Thursday, October 27, 2011
စက်ဘီးကလေး..တစ်စီးကြောင့်
(၁)
          ခေါင်းပေါ်ကသရက်သီးတောင်းကြီးကြောင့်ထင်ကျုပ်ခေါင်းတစ်ခုလုံးကြိမ်းစက်နေတယ်။ မနက်လေးနာရီလောက် ကတည်းက စပြီးရွက်လာတာဆိုတော့လည်း မကြိမ်းမှ ခံနိုင်ရော။ သာစည်မြို့နဲ့ ကျုပ်တို့ရွာက နီးနီးလေးမှမဟုတ်တာ။ အတူလာ မိန်းမဖော်တွေကတော့ ဆူညံအောတိုက်လို့။ သူတို့လို စကားလည်း များများဖောင်မဖွဲ့နိုင်။ လျှာမထွက်ရုံတမယ် မောလိုက်တာလည်း မပြောပါနှင့်တော့။ လမ်းတစ်လျှောက်လုံးမှာတော့ လှည်းကြုံလေးတွေ့လိုတွေ့ညားတော့ မျက်စိကစားမိပါသေးတယ်။ လှည်းကြုံတွေ့ရင်တော့ တောင်းစီးလို့ရတယ်လေ။ သူများတွေကတော့ သာစည်ဈေးနေ့ဆိုရင် စက်ဘီးလေး ဘာလေး စီးပြီးသွားနိုင်ကြတာပေါ့။ ကျုပ်တို့ အိမ်ကတော့ ဘီးနဲ့တူတာဆိုလို့ စဉ်းနီတုံးပဲရှိတယ်။ စက်ဘီးတော့ စီးတတ်ပါရဲ့ ဒါပေမယ့် စက်ဘီးမရှိတာကခက်တာ။ စက်ဘီးလေးတစ်စီးရှိရင်များတော့ ကျုပ်တို့ သည်လိုခေါင်းရွက်နေစရာကိုမလိုတာ။ စက်ဘီး ကယ်ရီယာပေါ်ကို တောင်းတင်ပြီးရင် ဘေးတစ်ဘက်ဆီကို လက်ဆွဲခြင်းတောင်ကပ်ချီလို့ရသေး။ ဒါကြောင့် သည်နှစ်တော့ စက်ဘီးတစ်စီးလောက်တော့ ရအောင်ဝယ်မယ်လို့ စိတ်ကူးထားတာပဲ။ ဖြစ်လာတာ မဖြစ်လာတာတော့ တစ်ပိုင်းပေါ့။ စက်ဘီးဈေးကလည်း သိန်းဂဏန်းလျော့လျော့လောက်ဆိုတော့ အများကြီးကြိုးစားရဦးမှာ။ အမေကတော့ပြောတယ်။
ဆန်မရှိ သောက်စားကြီး၊ အီးတပွတ်ပွတ် လုပ်မနေနဲ့တဲ့။ နောက်ပြီးပြောသေးတယ်။
ငါတို့တုန်းကများတော့ သာစည်နဲ့ သမန်းကန်လောက်ကိုနေ့ချင်းပြန် သွားလိုက်ကြတာ တပျော်တပါးပဲ ညည်းတို့ကျမှ စက်ဘီးနဲ့ သွားချင်ရတာနဲ့။လှည်းနဲ့သွားချင်ရတာနဲ့။တကယ်လို့ လှည်းတို့ စက်ဘီးတို့မရှိရင် ညည်းတော့ ထမင်းငတ်တာနဲ့ပဲ သေမှာ ညည်းသိလား တဲ့။
ဟဲ့ ကောင်မ ။
အောင်မလေး ညည်းကလည်း လန့်လိုက်တာ။
ညည်း ငြိမ်လှချည်လားအေ့။ စကားလေးဘာလေးကူပြောပါဦး။
ပြောနိုင်ပါဘူးတော် ဒီမှာ သရက်တောင်းကလေးရတဲ့ အထဲ ကူရွက်ပေးမယ်တော့မပြောဘူး။ ညည်းတို့ကို စကားကူပြောရဦးမယ် အားကိုးရချက်တော့။
သည်ကောင်မတွေက သည်အတိုင်းပဲ။ အလုပ်ဆိုရင်တော့ လေးဖင့်ဖင့်နဲ့။ အစားတို့ အပျော်အပါးတို့ဆိုရင်တော့ သွက်သလားတော့မမေးနဲ့။ သူတို့ထက်မြန်ပါတယ်ဆိုတဲ့ လူတောင် နောက်ကောက်ကျသွားဦးမယ်။ ညောင်တိုရွာကိုရောက်တော့ မနက်ဝေလီ ဝေလင်းနေပြီ။ အင်း သည်နေ့တော့ ဈေးမှီပါ့မလားလို့ စိတ်ပူရသေးတယ်။ နောက်ကျလို့ကတော့ ကျုပ်ရဲ့ သရက်သီးတွေ ကောက်တဲ့လူမှရှိဦးမလားမသိ။ သရက်သီးကလည်း သည်တစ်ခေါက်ကျမှ အလုံးတွေကမညီ။ အသေးရော။ အကြီးရော။ ရောရောနှောနှောတွေ။ သက်နိုင်ဘူးလေ လျော့ဈေးနဲ့ ပေးရင်ပေးခဲ့ရမှာ။ သည်နေ့ အမေကလည်း ဆန် ၁၂ပြည်လောက် ၀ယ်ခဲ့ဦးလို့မှာလိုက်သေးတယ်။ အဲသည်အမေတို့များလေ ကျုပ်ကို နည်းနည်းလေးမှ မသနားဘူး။ တစ်ခါတစ်ခါတော့ တွေးမိသေး။ ကျုပ်က သားသမီးအရင်းမှ ဟုတ်ပါလေစလို့။ ကျုပ်ရဲ့ အဘွားကိုမေးကြည့်တော့
ဟဲ့ ဗေဒါ ညည်းဘယ်လိုမေးလိုက်တာလဲ ညည်းကို ငါကိုတိုင် မီးတွင်းထဲမှာ မွေးပေးခဲ့တာပါအေ့ အရင်းမှစစ်သလားမမေးနဲ့ ခေါက်ခေါက်ကြီး ရွာကန်ကရေတွေ ခမ်းရစေ့ လို့ပြောတယ်။
          သည်နေ့တော့ ကျုပ်လိုချင်နေတဲ့  စက်ဘီးလေးကို မေးကြည့်ဦးမှ။ စက်ဘီးလေးစီးသွားကြတဲ့ လူတွေကိုမြင်တိုင်း ကျုပ်က စက်ဘီးစီးချင်တာ ခြေကို ရွလို့။ ကျုပ်တို့ ဈေးရောက်တော့ ဈေးကဖွင့်နေပြီ။
ဗေဒါ ညည်းနဲ့ တို့တတွေ ဈေးရှေ့က မုန်းဟင်းခါးဆိုင်မှာ ခဏနေရင်ဆုံကြရအောင်။
ညည်းတို့က ဘယ်ရွေ့မလို့တုန်း။ ၀ယ်စရာလေးတွေရှိနေလို့ပါအေ။ညည်းလည်း သရက်သီးတွေ သွင်းဦးမှာမလား။
အေးအေး သွားသွား။ဟဲ့ နေဦး ဘယ်မုန့်ဟင်းခါးဆိုင်လဲ။
ညည်း မသိတာကျလို့ ဒေါ်ပုမဆိုင်ကစောင့်မယ်။
ကောင်မတွေကတော့ ရွေ့ကြပြီ။ ကျုပ်မှာသာ သရက်တောင်းကြီး ရွက်လို့ ဖောက်သယ်ရှာရတယ်။ တွေ့ပါပြီ။
ဟဲ့ ဗေဒါ ဗေဒါ ဒီကိုလာ ဒီကို။
(၂)
အယ် မခိုင်တော့။
အောင်မလေး ညည်းမလာတော့ဘူးမှတ်လို့ ငါက ဟိုကောင်မတွေနားက ကောက်တော့မလို့။
အမေလး တော်ပါသေးရဲ့ ကျုပ်ကနောက်ကျနေလို့ ဈေးမှီပါ့မှီပါ့မလားလို့။ မခိုင်တစ်ချက်လောက် ထိန်းပါဦးတော့ ကျုပ်ခေါင်းတွေ ကြိမ်းစက်နေပြီ။
အေးပါအေ။ ရော့ ရေသောက်ဦး။
ရေတစ်ခွက်သောက်လိုက်တော့ အမောတစ်ဝက်တော့ ပြေသွားတစ်ယောင်ယောင်။
          ဟယ်ညည်း သရက်တွေကလည်း အလုံးလည်းမညီဘူး။
မခိုင်ရယ် မတိမ်းမယိမ်းလေးတွေပါ။
တစ်လုံးဘယ်လောက်ပေးမလဲအေ့။
တစ်လုံးကို သုံးတယ်လောက်တော့လိုချင်တယ် မခိုင်ရဲ့။
များလိုက်တာ ဗေဒါရယ်။လျှော့ဦး။
မခိုင်ကလည်း သိရက်သားနဲ့ စစ်နေပြန်ပြီ။ ကျုပ်က ခေါင်းတွေ ကြိမ်နေအောင်ရွာကနေရွက်လာရတာတော့။ အလုံးဘယ်လောက်ပါတာလဲ။
၃၅၀။
ဒါဆို ၁၀၅၀၀ပေါ့။ ကဲကဲ ၁၀၀၀၀ပဲထားလိုက်တော့။ဟုတ်လား ၅၀၀လျှော့။
မလုပ်ပါနဲ့ မခိုင်ရယ်။
ညည်းကလည်း ထားလိုက် ညည်း သရက်တွေက ငါ တစ်ခြားအလုံးတွေနဲ့ ညှပ်ရောင်းရမှာ။
သက်နိုင်ဘူးလေ လျှော့ရတော့မှာပေါ့။ မခိုင်ကတော့ သူဆိုင်ကကောင်လေးနဲ့ သရက်သီးတွေရေထည့်နေပြီ။ ကျုပ်ကတော့ ကောင်မတွေကိုရှာရဦးမယ်။
ရော့ ၁၀၀၀၀ နောက်တစ်ခေါက်ကျရင် ညည်းလာဦးမလား။
ပြောတတ်ဘူး မခိုင်ရဲ့။
ပိုက်ဆံကိုရေတွက်လိုက်တော့ တစ်ထောင်တန် ၁၀ရွက် ကွက်တိ။
မခိုင် ဘာမှမစား၇သေးလို့ မုန်ဟင်းခါးဖိုး ၂၀၀လောက်ချေးပါလား။မခိုင်က ရယ်တယ်။
ဗေဒါရယ် ညည်းက သိပ်လည်တာ ရော့ရော့ ငါချေးတာမဟုတ်ဘူး။ ညည်းကို ဒါနပြုတာ။
ကဲ ဒါဆို ၃၀၀ပဲ လျှော့ရာရောက်တာပေါ့။ အင်း အမေမှာတဲ့ ဆန်၁၂ပြည်ဝယ်ရဦးမယ်။ ဘာဆန်ဝယ်ရင်ကောင်းမလဲ။ အရင်တစ်ပတ်က ကျုပ်ဝယ်လာတဲ့ ဆန်ကကြမ်းလွန်းလို့တဲ့ ကျုပ်မောင်တွေ ညီမတွေက အပြစ်တင်တယ်။ အစ်မကြီးကတော့ ဈေးသက်သာတာပဲ ကြည့်ဝယ်လာတယ် ကြမ်းကလည်းကြမ်းသေး ၀ါကလည်းဝါသေး လည်ချောင်းတောင်ရှမလားမှတ်ရတယ်တဲ့။ သူတို့မရှာရတိုင်း ။ ကျုပ်မောင်တွေကလည်း လက်ကြောကသိပ်တင်းတာမဟုတ်ဘူး။ ကြက်တိုက်ရတာနဲ့။ ဇယ်တောက်ရတာနဲ့။ ဘောလုံးပုတ်ရတာနဲ့။ ကျုပ်ဈေးရောင်းကပြန်လာရင် သူတို့က ကစားလို့တောင်မပြီးကြသေးဘူး။ သူတို့ကိုကြည့်ပြီး အမောမပြေတဲ့အပြင် ကျုပ်က သေတောင်သေချင်သေး။ တစ်ခါတစ်ရံများ မကြီး သာစည်လိုက်ခဲ့ရမလား မောင်လေး ထမ်းကူမယ်လေတို့။ မကြိးမောလာလားတို့ ယောင်လို့ မမေးဘူး။ ပါးစပ်ပဲ့သွားမှာ စိုးလို့နဲ့တူပါရဲ့။
အစ်မရေ ငစိန်တစ်ပြည် ဘယ်လောက်တုန်း။
၄၅၀။
အောင်မလေး ၁၂ပြည်ဆိုတော့ ၅၄၀၀။
၄၀၀မရဘဘူးလား။
မရဘူး ညီမရဲ့ ဆန်ဈေးတွေက တက်နေတာ ဒါ အရင်ဝယ်ထားတဲ့ အိတ်တွေမို့ ဈေးလျှော့ရောင်းတာ ညီမ။ ပြောလိုက်ရင်တော့ ကျုပ်တို့ကပဲ ဈေးပိုပေးရတော့မလိုလို။ တက်ဈေးမိရတာနဲ့။ ဘာနဲ့။ ညာနဲ့။
၄၀၀ထားလိုက်ပါ အစ်မရယ်။
ညီမက ဘယ်နှစ်ပြည်လောက်လိုချင်တာတုန်း။
၁၂ပြည်တောင်ယူမှာ  အစ်မရဲ့။
(၃)
ညီမ အိတ်ပါလား။
မပါဘူး အစ်မ။
သွားပြီ။ ငွေ ၁၀၀၀၀ရတာ ။တစ်ဝက်တော့ ဆန်ဖိုးဖြစ်သွားပြီ။ ဆန်တင်လားဆိုတော့ မပြီးသေး။ တိုလီမိုလီလေးတွေ ၀ယ်ရဦးမယ်။ အငယ်မလေး ဥမ္မာရဲ့ဖိနပ်က မနေ့ကပြတ်သွားတော့ ဒီနေ့ဈေးအပြန်ဝယ်လာပေးဖို့ ညကတည်းက တစ်စာစာမှာနေတာ။ ပြန်ချုပ်လို့ရရင်လည်း ချုပ်ပေးမလို့။ ဖိနပ်ကိုကြည့်လိုက်တော့ အဖတ်လိုက်ကိုကွာလို့။ ဒါနဲ့ပဲ ယင်းမာ တစ်ရံဝယ်လိုက်တယ်။ အဖေ့အတွက်ကွမ်းရွက်။ အမေ့အတွက် ဘိန်းမုန့်။ လက်ထဲ ကြည့်လိုက်တော့ ၃၅၀၀လောက်ပဲကျန်တော့တယ်။
ဟဲ့ ဗေဒါ ။
အောင်မလေး လန့်လိုက်တာအေ။
ညည်းကိုလိုက်ရှာနေတာ မုန့်ဟင်းခါးစားမလို့။
ညည်းတို့ မစားရသေးဘူးလား။
စားရသေးပေါင်အေ။
ဒါဆို ဘယ်တွေ အလေလိုက်နေကြတာလဲ။
အလေမလိုက်အားပေါင်။ သင်းကြည်လေ သူ့မောင်လေးအတွက် စက်ဘီးတစ်စီး ၀ယ်ချင်လို့ဆိုပြီး သွားဝယ်တာ ငါတို့ကလိုက်သွားနေလို့။
စက်ဘီး။ ကျုပ်အသံထွက်ရေရွက်မိတယ်။
သင်းကြည်ကလည်း ငါ့တောင်မခေါ်ဘူး။
ညည်းက သရက်သီးတွေ သွင်းရဦးမှာကို။
အစောကြီးရှိသေးတယ် စက်ဘီးဆိုင်ကဖွင့်လို့လား။
ဖွင့်ပါ့ ဟိုဖက်ကမ်းတောင်လွန်းသေး။
ကျုပ် ဒေါ်ပုမဆိုင်မှာ မုန်ဟင်းခါးစားရင်း စက်ဘီးအကြောင်းတွေးနေမိတယ်။ ကျုပ်တို့ ရွာမှာ စက်ဘီးရောဂါ ထနေကြတာကလား။ စက်ဘီးရှိတဲ့ အိမ်က မြောက်မြောက်နဲ့။ ကျုပ်က အမေ့ကို စက်ဘီးတစ်စီးလောက်ဝယ်စီးရင် ကောင်းမယ်လို့ တိုင်ပင်ကြည့်တော့
ညည်း ကထမင်းမစားပဲ စက်ဘီးနင်းနေမလို့လားတဲ့။ ကျုပ်မောင်တွေ ညီမတွေကတော့ မကြီးဝယ်မလို့လားလို့ အားကျပါးကျမေးကြတယ်။ ၀ယ်ပါဘူး။မကြီးကလည်း။ ကျုပ်တင်မကပဲ သူတို့လေးတွေပါ စက်ဘီးစီးချင်ကြပါလား။
ဟယ် သင်းကြည် နင်တကယ်ဝယ်လာတယ်။
ကျုပ်ကြည့်လိုက်တော့ ဆိတ်ငါးကောင် ဘီး အနီရောင်တောက်တောက်လေး။ လှချက်။
ဗေဒါ မလှဘူးလား။
လှလိုက်တာဟယ်။
ဘယ်လောက်ပေးရလဲ။
၈၅၀၀၀၀။
အောင်မလေး..များလိုက်တာလို့တော့ စိတ်ထဲကပဲ ပြောဖြစ်တယ်။
အပြန်ညည်းက စီးပြန်မှာပေါ့။
ဒါပေါ့။
လှစိန်ကရော။
ငါနဲ့ပြန်မှာလေ။
ဟိုကောင်မတွေကရော။စောစောကပဲ ညောင်တိုရွာကလှည်းကြုံးနဲ့ပြန်နှင့်ကြပြီ။
ဒါဆို ကျုပ်တစ်ယောက်တည်းပြန်ရမှာပေါ့။ လှစိန်ကတော့ စက်ဘီးအသစ်လေးနဲ့ လိုက်စီးရမှာဆိုတော့ ပျော်လို့။ကျုပ်ကိုတော့ဖြင့် အားနာနာနဲ့ ကြည့်ပြီး ဗေဒါက ဘာနဲ့ပြန်မှာလဲ။ ထုံးစံအတိုင်း ကိုယ့်ခြေထောက်ကိုယ်သုံးရမှာပေါ့အေ။ ကျုပ် ရင်ထဲမှာတော့ အောက်သက်သက်နဲ့ ဖြေလိုက်ရတယ်။ သူတို့မို့အားမနာလျှာမကျိုး မေးမေးရက်တယ်။
(၄)
သင်းကြည့်ရဲ့ အကြည့်တွေ၊ အပြောတွေကို ကျုပ်က သိတာပေါ့။ ဒီကောင်မ ကျုပ်ကို ချိုးနေတာ။ ကျုပ်စက်ဘီးရောဂါထနေမှန်း သိလို့ အရင်ဝယ်ချလိုက်တာ။
သင်းကြည်တို့က စက်ဘီးတစ်စီးကို သည်လို ကောက်ခါ ငင်ခါဝယ်နိုင်တယ်ဟေ့လို့ ရွာမှာ လက်မထောင်ပြဦးမှာ သေချာတယ်။ အင်းလေ လယ်နဲ့ယာနဲ့ ဆိုတော့ ၀ယ်နိုင်တာပေါ့။
သင်းကြည်ရဲ့ ၈၅၀၀၀၀ ဆိုတဲ့ အသံဟာ အနည်းငယ် မော်ကြွားနေတယ်။ ပြီးတော့ ဗေဒါမလှဘူးလားတဲ့။ ကျုပ်ရဲ့ ရင်ထဲက စက်ဘီးလိုချင်တဲ့ စိတ်ကတော့ ပိုမိုလို့ခိုင်မာသွားခဲ့တယ်။ နေနှင့်ဦးပေါ့ သင်းကြည်ရယ်။ ငါလည်း တစ်နေ့တော့ စက်ဘီးလေးစီးပြီး ညည်းအိမ်ရှေ့ကို ထမင်းစားတောင်မနားပဲ စီးပြဦးမယ်။ သင်းကြည်တို့ စက်ဘီးစီးတတ်တယ်ဆိုတာ မနေ့ တစ်နေ့ကပါ။ ကျုပ်က ကိုနိုင်ကြီး သင်ပေးလို့ မနှစ်တစ်နွေတုန်းကတည်းကတတ်တာ။ သင်းကြည်တို့များ စီးတတ်ချင်လွန်းလို့ ကိုနိုင်ကြီးကို ကွမ်းယာဝယ်ကျွေးရတာနဲ့။ ဆေးလိပ်ဝယ်တိုက်ရတာနဲ့။ ပြာယာ့ကိုခတ်လို့။ ကျုပ်တို့များတော့ ကိုနိုင်ကြီးကို ကွမ်းကျွေးစရာမလို၊ ဆေးလိပ်တိုက်စရာမလို။ ဗေဒါစက်ဘီးစီးတတ်ချင်လားလို့မေးတော့ ကျုပ်ကလည်း ခွင့်သာခိုက်မှ မလိုက်ရင် ကျုပ် ဗေဒါ အ..ရာကျတော့မပေါ့။ ခေါင်းကို ဆတ်ခနဲ့ငြိမ့်ပြီး အပြေးတစ်ပိုင်းမလှမ်းရုံတမယ်ရယ်။
ခုတော့ ညည်းက ကျုပ်ကရင် စက်ဘီးကိုဦးအောင်ဝယ်ပြလိုက်တယ်ဆိုတော့ ကျုပ်ရင်ထဲမှာ ကလိကလိနဲ့။ အဲသည်နေ့က ရွာအပြန်လမ်းမှာ ကျုပ်တစ်ယောက်တည်းရယ်။ ကျုပ်ကိုယ့်ကျုပ်တောင် အားငယ်မိတယ်။ ရွာကလူတွေကလည်း မြေနှိမ့်ရာ လှံစိုက်ချင်ကြသေးတာလည်း အများကြီး။ တစ်ခါတစ်လေလေးများ စက်ဘီးသွားမငှားလိုက်နဲ့
အားတော့နာပါတယ် ဗေဒါရယ် ခဏနေရင် ကိုဖိုးမောင်က အိုင်ကြီးလည်ရွာကို နို့ပို့သွားတော့မှာ ဒီနေ့တော့ မအားဘူးဗေဒါရယ် ဆိုတာကတစ်မျိုး ၊ တစ်ချို့များကျတော့
ဗေဒါရယ် ညည်းကောင်းကောင်းစီးတတ်တာလည်း မဟုတ်ပဲနဲ့ တော်ကြာ ပျက်နေပါဦးမယ် ညည်းသိတဲ့ အတိုင်း ကိုသာရင်ကြီးက စည်းကမ်းကကြီးပါဘိနဲ့ မငှားချင်လို့မဟုတ်ဘူးနော် ငါတစ်ယောက်ပိုင်ဆို ညည်းကိုငှားလှ ကြာပေါ့ ဆိုတာကတစ်မျိုး။ ဒါတွေကြောင့်ပဲ ကျုပ်စက်ဘီးလိုချင်တာပေါ့။
နောက်က စက်ဘီးဘဲလ်တီးလိုက်သလိုပဲ။
ဗေဒါ သာစည်ကပြန်လာတာလား။
ဟုတ်တယ် ကိုနိုင်ကြီးရဲ့ ဘယ်ကပြန်လာတာလဲ။
သာစည်ကပဲ ဒါနဲ့တစ်ယောက်တည်းလား အဖော်မပါဘူးလား။
အစကတော့ပါတယ်..။
အခုရော။
ကောင်မတွေလေ ပြန်နှင့်ကြတာ။ သင်းကြည်တို့ လှစိန်တို့ကတော့ စက်ဘီးအသစ်လေးနဲ့ ရွာကို ရောက်လောက်ရောပေါ့။
ကဲကဲ…တက် ။
ဘယ်သွားမလို့လဲ။
ဟ..ရွာကိုပေါ့။ ကျုပ် အပေါ်ကိုဆို ကိုနိုင်ကြီးက သိပ်ဂရုစိုက်သလိုပဲ။ ကိုနိုင်ကြီးရဲ့ စက်ဘီး ကယ်ရီယာပေါ်ထိုင်လိုက်တာ ဒါနဲ့ဆို နှစ်ခါရှိပြီ။ အရင်နှစ် ရွာဆွမ်းလောင်းပွဲတုန်းကတစ်ခါ။ အဲသည်တုန်းက သင်းကြည်မြင်သွားတော့ မျက်စိတစ်ဆုံးလိုက်ကြည့်နေတာများတော့ ကျွပ်တောင်ကျလောက်တယ်။ သည်တစ်ခါရော။
ကိုနိုင်ကြီး ။
ဟေ။
ရွာကျရင် သင်းကြည်တို့ အိမ်ရှေ့ကဖြတ်နင်းပေးပါလား။
ဘာလုပ်စရာရှိလို့လည်း ..ဟ။
လုပ်စရာရှိလို့မဟုတ်ပေါင်။ ကျုပ်မောင်တွေ ဇယ်ခုံမှာရှိရင် တစ်ခါတည်း ခေါ်ပြန်ချင်လို့။
တွေ့ကြသေးတာပေါ့ မိသင်းကြည်။ ကိုနိုင်ကြီးရဲ့ စက်ဘီးနောက်ကနေ မိန့်မိန့်ကြီး ညည်းကို ငါကြည့်ပြမယ်။ ဟော မြင်ရပါအပြီ ရွာကို။
(၅)
ရွာဦးဘုန်းကြီးကျောင်းနဲ့ တမာပင်ကြီးကြီးတွေကို။ လေလေးတဖြူးဖြူးနဲ့ စီးလို့ကောင်းလိုက်တာများ။အောင်မလေး။ စက်ဘီးချိုင့်ထဲကျချိန်မို့ ကျုပ်ကိုနိုင်ကြီးရဲ့ခါးကို လှမ်းဖက်မိတယ်။ ကိုနိုင်ကြီးကတော့ မသိချင်ယောင်ဆောင်လို့ရယ်။
ရွာကိုရောက်တော့
ဟေ့ နိုင်ကြီး မင်းက အာ ဗေဒါ ညည်းနဲ့ 
ဘာပြောမို့လို့တုန်း။
ကျုပ်ရဲ့ ရန်တွေသံကြောင့်ထင်တယ်။ ဘာမှဆက်မပြောတော့ဘူး။
ဗေဒါ ညည်းကလည်း စိတ်ချည်ပဲ။ငါက ဘယ်ကဘယ်လိုတွေ့ကြတာလည်းလို့ မေးမလို့ဟာ။
မမေးနဲ့ နင့်လေသံကို မသိတာကျလို့ငမူးနော် နင့်အကြောင်းတွေ အူမချေးခါးမကျန် ကျုပ်သိတယ်။
ကိုနိုင်ကြီးကတော့ ဘာကို သဘောကျနေတယ်မသိ ပြုံးပြုံးကြီးလုပ်နေတယ်။
ကိုနိုင်ကြီး သင်းကြည်တို့အိမ်ဘက်လှည်းနင်းတော့။
အေးပါဟ..။
ဘာပြုံးနေတာတုန်း သူကတစ်မျိုး။
သင်းကြည်တို့ အိမ်မျက်စောင်းထိုးမှာ ဇယ်ခုံရှိတယ်လေ။ ဟော သင်းကြည်တို့ တစ်သိုက် ၀ိုင်းထဲမှာ စက်ဘီးအသစ်လေးကို ၀ိုင်းကြည့်လို့ ဆူညံပွက်လောရိုက်နေကြတယ်။ ကိုနိုင်ကြီး ဘဲလ်တီးလိုက် စမ်းပါ။
ကလင်…ကလင်..ကလင်….ကလင်…ကလင်။
ဟဲ့  ငဦး..တို့ ငမျိုးတို့ နှစ်ကောင် လာအိမ်ပြန်မယ်..အောင်မလေး နေစောင်းတာတောင် ဇယ်တောက်ကောင်းနေတုန်း ထမင်းမစားမှာကျလို့ လာလေ ဟဲ့ ဘာကြည့်နေတာလဲ။
ကျုပ်ရဲ့ အသံကို တမင်တကာ မြင့်ပြီး သင်းကြည်တို့ကြားလောက်အောင် အော်ပြောလိုက်တယ်။
နောက်ကလိုက်ခဲ့ ငါပြန်နှင့်မယ်။
ကိုနိုင်ကြီး နင်း။
ကျုပ်က ကယ်ရီယာပေါ်ကို ဆွေ့ခနဲ့ခုန်တက်လိုက်တော့ သင်းကြည့်ရဲ့အကြည့်တွေကိုရင်ဆိုင်လိုက်ရတယ်။ နောက်ကျုပ်လက်က ကိုနိုင်ကြီးခါးကို ဘယ်ကဘယ်လိုရောက်သွားတယ်မသိဘူး။ သင်းကြည်ရဲ့ စူးတောက်တဲ့အကြည့်။ ကျုပ်ရဲ့ ဘာတတ်နိုင်သေးလဲ ဆိုတဲ့အကြည့်။ အိမ်ရှေ့ရောက်တော့
ကျေးဇူးပဲ ကိုနိုင်ကြီး။
ဟ ဒါဆိုလည်း ဆင်းတော့လေ ငါ့ခါးကိုလည်း လွှတ်ဦး။
အယ် ဟုတ်သားတော့။
ရှက်လိုက်တာ။ သင်းကြည်ကိုနိုင်ချင်ဇောနဲ့ ကျေးဇူးပဲတာပြောပြီး မဆင်းပဲ ခါးကိုဖက်ထားမိတာ။ ကျုပ်လည်း စက်ဘီးပေါ်ကတင်းပြီး တစ်ချိုးတည်း အိမ်ထဲကို ပြေးဝင်မိတော့တယ်။
ဗေဒါ..ဟဲ့ ထတော့ မိုးလင်းနေပြီ။
အမေကလည်း ဘယ်နာရီရှိပြီမို့လို့လဲ။
အောင်မလေး ညည်းကများ ငါ့ကို တစ်ပြန်စီးမေးရသေးတယ်။ ထမင်းကော ဟင်းကောကျက်မှ ညည်းကိုငါနိုးတာပါဟဲ့။ မပြောလိုက်ချင်ဘူး ပင်ပန်းတာက နည်းနည်း အပျင်းထူချင်တာကများများ။
တော်ပါတော့အမေရယ် အမေတို့လေ ကျုပ်ကိုဆို အကောင်းကို မပြောဘူး ထပြီ ကဲ ..ထပြီ။
ကျုပ်အိပ်ရင်လည်း ကောင်းကောင်းမအိပ်ရ။ ဟုတ်သားပဲ သည်နေ့ အမေနဲ့ ငါးစမ်းလိုက်မယ်ပြောထားတာပဲ။  မျက်နှာကို ကပျာကယာသစ်ပြီး ထမင်းပူပူကို အမြန်စားလိုက်တယ်။ အိမ်အောက်က အမေကတော့
ဗေဒါ ဗေဒါ။
ကြားတယ် အမေရေ..လာပြီလာပြီ။
တကယ်တည်း သူ့စောင့်ရတာနဲ့ နေမြင့်နေပြီ။
အမေကတော့ တစ်ပျစ်တောက်တောက်။ ကျုပ်ကတော့ အပြေးတစ်လွှား ပုဆိုးခေါင်းပေါင်းပြီး ပြေးဆင်းရတော့တာပေါ့။
(၆)
သည်လိုပဲ ဟိုဟာလေးရောင်းလိုက် သည်ဟာလေးရောင်းလိုက်နဲ့ ကျုပ်မှလည်း သရက်သီးသယ်ဖြစ်လိုက် ငါးသယ်ဖြစ်လိုက်။ ခုလည်း ငါးစမ်းရဦးမယ်။ ဟိုတစ်နေ့ကတော့ မိအေးတို့ ငါးတွေရွာရှေ့ဖျားမှာ တိုးလို့ဆိုပြီး ဗေဒါ လိုက်ခဲ့ပါလား.. ငါးတွေရတယ်အေ့ ညည်းက အစမ်းတော်တော့ များများရမှား ငါနဲ့လိုက်ခဲ့ပါအေ…လို ခဏခဏခေါ်နေတာ ။
သည်နေ့တော့ အမေ့ပါခေါ်ခဲ့တယ်။ ရွာထိပ်မှာ မအေးတို့ လေပြစ်နေတာများ မြေဖင်ချထိုင်လို့။
ဗေဒါရယ် စောင့်လိုက်ရတာ စောစောသွားမှ များများရမှာပေါ့။ တော်ကြာ သူများတွေ ငတို့စမ်းမယ့်နေရာမှာ ဦးနှင့်ပါဦးမယ်။
အိပ်ပျော်သွားလို့ပါဟယ်..ညည်းကလည်း အပြစ်ပဲတင်နေ။
ကြီးကြီးသိန်းလည်းပါတာကို ကောင်းတယ်ဟေ့…။သွားမယ်..လာလာ ။
မိအေးတို့က ရှေကသုတ်သုတ်။ ကျုပ်တို့ သားအမိက နောက်က မြန်မြန်လိုက်ရတာပေါ့။ ဟောရှေ့မှာ သင်းကြည်တို့ လှစိန်တို့။သင်းကြည်က
ဗေဒါဘယ်သွားမလို့လဲ။
မိအေးနဲ့ ငါးစမ်းလိုက်သွားမလို့။
ဟယ် ငါက ဒီနေ့ ညည်းအားတယ်မှတ်လို့ ဇီးတောရွာကိုလိုက်ခဲ့ဖို့ ခေါ်မလို့။ လှစိန်တို့တောင် ကိုဖိုးမောင်အိမ်က စက်ဘီးငှားပြီးပြီ။
တမင်တကာ မကောင်းတတ်လို့ခေါ်တာများ ညည်းအကြောင်း ငါမသိရင်ခက်မယ်။စိတ်ထဲမှာပဲ ပြောလိုက်တာပါ။
တော်ပါပြီအေ…ကျုပ်လည်းအားဘူး မဟုတ်လား နောက်များကျမှပေါ့ အားအားယားယားတော့ မလိုက်နိုင်ပါဘူးအေ…ကျုပ်တို့က လက်လုပ်လက်စားတွေလေ…ညည်းတို့ပဲ သွားကြပါအေ..ကဲကဲ နောက်ကျနေပြီ သွားတော့မယ်နော်။
သင်းကြည့်ရဲ့ အပြုံး အကြည့်တွေကို ကျုပ်ကပဲ စာဖတ်တတ်သူမို့ နှစ်ယောက်သား အသံတိတ်စစ်ခင်းတာ ဘယ်သူမှမသိလိုက်ဘူး။
အဲသည်နေ့ကတော့ ငါးစမ်းသာတောင် သိပ်မရလိုက်ပါဘူး။ အမေကတော့ ညည်း ဒီနေ့ဘာဖြစ်နေတာလဲလို့ မေးယူရတဲ့အထိ။ ငါးကလည်း ထင်သလောက်မရပါဘူး။ သားအမိနှစ်ယောက်ပေါင်းမှ ၂ပိသာခွဲတောင် အနိုင်နိုင်။ ဒါပေမယ့် ရတနာပုံကိန်းဆိုက်ခဲ့တာတော့အမှန်။ သားအမိနှစ်ယောက် ကျိတ်ကျိတ်နှင့် မိအေးမသိအောင် ၀ှက်ယူခဲ့ရတာ။ အထဲမှာ ဘာတွေရှိမှန်းမသိပေမယ့်လို့ တစ်ခုခုရှိခဲ့ရင်များ ဆိုတဲ့ အတွေးနှင့် သားအမိနှစ်ယောက်လုံး ပျော်တစ်ပြုံးပြုံး။ သည်နေ့ ငါးမရလည်း ကျုပ်ကတော့ မထူးဆန်းဘူး။ အစက အမေက မျက်ရိပ်ပြပြီး ခေါ်တော့ ကျုပ်က ဘာမှသိတာဟုတ်ဘူး။ အနားရောက်မှ အမေက
ဟဲ့ ဗေဒါ မိအေးကိုလှမ်းမခေါ်နဲ့ ဒီမှာ ဘာလေးလဲမသိဘူး။
အမေပြတော့ ကျုပ်တောင်ယောင်သိ ယောင်နဖြစ်ရတဲ့ အထိ။ အိုးလေးတစ်လုံး။ ဘာအိုးလေးမှန်းတော့မသိ။ ပုံစံက ကျုပ်တို့ အတာကြိုတဲ့ အိုးလိုလို။ ရွံ့တွေနဲ့ဆိုတော့ မသဲကွဲဘူး။
ဘာအိုးလေးလည်း မသိဘူးအမေ။
အေးဟဲ့ ရှေးဟောင်းအိုးလိုလို ဘာလိုလို။ လေးတော့ အလေးသားဟဲ့။
အိမ်ရောက်မှကြည့်တာပေါ့ အမေ တော်ကြာ မိအေး မြင်သွားရင် အခက် မိအေး ပါးစပ်က မောင်း။ 
ဟုတ်လည်း ဟုတ်တယ်။ မိအေးကို တစ်ရွာလုံးကတော့ ကြောက်ကြတယ်။ ဘာလေးပဲဖြစ်လိုက်ဖြစ်လိုက် မိအေးသိလို့ကတော့ မောင်းကမှ ထုတာနောက်ကျဦးမယ်။ သူက တစ်ရွာလုံးလှည့်ပြောပြီးပြီ။ ဒါနဲ့ ထန်းခေါက်တောင်းထဲ အသာဝှက်ပြီး
မိအေးရေ…။
ဟေ..။
ပြန်ကြရအောင်..ဟယ်။
ဟဲ့..အစောကြီးရှိသေးတယ် ပြန်တော့မလို့လား ခါတိုင်းတော့ အတော်လောဘဇောတိုက်နေတဲ့ သားအမိ ထူးလှချည်လား ..ဟဲ့။
ငါးလည်း သိပ်မရတော့ စမ်းရတာ ခါးကိုက်တယ်အေ့။
(၇)
ဒါဆိုလည်း ပြန်နှင့်လေ။
အေး ညည်းကကော။
ပြန်မှာ…ဘယ်သူအရင်ပြန်မယ်ပြောလည်း စောင့်နေတာ။
ကောင်မ…ကျုပ်က ဆက်စမ်းမယ်မှတ်လို့။
အိမ်ရောက်မှ အဖေကိုပြပြီး အိုးလေးကို စစ်ကြည့်ရဦးမယ်။ ရွှေအိုးလေးဖြစ်လိုက်ရင်တော့လား။ သင်းကြည့်မျက်နှာကို ပြေးမြင်မိတယ်။ နောက် ဆိတ်ငါးကောင် စက်ဘီးလေး။ အို ဟုတ်သေးပါဘူး။
မုန့်ဆီကြော်က ဘယ်နားနေမှန်း မသိဘူး ၊ နုတ်ခမ်းနာနဲ့ တည့်ပါ့မလားလို့ ကျုပ်တွေးရာကြမလား။ ရွှေအိုးလေး သာ ဖြစ်လိုက်စမ်းဟဲ့လို့ ကျုပ်က ကျိတ်ဆုတောင်းနေမိတော့တာပေါ့။
အိမ်ကိုရောက်တော့ အဖေကမရှိဘူး။ အရေးဆို ဘယ်ကိုသွားနေမှန်းကိုမသိဘူး။
ကျုပ်ကတော့ အဖေ့ကို ထိုင်စောင့်နေတာ ကျုပ်တော့ စိတ်မရှည်ချင်တော့ဘူး အမေ။
ဟဲ့ ညည်းက ဘာလုပ်မလို့တုန်း။
အိုးကရွံ့တွေနဲ့ဆိုတော့ ကျုပ်ရေဆေးလိုက်ဦးမယ်။
 ရေညှိတွေနဲ့မို့ အိုးခြမ်းပဲ့နဲ့တိုက်ကြည့်လိုက် ရေဆေးလိုက်နဲ့ လက်ကို အန်သေရော။ တစ်ချက်မှာတော့ အိုးခြမ်းပဲ့နဲ့ အတိုက်မှာ မျက်စိထဲ ၀င်းခနဲ။ ကျုပ်လည်း ၀မ်းသာ အားရနဲ့။
အမေရေ.. အမေ လာကြည့်ဘာဦးတော့။
ဟဲ့ အလန့်တကြားနဲ့ ဘာတုန်းဟဲ့။
ဒီမှာလေ  ဒီနားကိုကြည့် ။ အမေက ပြူးပြဲကြည့်တယ်။
ဟယ် ..။
ကျုပ်တို့တော့ ရွှေအိုးရပြီထင်တယ်။ ကျုပ်ရဲ့ ၀မ်းသာ အားရအသံ။
ဟုတ်ချင်မှလည်းဟုတ်မှာပါအေ။
ကျုပ်တို့က ရွှေဆိုတာကို သူများတွေ ဆွဲတာကိုပဲမြင်ဘူးတာ။ အမေ့နားမှာလည်း နားပေါက်ကဟောင်းလောင်း။ ဘယ်အချိန်ကတည်းက နားကပ်မရှိတာလည်းတော့ မသိဘူး။ နားပေါက်တောင် ပိတ်ချင်နေပြီ။
ငါကလည်း ရွှေကို တစ်ခါတည်းဝတ်ဖူးတာ။ ညည်းအဖေနဲ့ရကတည်းက ရွှေမပြောနဲ့ ကြေးတောင်ကပ်တာမဟုတ်ဘူးလို့ ပြောဖူးတယ်။  ဟော လာပါပြီ။
အဖေရေ..အဖေ့။
ဟ ဘာတုန်းဟ မြင်မှ ကုန်းအော်နေတာ ဘာတုန်း။
ဒီမှာလာကြည့်အဖေ ကျုပ်တို့ ငါးစမ်းရင်း အမေရေထဲက စမ်းမိလို့ ရလာတာ ဘာအိုးလေးမှန်းမသိဘူး။
ပြစမ်း.။
အဖေက ဆတ်ခနဲ့ လှမ်းယူပြီးကြည့်တယ်။
ဒီနားကိုကြည့်အဖေ..။
ဘယ်နားကိုလဲ။
ဒီနုတ်ခမ်းနားကိုလေ အဖေရဲ့။
ဟ…ဒါရွှေအိုးဟ..။
ရွှေအိုးတဲ့။
ဟုတ်လို့လား အဖေရယ်။
သေချာလည်းကြည့်စမ်းပါဦးတော်
အမေက၀င်ပြောတယ်။
ဟုတ်တာပေါ့ မယ်တင်ရဲ့
 ဒါဆိုရင်တော့ ပွတာပဲ။
သေချာအောင်တော့ မတ်ကျောက်တင်ကြည့်ရမယ်။ မနက်ဖြန် သာစည်ကို တက်မယ်။ တိုးတိုးတိတ်တိတ်လည်းနေကြဦး။
(၈)
ရွာကျော်လို့ လူဝိုင်းနေဦးမယ်လို အဖေကမှာတယ်။ သင်းကြည်ရေ ဘုံလုံတစ်လှည့် ငါးဖျံတစ်လှည့်ပါအေ လို့ စိတ်ထဲက မဆီမဆိုင် ကြုံးဝါးလိုက်မိသေးတယ်။ အဲသည်နေ့ ငါးလည်းရောင်းတော့ဘူး။ အိမ်မှာပဲ ချက်ဖို့ဖယ်ထားပြီး ကျန်တာတွေကိုတော့ ဆားနှယ်ပြီး ငါးဆားနှယ်လုပ်ထားလိုက်တော့တယ်။
မနက်ဖြန်ဆိုတာကြီးကလည်း ရောက်ဖို့ ကြာလိုက်တာ။ သည်ညကျမှ ညတာကလည်းရှည်နေသလိုပဲ။ အိပ်ယာထဲမှာ ဟိုဖက်လှည့်လိုက်၊ သည်ဖက်လှည့်လိုက်နဲ့ ကျုပ်အောက်က ၀ါးကပ်ကြမ်းက ကျွိကျွိနဲု့မြည်နေတော့တာ။ ခေါင်းရင်းက အမေ့ရဲ့ သက်ပြင်းချသံကလည်း စည်းချက်ညီညီကို ချနေတော့တာ။ အမေလည်း အိပ်မပျော်ဘူးထင်ပါရဲ့။
ကျုပ်အောက်က မောင်တွေ ညီမတွေရဲ့ ဟောက်သံ ယောင်သံတွေကတော့ အိပ်မပျော်တဲ့ည ကျမှ နားညည်းနေသလိုပဲ။ ရွာဦးကျောင်းကလည်း အုန်းမောင်း ဘယ်တော့ခေါက်မှာပါလိမ့်။ ရွှေအိုးကြီး အမှန်တကယ်ဖြစ်ပါစေလို့ ဆုတောင်းနေရင်း မှေးခနဲ။
တုံ..တုံ..တုံ..တုံ..
အုန်းမောင်းသံ။ ဟုတ်တယ် အုန်းမောင်းသံ။ အိပ်ယာက အလူးအလဲထလိုက်တယ်။ ခေါင်းအုံးကြားက ယမ်းမီးခြစ်လေးကို နိုက်ယူလိုက်ပြီး ရေနံဆီမီးခွက်ကို ငြိလိုက်တယ်။ နောက် မျက်နှာသစ်၊မီးမွှေး၊ ထမင်းအိုးသယ်။
အဖေထတော့လေ။
ကျုပ်ကစိတ်မရှည်နိုင်တော့ဘဲ အဖေ့ကိုနိုးမိပြီ။ ရွာထဲမှာတော့ ဝေလီဝေလင်းအချိန်ဆိုတော့ လူသံ၊ ကြက်သံ၊ နွားသံတွေနဲ့ ဆူညံစပြုလို့ပေါ့။
သာစည်သွားကြရအောင် အဖေ။ ကျုပ်ထမင်းခူးလိုက်တော့မယ် အဖေမျက်နှာသစ်ပြီးရင်လာခဲ့တော့။
မိဗေဒါရယ် အစောကြီးရှိပါသေးတယ်။
ကျုပ်အတွက်တော့ မစောဘူး အဖေရဲ့ နောက်တောင်ကျနေသေးတယ်လို့တော့ မပြောတော့။ တော်ကြာ တွေ့ရာကောက်ပေါက်နေလို့ သာစည်မလိုက်ရပဲဖြစ်နေ ဦးမှာစိုးရသေးတယ်။ ခါတိုင်း သာစည်မြို့ကိုတက်ရင် ကျုပ်က ခရီးဝေးတယ်ဆိုပြီး ညည်းညူနေမိပေမယ့်လို့ ခုတစ်ကြိမ်မှာတော့ ကျုပ်က ပျော်တောင်ပျော်နေသေးတယ်။ မျှော်လင့်ချက်ရောက်ခြည်လေးကလည်း တောက်ပလို့ မဟုတ်လား။ ရွှေဆိုတာ သေချာလို့ကတော့ မိဗေဒါတို့ အိမ်အပြန် စက်ဘီးလေးနဲ့ပေါ့။ တကယ်လို့ ရွှေမဟုတ်ခဲ့ရင်ကော။ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ ကျုပ်ပါးစပ်တောင်ရေကျင်းလိုက်ချင်တယ်။ သည်နေ့တော့ ပိုက်ဆံကုန်ချင်ကုန်ပါစေ။ ထောင်ကိုမြင်နေမှတော့ ရာကိုလည်း စွန့်ရတော့မှာပေါ့။ ဒါနဲ့ပဲ ညောင်တိုရွာကိုရောက်တော့ မြင်းလှည်းငှားလိုက်တယ်။ သာစည်ကိုမြန်မြန်ရောက်ချင်လှပြီ။
ရွှေဆိုင်ကိုရောက်တော့ အဖေက အိုးလေးကိုပြကြည့်တယ်။ ဆိုင်ရှင်က ပထမတော့ အိုးလေးကို ညစ်ပတ်နေလို့ မကိုင်ချင်သလိုလိုလုပ်နေသေးတယ်။ အိုးနူတ်ခမ်းကို တွေ့လိုက်ချိန်မှာတော့ မျက်လုံးက အရောင်တွေကိုတောက်လို့ပေါ့။ ကျုပ်လည်း ရင်တွေခုန်ပြီး လှိုက်လှိုက်မောမောဖြစ်လို့။ အဖေက
ရှေးဟောင်းပစ္စည်းလေးပါ ကျုပ်တို့ ဘိုးဘွားပိုင်ဆိုတော့ သေချာချင်လို့ တစ်ချက်လောက်တော့ စစ်ပေးစမ်းပါ။ ဆိုင်ရှင်က သေသေချာချာကြည့်တယ်။
ဒါကို ရောင်းမှာလား။
ရောင်းတော့ရောင်းမှာ။ အဖေကတော့ မူနေပြန်ပါပြီ။
ကျွန်တော်ဆိုင်မှာပဲ ရောင်းခဲ့ပါ..ခုရွှေဈေးနဲ့တွက်ပေးပါ့မယ် ခင်ဗျားတို့အတွက်မနစ်နာစေရပါဘူး။
အဖေ့ မျက်နှာမှာလည်း ကျုပ်လိုပဲ ၀မ်းသာနေတဲ့ အရောင်တွေကို တစ်ဖျက်ဖျက် လက်လို့။ ကောင်းလိုက်သည်ဖြစ်ခြင်းရယ်လို့ ကျုပ်စိတ်မှာအောက်မေ့မိတာပါပဲ။အဲသည်နေ့ ရွာအပြန်မှာတော့ ငွေထုပ်ပိုက်ပြီး ကျုပ်နဲ့ အဖေ ရတနာပုံဆိုက်ခဲ့တယ်လေ။ ကျုပ်က စက်ဘီးလေးတစ်စီးလောက်ဝယ်ပြန်ချင်ပေမယ့်လို့ ချက်ချင်းလက်ငင်းကြီးထ၀ယ်ရင် ရွာက မေးငေါ့အံ့သြကြမှာစိုးလို့ ကျုပ်အဖေက နောက်မှဝယ်ပါပြောတယ်။ ဟုတ်လည်း ဟုတ်လောက်ပါတယ်။ လက်လုပ်လက်စားတွေကနေ စက်ဘီးတစ်စီးထ၀ယ်နိုင်လောက်အောင် ကျုပ်တို့ လက်ထဲ ငွေမရှိမှန်း သိကြတော့ ဘယ်ငွေရလို့ သည်ကောင်မက စက်ဘီးဝယ်နိုင်ရတာတုန်းလို့ အတင်းအဖျင်းတွေကြားနိုင်ကောင်းနိုင်ရဲ့လေ။ ဒါပေမယ့်လို့ လူ့ပါးစပ်ဆိုတာကလည်း အခက်သားမဟုတ်လား။
(၉)
ဗူးပေါက်တစ်ရာကို ပိတ်လို့ရနိုင်ပေမယ့် ပါးစပ်ပေါက်တစ်ပေါက်ကို ပိတ်ဖို့ရာ ခက်တယ်ဆိုတဲ့အတိုင်း အမေ့ရဲ့လုပ်ပုံက ရွာထဲမှာ ဗေဒါတို့ သားအမိ ငါးစမ်းရင်း ရွှေအိုးစမ်းမိလို့တဲ့တော့် ဆိုတဲ့သတင်းက ရွာထဲမှာ ရေပန်းအစားဆုံး သတင်းအဖြစ် ပျံ့လို့နေနှင့်ပြီဆိုတာ ကျုပ်တို့ သားအဖ ယောင်လို့မှ မတွေးမိကြ။
ရွာကို ၀င်ဝင်ချင်းပဲ မေးလိုက်မြန်းလိုက်ကြတာ ရေပက်လို့ဝင်မယ်မထင်ဘူး။ ကျုပ်တို့ အိမ်လေးထဲမှာတော့ မေးသူမြန်းသူတွေ စည်သလားတော့မမေးနဲ့ ကြည့်ချင်ပွဲရှိနေသလားတောင်အောက်မေ့ရတယ်။ ဒိုင်ခံပြီး မေးသမျှကိုဖြေနေတာကတော့ အမေရယ်လေ။ ကျုပ်အဖေကတော့ အမေ့ကို တိုးတိုးကျိတ်ကျိတ်နဲ့ ကြိမ်းရှာတယ်။ ပါးစပ်မလုံပဲ လျှောက်ပြောရကောင်းလားပေါ့။
ဟ မယ်တင်ရဲ့ ရွှေမဟုတ်ပဲ ကြေးဖြစ်နေရင် အရှက်တွေ ဟက်တက်ကွဲကုန်တော့မှာပေါ့ မင်းလုပ်ပုံကတော့..
လို့ အစချီပြီးပြောလိုက်တာ အမေ့ကတော့ တစ်ခွန်းမှကို မဟတော့ဘူး။
မေးကြ မြန်းကြတဲ့ အထဲမှာတော့ မိအေးက ကျုပ်ကို စိတ်ဆိုးတယ်။
ညည်းအေ ရွှေအိုးလေးရတာကိုတောင် ငါ့မပြောဘူး။ ကဲ ခုတော့ ဘယ့်နှယ့်ရှိစ ။ ညည်းတို့နဲ့ထိုက်လို့ရတဲ့ ပစ္စည်းကို ငါ့လုမယူပါဘူးအေ..တကတည်း ငါ စိတ်ဆိုးတယ်သိလား။ နောင်မတွေ့ရမယ့်သူတွေကျလို့ ငါ့ကို..
ပြောပြောဆိုဆိုနဲ့ ငိုမယ့်မယ့်ဖြစ်လာလို့ ကျုပ်မှာလေ မနည်းကြီးချော့လိုက်ရတယ်။ စိတ်ထဲမှာတော့ တေးထားလိုက်သေးတယ်။ စက်ဘီးဝယ်တဲ့နေ့ကျမှ သည်ကောင်မကို သာစည်ခေါ်ပြီး အ၀တ်တစ်စုံတော့ ချုပ်ပေးဦးမှလို့။ ဒါမှလည်း စိတ်ဆိုးတော်မူရာကနေ ပြေမှာကိုး။ သည်လို သိသွားကြတော့လည်း ကျုပ်အတွက်တော့ ကောင်းတာပဲ။
နေချင်းညချင်း ကျုပ်တို့မှာ တောက်ပလိုက်တာ အမေ့နားမှာလည်း ခြယ်နားကပ်တစ်ရံကပ်နိုင်ပြီ။ အဖေ့အတွက်တော့ ကိုယ်ပိုင် ယာခင်းစိုင်ခင်းလေး (၃)ဧကလောက်ကို ပိုင်ဆိုင်နိုင်ပြီ။ ကျုပ်မောင်တွေ ကျုပ်ညီမတွေလည်း ၀တ်ကောင်းစားလှတွေနဲ့ လူရာဝင်နိုင်ပြီ။ ကျုပ်မှာလည်း စုတ်ရော လာဘ်ရောဝင်တယ်လို့ပြောလို့ရနိုင်တယ်။ စက်ဘီးလေး တစ်စီးပိုင်နိုင်ပြီး အရင်ကလုပ်နေကျ ဈေးရောင်းတဲ့အလုပ်ကို မြန်မြန်ဆန်ဆန်လုပ်နေနိုင်ပြီမဟုတ်လား။ ခုတလောလည်း ကိုနိုင်ကြီးရဲ့ ကျုပ်အပေါ်မရိုးသားမှုတွေကို ကျုပ်ကလည်း ရိပ်မိတယ်။  သည်လို နေချင်းညချင်း ကြီးပွားလာတာကို မရှုဆိမ့်နိုင်တာကတော့ သင်းကြည်။ စက်ဘီးတစ်စီးရကတည်းက သင်းကြည်အိမ်ရှေ့ လမ်းသလားနေတဲ့ ကျုပ်ကို သင်းကြည်မပြောနဲ့ မိအေးတောင်မျက်စိနောက်နေပြီ။
ညည်း ဘယ်အငြိုးနဲ့ သင်းကြည်အိမ်ရှေ့ကို လူးလားခေါက်ပြန် နင်းနေရတာလဲ..ပြောစမ်း ငါ့ကို။
မိအေးက မေးလာတော့ ကျုပ်ရဲ့ ရင်ထဲက အစိုင်အခဲတွေကို ပြောပြရတယ်။ အဲဒါပဲ..။
ခုလည်း ညည်း ခေါင်းပေါ်ကပြန်ကြည့်နိုင်နေပြီပဲအေ..ထားလိုက်တော့..အငြိုးထားတာ ကောင်းပါဘူးအေ…။. ကျေနိုင်ပါဘူးအေ…သင်းကြည်နဲ့က ဇာတ်လမ်းမပြီးသေးဘူး။
ကျုပ်ကတော့ မွှေးမိသည့် မီးကို ပြန်ငြိမ်းဖို့ရာ ကိုနိုင်ကြီးကို ငါးစာချရတော့မှာပေါ့။ ဒါမှ အဆုံးသတ်က သင်းကြည်လုံးလုံးကြီး ရှုံးတော့မပေါ့။ စိတ်ကူးတွေနဲ့ ရူးတယ်ဆိုတာဒါမျိုးပေါ့။ ဒါပေမယ့်လို့ စိတ်ထဲမှာတော့ ပူးလောင်သလိုလိုတော့ အရှိသားရယ်။
သင်းကြည်ရဲ့ အတင်းအဖျင်းတို့ကလည်း တောမီးလောင်သလိုမျိုး ကျုပ်ရဲ့နားထဲကို မိအေးက သယ်ဆောင်လာပေးတယ်။
ညည်းသိလား။
ဟဲ့ ဘာတုန်း..စကားကို အစမရှိ အဆုံးမရှိ ညည်း လင်ဆုံးလို့လား။
ဟဲ့ ပေါက်ကရ မသာမရယ် ယောကျာ်းကဖြင့်မရသေးဘူး ဆုံးရတော့မယ်လား..ဒီမယ် ငါပြောမလို့.။
မိအေးက တော့ မောင်းဆိုမှ မောင်းပဲလို့ ကျုပ်ကတွေးလိုက်ရင်း..ပြော လို့ ဆိုလိုက်တယ်။ သင်းကြည်အကြောင်းပြောမလို့ဟဲ့။
ကျုပ်ခါးတို့ မတ်ခနဲ။ သင်းကြည်က ကျုပ်ကိုတော့ သည်ရွာမှာ ကိုင်လှုပ်နိုင်ဆုံးသောသူလေ။
ပြောနေလိုက်တာများ ညည်းကို ရစရာကိုမရှိဘူး…ဘာတဲ့ လူမစွမ်းလို့ နတ်မတာများ အဟုတ်မှတ်လို့ ပလွှားနေလိုက်တာ ရွာကို ထမီနဲ့ ယမ်းမယ့် အတိုင်းပဲတဲ့..သင်းကြည်တို့က ခွေးလေးခုန်လို့ ဖုန်မထနိုင်ပေါင်..မစားရခမှန်း သူဖုန်းစား သာသာသူတွေကို လိုက်တုနေလို့ကတော့ သင်းကြည်တို့ ရာဇ၀င် နှိမ့်ကျတော့မှာပေါ့…ဒီမယ် ညည်းတို့ ကြည့်နေ ဗေဒါဆိုတဲ့ ကောင်မကို ငါ ရေမျှောပြမယ်တဲ့။
(၁၀)
ကျုပ်ထင်တာ မလွှဲလောက်ဘူးဆိုရင် မိအေးကြားအောင်  သင်းကြည် တမင်သက်သက်ပြောလိုက်တာ ဖြစ်ရမယ်။ မိအေး..ညည်းပြောတာ အမှန်တွေနော်.။
ငါ ညည်းကို ၀ါပါ့မလားအေ.. ဘုရားပေးပေး ကျမ်းပေးပေး.။ ညည်းကို သူတို့တွေ သည်လိုပြောနေတာ ငါက ကြားထဲကမခံနိုင်လို့ လာပြောရတာပါအေရဲ့..။
တွေ့ကြသေးတာပေါ့။ လူမစွမ်းလို့ နတ်မ..ရတယ်တဲ့လား။ ခွေးလေးခုန်လို့ ဖုန်မထဘူးတဲ့လား။ သူဖုန်းစား သာသာ သူတွေတဲ့လား။ သင်းကြည်ရယ် ညည်းကြည့်စမ်းလှည့်ပါဦး။ မိဗေဒါတို့ လုပ်ချက်ကျမှ ခွေးလေးခုန်ုလို့ ဖုန်မထတဲ့ကောင်မ…ရင်တွင်း သည်းတွင်း အူနုကျွဲခတ်စေရမယ်။ လူမစွမ်းလို့ နတ်မတယ်ဆိုတဲ့စကားကို ..ညည်းပြောနှင့်ဦးပေါ့။ ငြိမ်သက်နေတဲ့ကျုပ်ကို မိအေးက လက်တို့တယ်.
ဟဲ့ ညည်း ဘာတွေစဥ်းစားနေတာလဲ။ ကျုပ်ရဲ့ စူးရဲ့ ခတ်ထန်သွားတဲ့ ပုံကို မိအေးကကြည့်ရင်း
ကောင်မ အရမ်းတော့ သွားမချဲနဲ့နော်.. ။ ညည်း သိသင့်တယ်ထင်လို့ ငါကလာပြောရတာ.။
ကျေးဇူးပါအေ…ငါက သူု့လို ကွယ်ရာမှာ ကျိတ်ပုန်းနဲ့ လှိမ့်လုံးတွေထုတ်နေမယ့် ကောင်မ မဟုတ်ဘူး..။ ဗေဒါတဲ့ ရေထဲမှာနေပြီး အေးမယ်တော့ မထင်နဲ့။ မီးပူးလောင်ရင် မှင်လူးလို့ရသေးတယ်။ ဗေဒါမွှေးမယ့် မီးကျမှ ငရဲမီးထက်  ဆိုးစေ့ရမယ့်အေ့။
ကျုပ်ကို မီးလောင်ရာ လေပင့်လိုက်တာ သည်ကောင်မ..။ သင်းကြည်ရဲ့ မျက်နှာကို မြင်ယောင်ရင်း အဲသည့်နေ့က ကျုပ် ဘာမှမလုပ်နိုင်ခဲ့ဘူး။
သင်းကြည်နဲ့ နောက်ပိုင်း မျက်နှာကြော မတည့်ပုံများတော့ ပြောမပြချင်တော့ပါဘူး။ ကျုပ်ကလည်း အရင်ကသာ နှိမ့်ကျခဲ့ပေမယ့်လို့ ခုရေမြင့်လို့ ကြာတင့်ခဲ့ရပြီမဟုတ်လား။ ဗေဒါဆိုတာ အရင်ကလို ရိုးရိုးအေးအေး ပုံတုန်းကြီးမဟုတ်တော့ဘူး။ သနပ်ခါးရည်ကျဲအောက်မှာ အာချီမိတ်ကပ်လိမ်းတတ်လာပြီ။ မြို့ကို ဈေးရောင်းမထွက်တော့ဘဲ ရွာမှာပဲ အဖေနဲ့ယာထဲ ကိုင်းထဲမှာ လုံးပန်းရင်း အေးအေးလူလူနေတတ်ခဲ့ပြီ။ အရင်က ပုံတုန်းလှပါတယ်ဆိုတဲ့ ဗေဒါကို လက်နှီးဆုပ်လိုချောင်မှာ ထိုးခဲ့ကြသူတွေက လာပါဦး ၊ ထိုင်ပါဦးလို့ ခေါ်တတ်ကြပြီလေ။ ကာလသားတွေရဲ့ မျက်စိထဲမှာလည်း သင်းကြည်နဲ့ အပြိုင်နေရာပေးတတ်လာကြပြီ။ ပြောရရင်တော့ ဗေဒါဆိုတာ ရေမှာပျော်ရပေမယ့်လို့ မြစ်ကမ်းပါး ချောင်းကမ်းပါးက လိုချင်လွန်းလို့ မျှော်နေကြရတဲ့ ဘ၀ကိုရောက်ခဲ့ပြီ။
တစ်ရက်မှာတော့ ရွာထိပ်မှာ ကိုနိုင်ကြီးနဲ့တွေ့တယ်။
ဗျို့.. ကိုနိုင်ကြီး ဘယ်သွားမလို့တုန်းတော့..။
..ဟ..ဗေဒါပါလား..ကိုနိုင်ကြီးကို ခေါ်ဖော်ရသေးတယ်နော်…။
အို..ကျုပ်က ခေါ်ပါတယ်..တော်တို့သာ. ရှောင်ရှောင်နေသာများ မသိကျလို့။
ဟုတ်တယ်။ ကိုနိုင်ကြီးတို့များ ဗေဒါနဲ့မတွေ့တာကြာလှပေါ့။ ရွာမှာရှိတယ်လို့ကို မထင်ရဘူး။
မရှောင်ပါဘူး ဗေဒါရယ်..ဗေဒါသာ..။
ကိုနိုင်ကြီးရဲ့ အမူအယာတွေကြည့်ရသာနဲ့တင် ကျုပ်က ရင်တော့ အဖိုသားတော့။ မိန်းမသား ကျုပ်မှာ အမြီးမပေါက်သေးတော့ ရင်က တလှပ်လှပ်။
ပြောလေ ကိုနိုင်ကြီးရဲ့ ဗေဒါက ဘာဖြစ်လဲ..။
သြော် ဗေဒါသာ ကိုနိုင်ကြီးကို စိမ်းနေသလားလို့။
ဟော်တော့ စိမ်းရပါဘူး ရှင်..။ မစိမ်းရင်လည်း ကိုနိုင်ကြီးကို ကြင်ပါလား..။
ရှင်..။
ကျုပ်ကို ကိုနိုင်ကြီးက သွယ်ဝိုက်နည်းနဲ့ လူပျို့ စကားဆိုလာပါပကော။
အို ကိုနိုင်ကြီးကလည်း ဘာမှန်းလည်း မသိဘူး.။
ကျုပ်လေ ကိုနိုင်ကြီး အနားက ဘယ်လို လစ်ပြေးလိုက်မိမှန်း မသိလိုက်ဘူး။ ဗြုန်းဆို အိမ်ကို တန်းရောက်လာသလိုပဲ။ အောင်မလေးနော် ..ရင်တွေခုန်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။ လူပုံက ရိုးမလိုလိုနဲ့။ သိပ် ဆန်းတတ်တဲ့ ကိုနိုင်ကြီး။ ဘာပဲဖြစ်ဖြစ် ကျုပ်ကို ကိုနိုင်ကြီး စိတ်ဝင်စားလို့ ဒီစကားပြောတာပေါ့။ ဒါဆို ကျုပ်က တစ်ပန်းသာပြီ မဟုတ်လား..။ ဒါကို သင်းကြည်က လူမစွမ်းလို့ နတ်မ..တယ်လို့ ပြောဦးမလား..။
(၁၁)
လူစွမ်းလွန်းလို့ ညည်းကိုလွန်ပြီ..ကျုပ်ဆီကို ဆိုက်တာပေါ့လို့ ပြောလိုက်ချင်သေးရဲ့..။ ကျုပ်ရင်ထဲမှာတော့ ဘယ်လိုပျော်နေမှန်း မသိဘူး..။ ရှေ့လ..ရွာစုပေါင်းအလှူမှာ ညည်းနဲ့ ကျုပ်တော့ တစ်ပွဲတစ်လှမ်းတော့ နွဲရချည်သေးရဲ့..။ လူရှေ့မှာ အထုပ်ဖြည်ပြီး ဒါ..ကျုပ်ရဲ့ နှင်းဆီခိုင်ကြီးပေါ့လို့ ခေါင်းထက်မှာ ပန်ပြစမ်းမယ်။
တစ်နေ့ တစ်နေ့နဲ့ ကိုနိုင်ကြီးရဲ့ ခြေလှမ်းတွေက စိပ်စိပ်လာလိုက်တာ ကျုပ်လည်း မဆွပ်ခင်က ညွှတ်ချင်နေသူဆိုတော့ ယိမ်းချင်နေတာပ..ဟိုဘက်ကမ်းတောင်လွန်တော့မယ်.။ သည်နေ့တော့ ရွာနောက်က ကုက္ကိုပင်တန်းမှာ ကိုနိုင်ကြီးနဲ့ ပက်ပင်းတိုးတယ်..။
ဗေဒါ…။
ကျုပ်ရဲ့ စက်ဘီးလက်ကိုင်လေးကိုကိုင်ရင်း ကျုပ်ကို ခေါ်တယ်..။
ရှင်..။
ကိုနိုင်ကြီးလေ..။
ပြောတော့မယ်ထင်ပါရဲ့။
ဘာဖြစ်လို့တုန်း..။
ဗေဒါကို့ သိပ်ချစ်တာပဲ..။
ပြောမယ့်ပြောတော့လည်း တည့်တိုးကြီးပါလား..။
ကိုနိုင်ကြီးကလည်း..ဗေဒါ.ရှက်တယ်။
ဗေဒါလည်း သိတယ်မဟုတ်လား။
ဘာကိုလဲ..။
ကိုနိုင်ကြီး ဗေဒါကို စိတ်ဝင်စားနေတာ..။
သိသားပဲ…။
ဒါဆို ကိုနိုင့်ကို.. အဖြေပေးတော့လေ။
အို ကျုပ်က မိန်းကလေးတော့ စဉ်းစားဦးမယ်။
အကြာကြီးတော့ အချိန်မဆွဲထားနဲ့နော်..။
 ရွာစုပေါင်းအလှူကျရင် ကိုနိုင်ကြီးကို အဖြေပေးမယ်။
ပြောပြီးသာနဲ့ ကျုပ်လေး စက်ဘီးလေးကို နင်းပြေးခဲ့တယ်…။ ကုက္ကိုပင်ကြီးရဲ့နောက်မှာတော့လူရိပ်တစ်ခု ဖျက်ခနဲပြေးသွားတာကို တွေ့လိုက်ရတယ်။
ကျုပ်မျှော်လင့်နေတဲ့ ရွာစုပေါင်းအလှူကလည်း တဖြည်းဖြည်း နီးကပ်လာတယ်။ ခုဆို အလှူအတွက် ရွာသူရွာသားတွေကလည်း စုစုရုံးရုံး။ အငြိမ့်ငှားဖို့၊ မဏ္ဍိုပ်ဆောက်ဖို့ တာစူနေကြပြီ။ ဘယ်သူကဖြင့် ကွမ်းတောင်ကိုင်မယ်။ ဘယ်သူကဖြင့် ပန်းတောင်ကိုင်မယ်။ အပျိုတွေကလည်း ရင်ခုန်လှိုက်မောစွာနှင့်မျှော်နေကြပြီ။ ကာလသားခေါင်းတွေကလည်း ကိုယ်စီကိုယ်စီ တာဝန်တွေ ခွဲတမ်းချလို့။ ရင်ခုန်နေကြတဲ့ အပျိုတွေထဲမှာလည်း ကျုပ်လည်း ပါသပေါ့။ အရင်က ဗေဒါနဲ့ ခု ဗေဒါက တူသာကျလို့။ ကျောက်တစ်လုံးကို သွေးလေလှလေဆိုသလို ကျုပ်လည်း ပြင်လေ လှလေပေါ့။ ပြောရရင် ကျုပ်ကိုယ့် ကျုပ်မြှောက်ပင့်ရာကျနေပါဦးမယ်။ ကွမ်းတောင်ကိုင်ဖို့ သင်းကြည်နဲ့ ကျုပ်က အပြိုင်အဆိုင်။ သင်းကြည်ဘက်က လှပေ့ ညွှန့်ပေ့ အ၀တ်အစားတွေ ချုပ်နေပြီလို့ မိအေးကနေတစ်ဆင့် ကျုပ်နားထဲရောက်တယ်။ ကျုပ်ကကော။ သင်းကြည်ထက်မသာရင်တောင်မှ မနိပ့်တဲ့ အ၀တ်တွေကို ကျုပ်ခေါင်းခြောက်ခြောက်နဲ့ ရွေးနေရပြီပေါ့။ အလှူရက်ကြီးကျရင် ကျုပ်က သင်းကြည်ကို အနိုင်ရမှ ဖြစ်မယ်မဟုတ်လား။ သည်ပွဲမှတော့ ကျုပ် သင်းကြည်ကို နိုင်မှာ သေချာပါတယ်။ မိအေးကတော့
ဗေဒါနော် ညည်း ရင်ထဲမှာ ဘာတွေရှိတယ်ဆိုတာ ငါသိတယ် စက်ဘီးလေးတစ်စီးနဲ့ ညည်း အငြိုးတွေထားနေတာတွေ ရပ်ပါတော့အေ…။ ဟိုကလည်း ညည်းကိုကျောချင်လို့ ဟုတ်မယ်မထင်ပါဘူး.။
အိုဘာပဲဖြစ်ဖြစ် ကျုပ်စိတ်ထဲမှာ ဒီကောင်မကို ပြန်ချိုးရမှ ကျေနပ်နိုင်မယ်။
ညည်းပြောရမှာလည်း စိတ်တော့မကောင်းဘူးအေ့။
မိအေးက သူသိပြီးသား ကိစ္စကို ကျုပ်ကိုပြောပြချင်တဲ့ပုံ။
ငါမပြောလည်း ညည်း အနှေးအမြန် သိမှာပဲ။ ဒီနှစ် ကွမ်းတောင်ကိုင်က သင်းကြည့်တဲ့အေ့။
(၁၂)
မိအေးပြောတော့ ကျုပ် သိပ်တော့ မအံ့သြမိ။ ဘာကြောင့်လည်းဆိုတော့ တစ်နေ့က ရွာတောင်ဘက်က ရေတွင်းနားမှာ မိန်းမပျိုတစ်သိုက်ပြောနေကျလိုက်တာ ကျုပ်ရောက်နေတာတောင်မသိကြဘူး။
ဒီနှစ် ကွမ်းတောင်ကိုင်ကို သင်းကြည်နဲ့ ဗေဒါ ဘယ်သူရမယ်လို့ထင်ကြလည်းအေ့..။
ငါတော့ သင်းကြည်လို့ ထင်တာပဲ။
ဗေဒါကော မဖြစ်နိုင်ဘူးလား။
သူက ဒီနှစ်မှ ထပေါက်တဲ့ ကြာပါအေ..။ မရနိုင်ပေါင်။သူ့ဟာသူ ဘယ်လောက်လှလာ လှလာ နွံထဲက ခွက်က ရွှေခွက်ဖြစ်ချင်လို့ရမလား..။
ရွာလူကြီးတွေက သူ့ပါထည့်စာရင်းတွက်နေကျလို့အေ့..။
ငါတို့တော့ သဘောမတူပေါင်..။တကယ်လို့ ဗေဒါ့ကို ကွမ်းတောင်ကိုင်ပေးရင် ငါတို့တွေ တက်ပြောရမယ်…။
အေး..ဟဲ့ ဒါတော့ ဟုတ်တယ်…ဘယ်တရားမှာလဲ..ငါတို့လည်း သဘောတူတယ်…။
အေးလေ.ရချင်းရ ငတို့ သင်းကြည်ရ ရသင့်ပါတယ်အေ…
ဗေဒါလေး သနားပါတယ်အေ….ညည်းတို့ကလဲ..ဘယ်သူရရပေါ့
ညည်းက သူ့မောင်ကို လင်လုပ်ပေါင်းနေရလို့ ဗေဒါ့ဘက်ကနာနေတာလားအေ့..
အေးဟဲ့ ..
ကျုပ်လေ နားနဲ့ဆတ်ဆတ်ကြားလိုက်ရတော့ ရင်ထဲမကောင်းလိုက်တာ။ ဒါပေမယ့် ကျုပ်က ကွမ်းတောင်ကိုင်ဖြစ်ချင်တာမှာ မဟုတ်တာ။
သည်နေ့ကတော့ တကယ့် အလှူရက်ကြီး။ ရွာသူရွာသား အားလုံးက ၀တ်ကောင်း စားလှတွေနဲ့။ မနက်ပိုင်းကို အလှူဝတ်ဆံလှည့်မယ်ဆိုပဲ။ ကွမ်းတောင်ကိုင်နေရာကို ကျုပ်မရပေမယ့်လို့ကျုပ်မှာ ၀ှက်ဖဲ တစ်ချက်ရှိနေသေးတယ် မဟုတ်လား။ အလှူရက်မတိုင်မှီ လေးငါးရက်အလိုကပဲ ကျုပ်ဆီ ကိုနိုင်ကြီးပေါက်လာသေးတယ်.။
ဗေဒါ။
ရှင်။
ကိုနိုင်ကြီးကို ပြောထားတဲ့ ကိစ္စ မမေ့ဘူး မဟုတ်လား။
 ဘယ်ကိစ္စကိုပြောတာလဲတော့..။
ဟာ ဗေဒါကလည်း ကိုနိုင်ကြီးကို အဖြေပေးမယ်ဆို။ အလှူရက်ကျရင်လေ..။
ဟွန့်..ဒါကျတော့ မမေ့ဘူး..။
မေ့ရင် ကိုနိုင်ကြီးရင်တွေကွဲမှာပေါ့။
ကိုနိုင်ကြီးကတော့ မှတ်မှတ်ရရ အစ ဖော်သွားတယ်။ကျုပ်လည်း ဘယ်မေ့လိမ့်မတုန်း။ အားလုံးသော ရွာသူရွာသားတွေရှေ့မှာ  သင်းကြည် ပါးစပ်အဟောင်းသားဖြစ်အောင် ကျုပ်က လုပ်မှာ။ စက်ဘီးတစ်စီး ၀ယ်နိုင်တာကို မဏ္ဍိုင်တိုင်တက်ပြချင်တဲ့ မိန်းမ။ ယာကလေး ကိုင်းကလေးရှိတာကို မဟာကုဋေကြွယ်သဌေးပုံဖမ်းတဲ့ မိန်းမ။ အပူမီးတွေ ဟုန်းဟုန်းတောက်နေတဲ့ရင်ကို သည်နေ့ ငြိမ်းရမယ်။
ဟော ဆိုင်းသံ ဗုံသံတွေကြားရပြီ။ လှပေ့ဆိုတဲ့ ကျောက်စိမ်းရောင် ချိတ်ထမီကို ကျော့ကျော့လေးဝတ်။ အပေါ်ကတော့ ပိုးသားကျောက်စိမ်းရောင်ဖျော့ဖျော့ ရင်ဖုံးလေးကိုဝတ်။ နောက် ပုဝါ စိမ်းနုနုလေးကို တွဲဖက်ခြုံလိုက်တော့ ဒါဗေဒါပါဆိုတောင် ဟုတ်ရဲ့လားလို့ မေးယူရမယ့်အတိုင်း။ မိအေးက ကျုပ်ကိုကြည့်ပြီး
ဗေဒါရယ် ညည်း ဒီလောက်လှမှန်း မသိရဘူး ဟယ်။ ညည်း ဒီလိုတွေဝတ်လိုက်တော့ မြို့သူအတိုင်းပါလားအေ..။
ဒါတွေနောက်ထားဦးဟဲ့။ ကျုပ်ကို ကူဦး။
ကျုပ်မျက်နှာကို မိတ်ကပ်လေး ဘာလေးဖို့ရဦးမယ်မဟုတ်လား။
ဘာလဲဟဲ့.။
ခဏနေရင် မိတ်ကပ်ပြင်ဆရာမ အိမ်လာမှာဟဲ့။
ဟောတော့ ညည်းက မိတ်ကပ်လိမ်းဦးမယ်.။
အင်းလေ..ဘာဖြစ်လဲ။
မိအေးကတော့ ကျုပ်ကိုကြည့်ပြီး ခေါင်းရမ်းရှာတယ်။
(၁၃)
ဟော ဗေဒါ လာပြီ..။
အေးအေး။
မိတ်ကပ်ပြင်ဆရာမရဲ့ လက်ရာအောက်မှာ ဘယ်ဆွဲလိုက် ညာဆွဲလိုက်နဲ့ ကျုပ်မျက်နှာ ဆေးဆိုးပန်းရိုက်ဖြစ်ရပြီ။ တစ်ဆင့်ခြင်းပြင်ဆင်ပြီးအဆုံးတော့
ညီမလေးက ကွမ်းတောင်ကိုင်လုပ်ရင်တောင်ရတာပဲ။ ဘာလို့မလုပ်တာလဲ။
ကျုပ်ကိုမရွေးလို့ပါတော်။ ရွေးလို့ကတော့ ထမင်းမစားပဲကိုနေဦးမယ်။
ဆရာမက ရယ်တယ်။
ရော့ ညီမလေး ပိုလှသွားအောင် ဒီနားဆွဲကို ဆွဲ။
လက်မှာတော့ မိတ်ကပ်ဆရာမလေး ငှားလိုက်တဲ့ လက်ကောက်ရော၊ လက်စွပ်တွေရော။ အင်္ကျီ၊ လုံချည်နဲ့လိုက်အောင်ဆိုပြီး ကျောက်စီအစိမ်းရောင်တွေပေါ့။
ဟဲ့ မိအေး။
ဘာလဲ ဟဲ့.။
လုပ်ပါဦးဟယ်..။ကျုပ် သေတ္တာထဲမှာ ပုံတော်ဖိနပ်လေး ထုပ်ပေးစမ်းပါအေ့ သွားရအောင်။
ခုကျမှ လောနေ။နေနေ ငါယူလာခဲ့မယ်။
အားလုံးပြီးဆုံးသွားချိန်မှာတော့ ကျုပ်ဆိုတဲ့ ဗေဒါဟာ ဘယ်သူပြိုင်လို့ လှပါတော့နိုင်ဆိုတဲ့ အစားထဲကလို ဖြစ်နေပြီ။ ရွာအလှူ မဏ္ဍိုပ်ကို ခြေတစ်လှမ်းကုဋေတစ်သန်းနှုန်းနဲ့ လျှောက်ရမယ်။
ဟော ရှေ့မှာ ကိုနိုင်ကြီး။ သူကလည်း ၀တ်ထားစားထားလိုက်တာ ရုပ်ရှင်ရိုက်တော့မယ်အတိုင်း။ ပိုးတွဲပုဆိုးနဲ့ ။ ကတ္တီပါဖိနပ်အကျအနစီးလို့။ ခန့်လိုက် ချောလိုက်တာ။ ကိုနိုင်ကြီးက ကျုပ်ကိုမြင်တော့ အကြာကြီးကြည့်တယ်။ အားလုံးရဲ့အမြင်မှာ ကျုပ် အတော်ကြီးပြောင်းလည်းခဲ့တာကိုး။ ဆိုင်းသံကလည်း မြိုင်မြိုင်ဆိုင်ဆိုင်သီးလို့။ တစ်သီတစ်သန်းကြီးစီထားသော လူတန်းကြီး။
အရှေ့ကို လျှောက်ပါလို့×××××အနောက်ကိုလည်း မျှော်လိုက်ရင်း××× တခွန်တိုင် ရွှေကုက္ကားနဲ့ ဘုရားလေးလေး သီချင်းသံအလိုက်နဲ့ ကျုပ်ကလည်း ရှေ့ကိုလျှောက်ရင်း သင်းကြည့်ကိုရှာရင်း။တွေ့မယ့်  တွေ့တော့ မဏ္ဍိုပ် မုဒ်ဦးရှေ့မှာ။ ကျုပ် ကြည့်နေလိုက်တာများ မျက်လုံးတောင် ကျွပ်ကျတော့မယ့် အတိုင်း။ ဘယ့်နှယ့်လည်း ညည်းထက်တော့ ကျုပ်လှတယ်ဆိုတာ မြင်ပြီမဟုတ်လားလို့ စိတ်ထဲကပဲ ပြောလိုက်တယ်။
ဟော သင်းကြည်ပါလား…ညည်းကကွမ်းတောင်ကိုင်ရတယ်ဆိုပြီ မာနကြီးနေလို့ ကျုပ်ကို မခေါ်တာလားအေ့။ ကျုပ်တို့ကွမ်းတောင်မကိုင်ရလည်း…
မိအေးက ကျုပ်ကို လက်တို့တယ်..။
မပြောနဲ့ဆိုတဲ့ သဘော။
ဘာတွေပြောနေတာလည်း ဗေဒါ.။ ညည်းသဘော ငါမသိကျလို့။ ညည်းကို ရွာက ဘာလို့ ကွမ်းတောင်ကိုင်မထားလည်း ညည်းသိလား။
မသိဘူး။ သိလည်းမသိချင်ဘူး။ 
ညည်း ဘယ်ကနေ ဘယ်လို ဒီပုံပေါက်လာသလဲဆိုတာ ညည်းကိုယ့်ညည်းသိတယ်ပေါ့။
ဒီမှာ သင်းကြည် ကျုပ်တစ်ချိန်က ဘာပဲ ဖြစ်ဖြစ် ခုချိန်မှာတော့ ကျုပ်က ကြာပဲ။
ငါကတော့ ခွေးလေးခုန်လို့ ဖုန်မထဘူးအေ့။
ဘာ..
ကျုပ်ရဲ့ ကျယ်လောင်သွားတဲ့ အသံကြောင့်ထင်တယ်။ လူတွေသတိထားမိလာတယ်။
ဗေဒါရယ် ပြိုင်သင့်မှ ပြိုင်ပါ..ခုဟာက အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုသလိုဖြစ်နေပြီ။ မ၀တ်ဖူးသာတွေ ၀တ်ပြီး ရူးမနေပါနဲ့အေ..။
သင်းကြည့်ဘက်က စကားဆုံးတော့ ရယ်ကြတယ်။
(၁၄)
မိအေးကတော့ မျက်နှာခက်ပျက်ပျက်။ ကျုပ်က
ယာလေးကိုင်းလေး နှစ်ပဲခြောက်ပြားရှိရုံနဲ့ သူဌေးရူး ရူးနေတဲ့ သူဟုတ်ဘူး။
ဘာလဲ စက်ဘီးလိုချင်လို့ စက်ဘီးရူး ရူးနေတဲ့ သူပေါ့.။
 ကျုပ်ရဲ့ အရှိုက်ကို တုတ်နဲ့ စောင့်ထိုးသလိုပဲ စူးခနဲ။ စကားဝိုင်းက တစ်ဆထက် တစ်ဆ ကျယ်လောင်လာတယ်။ ကျုပ် ဘာမှ ပြန်မပြောနိုင်အောင် ဆွံ့အသွားခဲ့တယ်။
ညည်း ညည်း..။
ကျုပ်ရဲ့လက်ဝါးက သင်းကြည်ပါးပေါ်ကို ၀ဲခနဲ။
ဟဲ့ ဗေဒါ ရပ်တော့။
ဟုတ်တယ် စက်ဘီးရူးတယ် ကျုပ်က ညည်းလို လင်တရူးတော့ မဟုတ်ဘူး..။ ညည်းမှတ်ထား ဘာတဲ့ ညည်းပြောတဲ့စကား လူမစွမ်း လို့ နတ်မ.ရတယ်ဟုတ်လား ကြည့်လေ ကျုပ်စွမ်းလို့ ညည်းဖက်မပါပဲ ကျုပ်ဖက် လွန်လာတာပေါ့..
ကိုနိုင်ကြီး  ရှင့်ကို ကျုပ်ချစ်တယ်
 ကျုပ်ရဲ့စကားဆုံတော့ သင်းကြည် ရဲ့အံ့သြတဲ့ အကြည့်။ ကိုနိုင်ကြီးရဲ့ နားမလည်တဲ့ အကြည့်။ နောက် ရွာသူရွာသားတွေရဲ့ အကြည့်။ မကြည့်ချင်ဘူး။ သည်အကြည့်တွေ။
အလှူပွဲကနေ ကျုပ်လစ်ထွက်ခဲ့တော့တယ်.။
သင်းကြည်ပြောတဲ့ စက်ဘီးလိုချင်လို့ စက်ဘီးရူးနေတဲ့ သူပေါ့ဆိုတဲ့ စကား ကျုပ်နားထဲကမထွက်ဘူး။ တကယ်ပဲ ကျုပ်ရူးခဲ့တာလား။ မပြိုင်သင့်တာကို ပြိုင်ခဲ့တာလား။ ဒါဆို သည် အ၀တ်အစားတွေ မိတ်ကပ်တွေကရော ဘယ်သူအတွက်လည်း။ အခုကျုပ်ရောက်နေတာက ရွာရှေ့ ကန်ကြီးရဲ့ ကမ်းစပ်မှာ။
မိဗေဒါ ညည်းက ရေမှာပျော်တဲ့ ဗေဒါပါအေ…အသွင်ဆန်းပြီး ကုန်ပေါ်တတ်ပေါက်လို့ ဘယ်ရပါ့မလဲ။ မလုံမလဲနဲ့ တစ်ယောက်တည်း ရင်တွင်းမီးညည်း ပဲမွှေးခဲ့တာလေ..ခုတော့ ညည်းမွှေးတဲ့မီး ညည်း ငြိမ်းမယ်ဆို။
ခု ငြိမ်းရဲ့လား..စက်ဘီးလေးတစ်စီးကြောင့်နဲ့များ ညည်းရဲ့ ရိုးလှပါတယ်ဆိုတဲ့ စိတ်..ဘာတွေဖုံးသွားခဲ့ပါလိမ့်။ ရွှေအိုး.။ ဟုတ်တယ်…။ မမြင်ဖူးတဲ့ ရွှေ။ ကျုပ်ဘာကို အပြစ်တင်ရမှန်းမသိတော့။ ကျုပ်ပါးပေါ်မှာ မျက်ရည်တွေနဲ့ပါလား။ ခု ကျုပ်နိုင်လား၊ရှုံးလား။ ရုတ်တရက် ပါးပြင်ပေါ်ကမျက်ရည်ကို ပုဝါလေး နဲ့တို့ပေးတာကို သိလိုက်တယ်။ လှည့်ကြည့်တော့ ။
ကိုနိုင်ကြီး..။
ကျုပ်လေ ကျုပ်။ 
တစ်ယောက်တည်းရှိရင်တောင် ကျုပ်အဲသည်လောက်ငိုမိမယ်မထင်ဘူး။ ကိုနိုင်ကြီးရဲ့ ရင်ခွင်ထဲကို မျက်နှာအပ်ရင်း ငိုမိတာမှ အကြာကြီး။
ဗေဒါ့ရင်ထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကိုနိုင်ကြီးနားလည်တယ် ဗေဒါ။
ဒါဆို ကိုနိုင်ကြီးခွင့်လွှတ်တယ်ပေါ့။
ဒါပေါ့ မိအေးပြောပြလို့ ကိုနိုင်ကြီးသိပြီးပြီ။  သုတ်လိုက်တော့ မျက်ရည်တွေ။
ကျုပ်လေ ပြောမပြတတ်အောင် ၀မ်းသာတယ်။ 
ကိုနိုင်ကြီးရဲ့ ပခုံးထက်မှာ မှီရင်း ဗေဒါရေ ညည်း အရင်လိုပဲ ရေမှာပျော်တော့ ကုန်းပေါ်တတ်တာ ဘယ်လောက်အနေခက်လည်း ညည်းသိပြီမဟုတ်လားလို့ ကန်ရေပြင်ထဲက ဗေဒါပန်းကိုကြည့်ရင် စိတ်ထဲက ပြောလိုက်မိတော့တယ်။
နဖူးပြင်မှာတော့ အနမ်းတစ်ပွင့် ကိုလူပျိုကချွေလို့ပေါ့..။
သော်ဇင်(လွိုင်ကော်)
၂၈-၂-၂၀၁၀
တနင်္ဂနွေနေ့
10;26AM
No comments:
Post a Comment
ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ
စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...