းက သူ့နားအူသွားခြင်းသည် ပေါက်ကွဲမှု ခက်ကြီးကြီးကြောင့်ဖြစ်သည်။ ဆုတောင်းကုန်းမြောက်ဘက်တွင် မီးခိုးလုံးကြီးနှင့်အတူ မြေနီမှုန့်များကိုပါ လုံးခနဲ တွေ့ရသည်။ ဖုန်းတွင်ပါသော ကင်မရာဖြင့် ဇော်သန့်က ဓါတ်ပုံရိုက်လိုက်သေးသည်။ ရိုက်သာရိုက်နေရသော်လည်း ဘေးဘီ ပတ်ဝန်းကျင်ကို အကဲခတ်ရသေးသည်။ ကုံးကုံး ကွကွဖြင့်သာ မရဲတရဲရိုက်လာခဲ့သည်။ မိနှစ်နှစ်ဆယ်လောက်ရှိသောအခါတွင် ဆန်းကြွယ်ရွာဘက်မှ ပါဂျဲရိုးကားတစ်စီး ဖြတ်လာသည်ကိုတွေ့ရသည်။
"ဟိုမှာ ကားတစ်စီးလာနေတယ်။ ထွက်ရအောင် နိုင်နိုင်"
သူ လော်ဆော်လိုက်သည်နှင့် အားလုံးကားပေါ်သို့ပြေးတက်လိုက်ကြသည်။ ကားမောင်းထွက်လာစဉ်တွင် မျက်စိများက တောင်မြောက်ကစားနေရသည်။ ထိုင်ခုံများကို ခပ်မတ်မတ် မထိုင်ရဲဘဲ နောက်လျှောထိုင်ကာ နားကိုလည်း ကားကားစွင့်ထားမိသည်။ ကားကို အမြန်လည်း မမောင်းရဲ။ လမ်းကလည်း ဆိုးနေသည်။ ရှေ့တွင် ဆန်းကြွယ်ရွာကိုတွေ့နေရသည်။ ထိုရွာထဲသို့ရောက်လျှင် စိတ်တော့ နည်းနည်း အေးရမည်။ ဆန်းကြွယ်ရွာထဲတွင် ရွာသူရွာသားတွေ ဟိုနားတစ်စု ဒီနားတစ်စု။ထိုရွာမှတဆင့် ဖားကန့် ကျောက်ဝိုင်းသို့ရောက်လာသည်။ ဖားကန့်သည်လည်း ထို့နည်းတူစွာ လူတွေ တရုန်းရုန်း။ သူတို့ စိတ် နည်းနည်းချလိုက်ကြသည်။ တစ်ဦးနှင့်တစ်ဦး သက်ပြင်းတွေ ကိုယ်စီချလိုက်ကြသည်က တပြိုင်တည်း။ သူတို့ ဖားကန့်ရုံးချုပ်သို့ ကားအ၀င်တွင် ရှေ့က ရောက်နှင့်ကြသော ၀န်ထမ်းတွေက စိုးရိမ်နေသော မျက်နှာထားတွေနှင့်စောင့်ကြိုကြသည်။
ကုမ္ပဏီရောက်ရောက်ချင်း ၀ိုင်းဝန်းမေးမြန်းကြသည်ကိုဖြေရသည်ပင် အတော်လေး မောသည်။ သူတို့က နဖူးတွေ့ ဒူးတွေ့ကြူံခဲ့ရသော တိုက်ပွဲငယ်အကြောင်းကို သိလိုကြသည်။ သေနတ်တွေ ပစ်သံကြားသဖြင့် သူတို့တွေအတွက် အားလုံးက ၀ိုင်းဝန်းပူပန်ပေးကြသည့်အတွက်လည်း ကျေးဇူးတွေတင်ရသည်။
"စောစောတုန်းက ပေါက်ကွဲသံက ယမ်းဂိုဒေါင်က ကတ်တိုက်ပေါက်ကွဲတာတဲ့"
နေနေကပြောလာသည်။ ဟုတ်လောက်ပါသည် ။ ထို့ကြောင့်သာ အသံမှာ အတော်လေး ကျယ်လောင်ခြင်းဖြစ်သည်။ ဖားကန့်၊ ဆိုင်းတောင်ရှိ အချို့သော အိမ်များ မှန်များကွဲကြသည်။ သူတို့ ကုမ္ပဏီရုံးချုပ်မှနေ၍ မီးလောင်နေသော နေရာကိုတွေ့နေရသည်။ မီးခိုးတွေ အူနေသော ဖားကန့်မှော်ကို သူတို့ခုမှ မြင်ရခြင်းဖြစ်သည်။ ဖားကန့်တွင် အလုပ်လုပ်နေသည် ခြောက်နှစ်သာ ကာလအတွင်း ယခုတကြိမ်မှပင် တွေ့ရခြင်းဖြစ်သည်။ ယခင်က အေးချမ်းလှသည်မှော်သည် ယခုတော့ သေနတ်၊အမြှောက်သံ တဆူဆူဖြင့် အကျီးတန်လှသည်။ သူတို့တွင် အ၀တ်အစားမပါ။ အိပ်ယာမပါ။ သူတို့လက်ထဲတွင် ဗလာချည်းသက်သက်သာ။ ထိုနေ့က ထမင်းစားမ၀င်။ ကုမ္ပဏီက အိပ်ယာလိပ်မရှိသောသူများကို အိပ်ယာလိပ်ဝယ်ပေးသည်။ နှစ်ယောက်တစ်စုံရသဖြင့် သူနှင့် ဇော်သန့်အတူတူ အိပ်ရသည်။ နေနေကတော့ သူများတွေ သယ်လာပေးသော သူ့အိတ်တွင် အိပ်ယာလိပ်ပါနေသဖြင့် မလိုတော့။ တစ်ချို့က အင်္ကျိတွေလာပေးသည်။ မရှိတော့ သူတို့လည်း ၀တ်ရပြီ။ တစ်ချို့က အလိုက်ကန်းဆိုးမသိစွာဖြင့် ဘာအထုပ်မှ မဆွဲလာရလားဆိုပြီး အပြစ်တွေတင်ကြသည်။ သူတို့ကတော့ ဘာမှမပြောလိုတော့။ ကိုယ်ကြုံခဲ့ရသည်ကို ကိုယ်ပဲသိသဖြင့် ထိုစကားများကို မသိကျိုးကျွန်ပြုကာ မျက်နှာလွဲထားလိုက်သည်။ သူ့စိတ်ထဲတွင် မနက်ဖြန်တွင် ပြန်သွားယူနိုင်မည့် သူ့ပစ္စည်းများအကြောင်းတွေးနေမိသည်။
ညနေသည်မှောင်လာပြီ။ သူတို့ စိတ်တွေညစ်ညစ်နှင့်ရေချိုးလိုက်ကြသည်။ ပြီးနောက် ပြေးခဲ့လွှားခဲ့သည်များကို ပြန်လည်း စားမြုံ့ပြန်နေကြသည်။
ည ၉နာရီ မိနစ် ၃၀။
ဖုန်းမြန်သံကိုကြားလိုက်ရသည်။
"ဘာ ဘာဖြစ်တယ်....အသံမကြားရဘူး....ပြန်ပြောဦး ပြန်ပြောဦး"
ထိုဖုန်းပြောသံကြောင့်ပင် အကြောင်းတစ်ခုခုတော့ ထူးပြီမှန်း အားလုံး ရိပ်မိလိုက်ကြသည်။
"ဦးခန့် ဦးခန့် ခု ဘယ်ရောက်နေတာလဲ ..လမ်းမှာလား...ဘာ ဘယ်လို ပြေးလာခဲ့ပြီး...ဘာကြောင့်လဲ ဦးခန့် ဘာကြောင့်လဲ ..ဘယ်သူတွေ ကျန်ခဲ့လဲ..ဘာ ဘယ်လို ဘယ်သူတွေ ကျန်ခဲ့မှန်းမသိဘူး ဟုတ်လား...ဘာဖြစ်လို့လဲဆိုတာ ပြောဦးလေ ဦးခန့်..။ ဘာရယ် မီးရှို့တယ်..ဟာဗျာ"
သူတို့ ကြက်သီးမွှေးညှင်းများပင် ဖျန်းဖျန်း ထသွားကြသည်။ ထိုလူ့အနားသို့ စုပြုံက ဖြစ်ကြောင်းကုန်စင်ကို ၀ိုင်းမေးကြသည်။
"ကုမ္ပဏီမှာ တစ်ယောက်မှ မနေရဲတော့ဘူးတဲ့ အကုန်လုံးကို ဟိုဘက်က  မောင်းထုတ်လို့ ပြေးလာခဲ့ပြီတဲ့.။ ဘယ်သူတွေပါလို့ပါမှန်း ကျန်ခဲ့လို့ ကျန်ခဲ့မှန်းမသိဘူးတဲ့။ ဖုန်းလိုင်းကလည်း မမိဘူး။ ပြေးရင်းလွှားရင်းပြောနေတာလို့ ဦးခန့်ပြောတယ်။ မီးလာရှို့တာတဲ့။"
"ဗျာ"
သူနှင့် နေနေ အပြင် ဇော်သန့်နှင့် အခြားသော သူငယ်ချင်းများကပါ အံ့သြသွားကြသည်။ မီးရှို့တာ။ ဒါဆိုလျှင်။ သူတို့ အနှစ်နှစ်အလအလ စုဆောင်းခဲ့သော ပစ္စည်းများ ။ ကုန်ပြီပေါ့။ နေနေသည် ရုတ်တရက် ထိုင်ချလိုက်ကာ ငိုနေလေပြီ။ နေနေ့တွင် အ၀တ်တစ်ထည် ကိုယ်တစ်ခုတည်း။ ဘာမှပါမလာ။ သူတို့မျှော်လင့်ခဲ့သော မနက်ဖြန်၏ သက်တမ်းသည် ယနေ့တွင်ပင် သေဆုံးခဲ့ပြီ။ သူ့ရင်ဘတ်ကြီးတစ်ခုလုံး ဆို့နေချေသည်။ သူတို့ကုမ္ပဏီရုံးချုပ်၏ ခြံထောင့်မှနေ၍ သူတို့အလုပ်ဆိုက်ဒ် ရှိရာ မက်လင်ချောင်ဆိုဒ်သို့ကြည့်ုလိုက်သည့်အခါ ညမှောင်မှောင်ကောင်းကင်ယံတွင် မီးလျှံများမှထွက်လာသော လိမ္မော်ရောင်များကိုမြင်ရသည်။ သူတို့မျက်နှာများ ဆီး(ဇီး)ရွက်လောက်သာရှိနေတော့မည်။
"ဒါဆို ကျွန်တော်တို့ ပစ္စည်းတွေပါ ပါကုန်ပြီပေါ့"
"မပြောတတ်ဘူး ကိုသော် ဟိုဘက်က လူတွေတောင် ကိုယ့်ကိုကိုယ် အနိုင်နိုင်ပြေးလာခဲ့ရတယ်လို့ပြောတယ်။ ဒီနေ့ညတော့ မမုံ ဒုက္ခသယ်စခန်းမှာ အိပ်လိုက်မယ်တဲ့။ ဘယ်သူတွေကျန်ခဲ့မှန်းမသိတော့ ပြန်ရှာရဦးမယ်ပြောတယ်။"
"ဒါဆို လက်ရှိ ဘယ်နှစ်ယောက်ရှိနေလဲ"
"၉ယောက်လို့တော့ပြောတယ် တစ်ယောက်ပျောက်နေတယ်"
အားလုံး လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။
"ဘယ်သူတဲ့လဲ နာမည်သိလား"
"ကိုကျီးဥ တဲ့"
"ဟာ"
"ဟင်"
အံ့သြ တုန်လှုပ်စွာဖြင့် အာမေဋိတ်သံများ ကိုယ်စီ ကိုယ်စီ ထွက်လာကြသည်။
ဆက်ပါမည်။
သော်ဇင်(လွိုင်ကော်)
17-Sept-2012
12:06PM

Friday, September 14, 2012

နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ်


အချိန်က နေ့လည် တစ်နာရီ မိနစ်(၂၀)။ ပတ်ဝန်းကျင်တစ်ခုလုံးကတော့ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေသည်။ မွန်းလွဲနေသည် ပူပြင်းလျှက်ရှိသည်။ မိုးမရွာသဖြင့် သြဂုတ်လ နေသည် အတော်လေးကို စွာနေ၏။ သူတစ်ယောက်တည်း အခန်းထဲတွင် ရှိနေချိန်ဖြစ်သည်။ ထိုစဉ်မှာပင် အင်ဒြူး တစ်ယောက် အခန်းထဲသို့ အပြေးတစ်ပိုင်းရောက်လာပြီး
"ကိုသော်ဇင် ဘာလုပ်နေတာလဲ အထုပ်အပိုးတွေ ပြင်တော့လေ"
"ဘာကိစ္စပြင်ရမှာလဲကွ မင်းကလည်း စကားပြောတာ အစ မရှိ အဆုံးမရှိ"
"အေးဆေးလုပ်နေ ဟိုမှာ သူများတွေ အထုပ်အပိုးတွေပြင်နေကြပြီ"
"ဟေ"
"ဟုတ်တယ် အစ်ကို ဒီမှာ မနေရတော့ဘူးတဲ့ ၁၀ယောက်ထပ်ပိုနေလို့မရဘူးတဲ့ ကျွန်တော်တော့ မနေခဲ့တော့ဘူး အစ်ကိုရော"
သူ အတော်လေးကို ထူပူသွားပါသည်။ အခြေအနေက ရုတ်ချည်းပါလား။ သူ ယခုလိုအခြေအနေဖြစ်လာလိမ့်မည်ဟု မထင်ထား။ ယခင်အပတ်ကတော့ သူတို့အနီးအနား ကုမ္ပဏီများတွင် ပစ်သံခတ်သံများကိုကြားနေရသည်။ သို့သော် သူတို့အနီးအနားသို့ရောက်လာလိမ့်မည်ဟု ထင်မထားချေ။ နေ့စဉ်လိုလိုကြားနေရသော ပစ်သံခတ်သံများကို နားစွင့်ရင်း ဖားကန့်ကနေ ပြန်သင့်မပြန်သင့် သူအတော်လေး စဉ်းစားယူနေရသည်။ သူ့သူငယ်ချင်းများလည်း ထိုနည်း လည်းကောင်းပင်။ ပြောရလျှင် ယခုနှစ် အစပိုင်းကပင် ဖားကန့်ကျောက်စိမ်း မှော်သည် အခြေအနေမကောင်းဖြစ်နေခဲ့သည်။ မှတ်မှတ်ရရ ဇန်န၀ါရီလလယ်လောက်တွင် အလုပ်တွေ ရပ်နားလိုက်ရသေးသည်။ ဖေဖော်ဝါရီလနောက်ဆုံးပတ်မှပင် အလုပ်တွေပြန်စနိုင်သည်။ ကျောက်စိမ်းမှော်၏ ရာသီသိမ်းချိန် မေလသည် ယခုနှစ်တွင် အနည်းငယ်ရှုပ်ထွေး၏။ မေလ ၂၀ရက်တွင် ကုမ္ပဏီတွေ အလုပ်သိမ်းသည်။ ၀န်ထမ်းတွေ ကိုယ့်ရပ်ကိုယ့်ရွာသို့ ပြေးပြန်ကြသည်။ သူတို့ကုမ္ပဏီတွင် ကျန်ရစ်ခဲ့သည်မှာ ၃၈ဦးတည်း။ အမှန်တကယ်တွင် သူလည်း ပြန်ချင်နေသည်။ တွေးပူစရာ ကိစ္စလေးတွေရှိနေ၍သာ မပြန်ဖြစ်။ သူငယ်ချင်းများကလည်း သူနှင့် ဘ၀တူဖြစ်နေကြသည်။ မေလ ၂၉ရက်တွင် သူတို့ကုမ္ပဏီနှင့် အနီးဖားပြင် ဆုတောင်းကုန်းတွင် တိုက်ပွဲငယ်လေးဖြစ်ပွားသည်။ သေနတ်သံများကို အတိုင်းသားကြားနေရသည်။ ထို့နေ့က လမ်းသွားလမ်းလာ လူတစ်ဦး သေနတ်မှန်၍ သေဆုံးသွားသည်။ ထို့နောက်တော့ တိုက်ပွဲသံမကြားရတော့။
ထို့ကြောင့် ယခုတစ်ကြိမ်လည်း ဖြစ်လိုက် ရပ်လိုက်ဖြစ်မှာပါလေဟု ပေါ့ပေါ့လေး တွေးထားမိသည်။ သူ သွေးပူစွာဖြင့် ပစ္စည်းများကို ထုပ်ပိုးရသည်။ သူငယ်ချင်းများကလည်း ပြေးလာပြီး ထုပ်ပိုးကူကြသည်။ သူက ကုမ္ပဏီတွင် ခြောက်နှစ်နီးပါးခန့်နေခဲ့သည်ဖြစ်ရာ သူ့အခန်းတွင် ပစ္စည်း ပစ္စယတွေပြည့်နေသည်။ ကွန်ပျူတာ ၊နှင့် စာအုပ်တွေက သူ ဦးစားပေး သယ်ရမည့် ပစ္စည်းတွေ ဖြစ်သည်။ သူတို့ သူငယ်ချင်းတစ်သိုက်၏ ပစ္စည်းများကို စတိုရှေ့တွင် ချထားလိုက်သည်။ ပြေးရလွှားရလွယ်စေရန် ပွိုင့်ဖိနပ်ကို စီးထားလိုက်သည်။ ဘေးလွယ်အိတ်တွင် အရေးကြီး ပစ္စည်းနှင့် ငွေအနည်းငယ်ကိုထည့်ထားပြီး လွယ်ထားသည်။ မိုးက ရုတ်တရက် အုပ်လာသဖြင့် ထီးတစ်ချောင်းကို ကောက်ကိုင်ထားလိုက်သည်။
"ကိုမင်း ကားလာကြိုမှာလား"
စတိုမှူးကို သူ မေးလိုက်ခြင်းဖြစ်သည်။
"အေးလာမှာ ဒါပေမယ့် နှစ်စီးတည်း လူနှစ်ဆယ်ရှစ်ယောက်နဲ့ ပစ္စည်းတွေကို နိုင်မှာမဟုတ်ဘူး"
"ဒါဆိုရင် ဘယ်လိုလုပ်မလဲ ကျွန်တော်တို့ သုံးယောက်ပေါင်းကတင် တစ်စီးစာရှိနေပြီ"
"အေး အိမ်ထောင်သယ်တွေ စားဖိုမတွေလည်းရှိသေးတယ်။ နောက်နေ့ ကားလာလို့ရသေးတာပဲ မင်းတို့ ပစ္စည်းတွေထားခဲ့လိုက်လေ။ အစ်ကို နောက်နေ့ကျရင် တင်ပေးလိုက်မယ်။ ခုတော့ လူချည်းပဲ ရွာထဲကို ဆင်းတော့။"
"ဗျာ"
"ဟုတ်တယ် ညနေသုံးနာရီနောက်ဆုံး ဆင်းပေးရမယ်တဲ့ ကဲကဲ သူများတွေဆင်းကုန်ပြီး မင်းတို့လည်း ဆင်းတော့"
ကိုမင်း၏ စကားသံ အဆုံးတွင် သူ ဘာမှ မပြောနိုင်တော့။ သူတို့ ၀န်ထမ်းတွေ ရွာထဲ့သို့ ဆင်းရန် ထွက်လာလိုက်ရတော့သည်။ ညနေ သုံးနာရီ နောက်ဆုံး။ နာရီကိုကြည့်လိုက်တော့ သုံးနာရီထိုးရန် မိနစ်သုံးဆယ်။
လမ်းတစ်လျှောက်တွင် ဆိုင်ကယ်တွေ ဥဒဟိုပြေးလွှားနေသည်။ အထုပ်အပိုးတွေနှင့် စစ်ပြေး ဒုက္ခသည်တွေ။ လူများ၏ မျက်နှာကိုယ်စီတွင် အပြုံးတို့ပျောက်ကွယ်နေသည်။ သူတို့၏ မျက်နှာတွင်လည်း ပူပန်မှုသောကတွေနှင့်။ သူတို့ မမုံရွာသို့အရောက်တွင် ရုတ်တရက် ပေါက်ကွဲသံတစ်ခုကိုကြားလိုက်ရသည်။ ချက်ချင်းပင် အသံကြားရာ တောင်ကျောဘက်ဆီတွင် မီးခိုးလုံးကြီများ ကောင်းကင်ပြင်တွင် အူထလာသည်။ မမုံရွာတစ်ရွာလုံး လမ်းတွေမှာ ထွက်ကြည့်နေကြသည်။ ပစ်သံ ခတ်သံတွေ ကြားရပြန်သည်။ သူတို့ကိုလာကြိုသော ကားငယ်များ ရောက်လာသည်။ ကုမ္ပဏီသို့သွားကာ ပစ္စည်းများနှင့် လူအနည်းငယ်ကိုတင်ပြီး ပြန်ဆင်းလာကြသည်။ ကားမဆန့်သဖြင့် သူနှင့် သူငယ်ချင်းဖြစ်သူ နေနေ ကျန်ရစ်ခဲ့သည်။ ပြန်လာကြိုမည်ဟု ကြီးကြပ်ရေးမှူးကပြောသွားသည်။ သူ့ရင်သည် နှိမ့်ချည် မြင့်ချီနှင့် တုန်ရီလျှက်ရှိသည်။
သူတို့ရွာထဲတွင် တစ်နာရီလောက်စောင့်လိုက်ရသည်။ ကုမ္ပဏီက ကားကိုမြင်လိုက်ရမှသာ အသက်ရှူချောင်တော့သည်။ သက်ပြင်းတွေလည်း အခါခါ ချလျှက်သားဖြစ်သွားရသည်။ မမုံရွာမှ သူတို့ကားထွက်လာသည်။ ထိုကားပေါ်တွင် သူအပါအ၀င် နေနေ၊ ဇော်သန့်နှင့် ကားဒရိုင်ဘာ နိုင်နိုင်။ လူလေးဦးသာ။ ကားတံခါးကိုအလုံပိတ်လျှက် မမုံရွာအထွက် ဖားပြင်ရွာထဲသို့ရောက်လာခဲ့သည်။ ဖားပြင်ရွာလည်လမ်းတွင် သူတို့ကားကလေး တရိပ်ရိပ်ပြေးနေသည်။ ရုတ်တရပ်ချည်းဆိုသလို သူ့နားများ အူထွက်သွားသည်။ ရွာလည်လမ်းကိုကြည့်လိုက်မိတော့  လူတွေ ပြေးလွှားနေကြသည်။
သူဘာလုပ်ရမလဲ။
"ဘာဖြစ်တာလဲ"
"လူတွေတော့ပြေးနေတယ်။ ကားမောင်းပြေးရမလား ရပ်ရမလား"
နိုင်နိုင်က မေးလာသည်။ မောင်းပြေးလျှင် လွတ်မလား။
"မောင်းမောင်း ..ဟာ ရပ်ရပ် ရပ်တော့ နိုင်နိုင်"
သူတို့ကားရပ်ကာ တံခါးများဆွဲဖွင့်လျှက် ကားပေါ်မှ ဆင်းလိုက်ကြသည်။ ထိုစဉ်
"ဒိုင်း ဒိုင်း ဒိုင်း.."
"ဒက် ...ဒက်...ဒက်..ဒက်"
သေနတ်သံတွေ သူတို့ ဦးခေါင်းထက်ဆီမှာ ကြားလိုက်ရသည်။ သူတို့လေးယောက်လုံး ကြောင်အလျှက် မြင်တွေ့ရသော အိမ်တစ်လုံးထဲသို့ပြေးဝင်ကာ မြေပြင်တွင် ၀ပ်ကာ ထိုင်ချလိုက်သည်။ ဘယ်က ပစ်နေတာလဲ..။ ဘယ်သူတွေလဲ...။
ဆက်ပါမည်။ 
သော်ဇင်(လွိုင်ကော်)

နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ်


အချိန်က နေ့လည် တစ်နာရီ မိနစ်(၂၀)။ ပတ်ဝန်းကျင်တစ်ခုလုံးကတော့ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေသည်။ မွန်းလွဲနေသည် ပူပြင်းလျှက်ရှိသည်။ မိုးမရွာသဖြင့် သြဂုတ်လ နေသည် အတော်လေးကို စွာနေ၏။ သူတစ်ယောက်တည်း အခန်းထဲတွင် ရှိနေချိန်ဖြစ်သည်။ ထိုစဉ်မှာပင် အင်ဒြူး တစ်ယောက် အခန်းထဲသို့ အပြေးတစ်ပိုင်းရောက်လာပြီး
"ကိုသော်ဇင် ဘာလုပ်နေတာလဲ အထုပ်အပိုးတွေ ပြင်တော့လေ"
"ဘာကိစ္စပြင်ရမှာလဲကွ မင်းကလည်း စကားပြောတာ အစ မရှိ အဆုံးမရှိ"
"အေးဆေးလုပ်နေ ဟိုမှာ သူများတွေ အထုပ်အပိုးတွေပြင်နေကြပြီ"
"ဟေ"
"ဟုတ်တယ် အစ်ကို ဒီမှာ မနေရတော့ဘူးတဲ့ ၁၀ယောက်ထပ်ပိုနေလို့မရဘူးတဲ့ ကျွန်တော်တော့ မနေခဲ့တော့ဘူး အစ်ကိုရော"
သူ အတော်လေးကို ထူပူသွားပါသည်။ အခြေအနေက ရုတ်ချည်းပါလား။ သူ ယခုလိုအခြေအနေဖြစ်လာလိမ့်မည်ဟု မထင်ထား။ ယခင်အပတ်ကတော့ သူတို့အနီးအနား ကုမ္ပဏီများတွင် ပစ်သံခတ်သံများကိုကြားနေရသည်။ သို့သော် သူတို့အနီးအနားသို့ရောက်လာလိမ့်မည်ဟု ထင်မထားချေ။ နေ့စဉ်လိုလိုကြားနေရသော ပစ်သံခတ်သံများကို နားစွင့်ရင်း ဖားကန့်ကနေ ပြန်သင့်မပြန်သင့် သူအတော်လေး စဉ်းစားယူနေရသည်။ သူ့သူငယ်ချင်းများလည်း ထိုနည်း လည်းကောင်းပင်။ ပြောရလျှင် ယခုနှစ် အစပိုင်းကပင် ဖားကန့်ကျောက်စိမ်း မှော်သည် အခြေအနေမကောင်းဖြစ်နေခဲ့သည်။ မှတ်မှတ်ရရ ဇန်န၀ါရီလလယ်လောက်တွင် အလုပ်တွေ ရပ်နားလိုက်ရသေးသည်။ ဖေဖော်ဝါရီလနောက်ဆုံးပတ်မှပင် အလုပ်တွေပြန်စနိုင်သည်။ ကျောက်စိမ်းမှော်၏ ရာသီသိမ်းချိန် မေလသည် ယခုနှစ်တွင် အနည်းငယ်ရှုပ်ထွေး၏။ မေလ ၂၀ရက်တွင် ကုမ္ပဏီတွေ အလုပ်သိမ်းသည်။ ၀န်ထမ်းတွေ ကိုယ့်ရပ်ကိုယ့်ရွာသို့ ပြေးပြန်ကြသည်။ သူတို့ကုမ္ပဏီတွင် ကျန်ရစ်ခဲ့သည်မှာ ၃၈ဦးတည်း။ အမှန်တကယ်တွင် သူလည်း ပြန်ချင်နေသည်။ တွေးပူစရာ ကိစ္စလေးတွေရှိနေ၍သာ မပြန်ဖြစ်။ သူငယ်ချင်းများကလည်း သူနှင့် ဘ၀တူဖြစ်နေကြသည်။ မေလ ၂၉ရက်တွင် သူတို့ကုမ္ပဏီနှင့် အနီးဖားပြင် ဆုတောင်းကုန်းတွင် တိုက်ပွဲငယ်လေးဖြစ်ပွားသည်။ သေနတ်သံများကို အတိုင်းသားကြားနေရသည်။ ထို့နေ့က လမ်းသွားလမ်းလာ လူတစ်ဦး သေနတ်မှန်၍ သေဆုံးသွားသည်။ ထို့နောက်တော့ တိုက်ပွဲသံမကြားရတော့။
ထို့ကြောင့် ယခုတစ်ကြိမ်လည်း ဖြစ်လိုက် ရပ်လိုက်ဖြစ်မှာပါလေဟု ပေါ့ပေါ့လေး တွေးထားမိသည်။ သူ သွေးပူစွာဖြင့် ပစ္စည်းများကို ထုပ်ပိုးရသည်။ သူငယ်ချင်းများကလည်း ပြေးလာပြီး ထုပ်ပိုးကူကြသည်။ သူက ကုမ္ပဏီတွင် ခြောက်နှစ်နီးပါးခန့်နေခဲ့သည်ဖြစ်ရာ သူ့အခန်းတွင် ပစ္စည်း ပစ္စယတွေပြည့်နေသည်။ ကွန်ပျူတာ ၊နှင့် စာအုပ်တွေက သူ ဦးစားပေး သယ်ရမည့် ပစ္စည်းတွေ ဖြစ်သည်။ သူတို့ သူငယ်ချင်းတစ်သိုက်၏ ပစ္စည်းများကို စတိုရှေ့တွင် ချထားလိုက်သည်။ ပြေးရလွှားရလွယ်စေရန် ပွိုင့်ဖိနပ်ကို စီးထားလိုက်သည်။ ဘေးလွယ်အိတ်တွင် အရေးကြီး ပစ္စည်းနှင့် ငွေအနည်းငယ်ကိုထည့်ထားပြီး လွယ်ထားသည်။ မိုးက ရုတ်တရက် အုပ်လာသဖြင့် ထီးတစ်ချောင်းကို ကောက်ကိုင်ထားလိုက်သည်။
"ကိုမင်း ကားလာကြိုမှာလား"
စတိုမှူးကို သူ မေးလိုက်ခြင်းဖြစ်သည်။
"အေးလာမှာ ဒါပေမယ့် နှစ်စီးတည်း လူနှစ်ဆယ်ရှစ်ယောက်နဲ့ ပစ္စည်းတွေကို နိုင်မှာမဟုတ်ဘူး"
"ဒါဆိုရင် ဘယ်လိုလုပ်မလဲ ကျွန်တော်တို့ သုံးယောက်ပေါင်းကတင် တစ်စီးစာရှိနေပြီ"
"အေး အိမ်ထောင်သယ်တွေ စားဖိုမတွေလည်းရှိသေးတယ်။ နောက်နေ့ ကားလာလို့ရသေးတာပဲ မင်းတို့ ပစ္စည်းတွေထားခဲ့လိုက်လေ။ အစ်ကို နောက်နေ့ကျရင် တင်ပေးလိုက်မယ်။ ခုတော့ လူချည်းပဲ ရွာထဲကို ဆင်းတော့။"
"ဗျာ"
"ဟုတ်တယ် ညနေသုံးနာရီနောက်ဆုံး ဆင်းပေးရမယ်တဲ့ ကဲကဲ သူများတွေဆင်းကုန်ပြီး မင်းတို့လည်း ဆင်းတော့"
ကိုမင်း၏ စကားသံ အဆုံးတွင် သူ ဘာမှ မပြောနိုင်တော့။ သူတို့ ၀န်ထမ်းတွေ ရွာထဲ့သို့ ဆင်းရန် ထွက်လာလိုက်ရတော့သည်။ ညနေ သုံးနာရီ နောက်ဆုံး။ နာရီကိုကြည့်လိုက်တော့ သုံးနာရီထိုးရန် မိနစ်သုံးဆယ်။
လမ်းတစ်လျှောက်တွင် ဆိုင်ကယ်တွေ ဥဒဟိုပြေးလွှားနေသည်။ အထုပ်အပိုးတွေနှင့် စစ်ပြေး ဒုက္ခသည်တွေ။ လူများ၏ မျက်နှာကိုယ်စီတွင် အပြုံးတို့ပျောက်ကွယ်နေသည်။ သူတို့၏ မျက်နှာတွင်လည်း ပူပန်မှုသောကတွေနှင့်။ သူတို့ မမုံရွာသို့အရောက်တွင် ရုတ်တရက် ပေါက်ကွဲသံတစ်ခုကိုကြားလိုက်ရသည်။ ချက်ချင်းပင် အသံကြားရာ တောင်ကျောဘက်ဆီတွင် မီးခိုးလုံးကြီများ ကောင်းကင်ပြင်တွင် အူထလာသည်။ မမုံရွာတစ်ရွာလုံး လမ်းတွေမှာ ထွက်ကြည့်နေကြသည်။ ပစ်သံ ခတ်သံတွေ ကြားရပြန်သည်။ သူတို့ကိုလာကြိုသော ကားငယ်များ ရောက်လာသည်။ ကုမ္ပဏီသို့သွားကာ ပစ္စည်းများနှင့် လူအနည်းငယ်ကိုတင်ပြီး ပြန်ဆင်းလာကြသည်။ ကားမဆန့်သဖြင့် သူနှင့် သူငယ်ချင်းဖြစ်သူ နေနေ ကျန်ရစ်ခဲ့သည်။ ပြန်လာကြိုမည်ဟု ကြီးကြပ်ရေးမှူးကပြောသွားသည်။ သူ့ရင်သည် နှိမ့်ချည် မြင့်ချီနှင့် တုန်ရီလျှက်ရှိသည်။
သူတို့ရွာထဲတွင် တစ်နာရီလောက်စောင့်လိုက်ရသည်။ ကုမ္ပဏီက ကားကိုမြင်လိုက်ရမှသာ အသက်ရှူချောင်တော့သည်။ သက်ပြင်းတွေလည်း အခါခါ ချလျှက်သားဖြစ်သွားရသည်။ မမုံရွာမှ သူတို့ကားထွက်လာသည်။ ထိုကားပေါ်တွင် သူအပါအ၀င် နေနေ၊ ဇော်သန့်နှင့် ကားဒရိုင်ဘာ နိုင်နိုင်။ လူလေးဦးသာ။ ကားတံခါးကိုအလုံပိတ်လျှက် မမုံရွာအထွက် ဖားပြင်ရွာထဲသို့ရောက်လာခဲ့သည်။ ဖားပြင်ရွာလည်လမ်းတွင် သူတို့ကားကလေး တရိပ်ရိပ်ပြေးနေသည်။ ရုတ်တရပ်ချည်းဆိုသလို သူ့နားများ အူထွက်သွားသည်။ ရွာလည်လမ်းကိုကြည့်လိုက်မိတော့  လူတွေ ပြေးလွှားနေကြသည်။
သူဘာလုပ်ရမလဲ။
"ဘာဖြစ်တာလဲ"
"လူတွေတော့ပြေးနေတယ်။ ကားမောင်းပြေးရမလား ရပ်ရမလား"
နိုင်နိုင်က မေးလာသည်။ မောင်းပြေးလျှင် လွတ်မလား။
"မောင်းမောင်း ..ဟာ ရပ်ရပ် ရပ်တော့ နိုင်နိုင်"
သူတို့ကားရပ်ကာ တံခါးများဆွဲဖွင့်လျှက် ကားပေါ်မှ ဆင်းလိုက်ကြသည်။ ထိုစဉ်
"ဒိုင်း ဒိုင်း ဒိုင်း.."
"ဒက် ...ဒက်...ဒက်..ဒက်"
သေနတ်သံတွေ သူတို့ ဦးခေါင်းထက်ဆီမှာ ကြားလိုက်ရသည်။ သူတို့လေးယောက်လုံး ကြောင်အလျှက် မြင်တွေ့ရသော အိမ်တစ်လုံးထဲသို့ပြေးဝင်ကာ မြေပြင်တွင် ၀ပ်ကာ ထိုင်ချလိုက်သည်။ ဘယ်က ပစ်နေတာလဲ..။ ဘယ်သူတွေလဲ...။
ဆက်ပါမည်။ 
သော်ဇင်(လွိုင်ကော်)

ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ

စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...