Saturday, January 7, 2012

ဆုတောင်း

အိပ်မပျော်နိုင်တဲ့ညမှာ
အေးစက်ခြင်းတစ်ဝက် ပူပန်မှုတစ်ဝက်နဲ့
ဝေဒနာတစ်ချို့က ခေါင်းထဲ နေရာယူတယ်..။

ရပ်တန့်သွားတဲ့ အစိမ်းရောင်လွင်ပြင်တစ်ခုလုံး
မနေ့တစ်နေ့ကလို
စက်သံတွေ မညံဘူး
ကားသံတွေ မစည်ဘူး...
ဆိုင်ကယ်သံ မကြားရတဲ့ နီကျင်ကျင် လမ်းမထက်မှာ
ကျိုးတိုးကျဲတဲ လူတွေ စိုးရိမ်စိတ်တွေနဲ့ လမ်းလျှောက်နေလေရဲ့...
ငါတို့က နေရာတစ်ခုမှာ
နားစွင့်ရုံလေးပါ....။
တစ်ချို့က မြင့်တက်သွားတဲ့ ဈေးနှုန်းအောက်မှာ ပြားပြားဝပ်လို့
ဆန်ဆီဆားဈေး မျှော်ကြည့်
ဝယ်ချင်တိုင်းဝယ်မရတဲ့ ဒုက္ခနဲ့
ဝယ်စရာ အသပြာမရှိတဲ့ ဒုက္ခ
နင်းပြားအောက်ခြေ လူတန်းစားတွေမှာ အိမ်ပြန်စရာ
လမ်းက ဘယ်မှာလဲ....။

ငါတို့ ရဲ့
အိမ်ပြန်ချိန် မမျှော်လင့်သေး
အလိုရမ္မက်ရဲ့နောက်မှာ ကပ်ငြိနေတဲ့စိတ်တွေက
မိသားစုအရေးတွေ..၊
ဇနီးမယား သား မြေးတွေ
ရည်ရွှယ်ချက်အပြည့်နဲ့ ခြေလှမ်းခါမှ
ရှေ့တစ်လှမ်းမတိုးခင်
နောက် ဆယ်လှမ်းမဆုတ်ခိုင်းလိုက်ပါနဲ့...
မျှော်လင့်ချက်ရောင်ခြည်ဆိုတာ..
စိတ်ထက်သန်တုန်း..ပိုတောက်တာပါ...။

ဟောဒီ့
အစိမ်းရောင်လွင်ပြင်က
တန်ခိုးကြီးတယ်ဆိုရင်
မှော်လို့အများက ခေါ်တဲ့အတိုင်း
ပြုစားလို့ရတဲ့ မင်းအတတ်ပညာနဲ့
အပ်ချလောင်းဆိုပြီး မန်းမှုတ်
မှော်တစ်ခွင်ရှိ လူသားအားလုံး
စိုးရိမ်ပူပန်မှုများ ကင်းဝေးစေ....။

သော်ဇင်(လွိုင်ကော်)
7th-Jan-2012


No comments:

Post a Comment

ခြေလှမ်းတွေအဲဒီမှာ ရပ်ပါ

စိုးထိတ်စရာလား။ ဟိုဝေးဝေးက အတိတ်မှာထားခဲ့သူကို ရုတ်တရက်တွေ့လိုက်တာနဲ့ နှင်းခဲတွေလို အေးစက်သွားတဲ့ဖူး အဖြစ်က ရယ်တော့ ရယ်ချင်စရာ အကောင်းသား။...